ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်သူတွေဟာ စစ်ကောင်စီရဲ့ဖိနှိပ်သတ်ဖြတ်မှုတွေကို အားပေးရာ ရောက်နေတယ်လို့ NUG ဆို
စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်သူတွေဟာ လူထုရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်သလို လူထုအပေါ် စစ်ကောင်စီရဲ့ဖိနှိပ်သတ်ဖြတ်မှု တွေကို အားပေးရာ ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်အသိပေးလိုက်ပါတယ်။
တရားမဝင်တဲ့ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ဖြစ်တည်မှုကို အတိအလင်းလက်ခံတာဖြစ်တယ်လို့လည်း NUG ကဆိုပါတယ်။
ဒါဟာ စစ်အုပ်စုအလိုကျ လိုက်ပါအသုံးတော်ခံတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်အုပ်စုကိုအားပေးအားမြှောက်ပြုရာလည်းရောက်တယ်လို့ NUG က အသိပေးပါတယ်။
စစ်အုပ်စုအနေနဲ့ တရားမဝင် ရွေးကောက်ပွဲကို လူထုဆန္ဒနဲ့ဆန့်ကျင်ပြီး အတင်းအကျပ် ပြုလုပ်လို့ အဲဒီရွေးကောက်ပွဲတွေကနေ ထွက်ပေါ်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ၊ လွှတ်တော်တွေ ဟာ လူထုကို ကိုယ်စားပြုမှာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ ရုပ်သေး တွေသာဖြစ်မယ်လို့လည်း NUG က ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်။
NUG အစိုးရအနေနဲ့တော့ စစ်အုပ်စုလက်အောက်ခံအဖွဲ့တွေ ၊ အလိုတူအလိုပါအဖွဲ့တွေ ၊ အားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ကတဆင့် သတိပေးတာတွေ့ရပါတယ်။
လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲဥပဒေဆိုပြီး ပြဌာန်းလိုက်ကာ မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းမယ်လို့ခြိမ်း ခြောက်ထားတာရှိပါတယ်။
နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်မည့် ပါတီများ အနေဖြင့် မတ်လ (၂၈) ရက် နောက်ဆုံးထားကာ ပါတီမှ တ်ပုံတင်ခွင့် ပြန်လည်လျှောက် ထားကြရန် စကစ သတ င်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၂၆) ရက်က စစ်ကောင်စီက အ သစ်ပြဌာန်းလိုက်သည့် ပါတီမှတ်ပုံတင်ခွင့် ဥပဒေအသစ်အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်လိုသည့်ပါတီများအနေဖြင့် ရက်ပေါင်း (၆၀) အတွင်း မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားရမယ်လိ့ု ပြဌာန်းထားတာဖြစ်ပါတယ်။
ယခင် နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ မှတ်ပုံ တင်ထားသည့် နိုင်ငံရေးပါတီပေါင်း (၉၀) ကျော် ရှိရာ လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်ပြန်လည်လျှောက် ထားသည့်ပါတီ (၂၃) ပါတီသာရှိသေးကြောင်း စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရသိရပါတယ်။
အဆိုပါ မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားတဲ့ ပါတီ (၂၀) ကျော်မှာ ပြည်ထောင်စု တစ်ဝန်းလုံးအနေဖြင့် ရပ်တည်ရန် လျှောက်ထားသည့်ပါတီ (၅) ပါတီသာရှိကြောင်းလည်းသိရပါတယ်။mizzima