သံတောင်ကြီးမြို့ ရေပူစမ်းစစ်ကောင်စီတပ်စခန်းကို KNU ပူးပေါင်းတပ် တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ (၁၆) မိုင်ရှိ ရေပူစမ်းစစ်ကောင်စီတပ်စခန်းကို KNU လက်အောက်ခံ KNLA ပူးပေါင်းတပ်တို့က သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သော ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြော သည်။
KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့ (၁၆) မိုင်ရှိ ရေပူစမ်း စစ်ကောင်စီတပ်စခန်းအား KNLA တပ်မဟာ (၂) ၊ KNLA ၊ ALPHA ONE Drone အဖွဲ့နှင့် PDFများ ပါဝင်သော ပူးပေါင်းစစ်ကြောင်းက ယမန်နေ့ မတ်လ ၁၅ ရက်နေ့တွင် ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ကြခြင်း ဖြစ်သည်။
တစ်နာရီခန့်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိပိုင်း အပါအဝင် တပ်သား ငါးဦးထက်မနည်း သေဆုံးမှုရှိပြီး ထိခိုက်ဒဏ်ရာရသူ များပြားကြောင်း ALPHA ONE Drone အဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက ပြောသည်။
“သံတောင်ကြီးမြို့ (၁၆ )မိုင် ရေပူစမ်း စစ်ကောင်စီစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ တာပါ။ တိုက်ပွဲက မနက် ၇ နာရီ ၁၅ မိနစ်မှာ စဖြစ်တယ်၊ စစ်ကောင်စီဘက်က အနည်းဆုံး ငါးယောက်ကျတယ်၊ အရာရှိပိုင်းထဲက ပါမယ်၊ အတွင်းလူနာတွေတော့ ရှိတယ်။” ဟု ALPHA ONE Drone အဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံ ဘဦးကြီးက မဇ္ဈိမကို ပြောသည်။
ဒေသခံတစ်ဦးကလည်း စစ်ကောင်စီတပ်ဘက်က ၎င်းတို့၏ ထိခိုက်သေဆုံးသူများအား နံနက် ၁၁ နာရီဝန်းကျင်တွင် ကားနှစ်စီးဖြင့် လာရောက်သယ်ထုတ်သွားကြောင်း မဇ္ဈိမကို ပြောသည်။
“၁၁ နာရီလောက်မှာ ကားနှစ်စီးနဲ့ တောင်ငူဘက်က တက်ပြီး ပြန်သယ် သွားပါတယ်၊ တိုက်ပွဲပြီးတော့လည်း သူတို့လက်နက်ကြီးတွေနဲ့ ရမ်း သန်းပစ်ပါသေးတယ်” ဟု မျက်မြင်ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်ကို မဇ္ဈိမအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
တိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်က အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ဦးတည်ရာမဲ့ ၁၀ ချက်ထက်မနည်း ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲများ ခေတ္တငြိမ်နေ၍ နေရပ်သို့ ပြန်နေရန် စီစဉ်နေသော ဒေသခံအချို့သည်လည်း ယမန်နေ့ တိုက်ပွဲနောက်ဆက်တွဲ စွန့်ပစ်ထားခဲ့ရသော နေအိမ်များ မီးရှို့ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
သံတောင်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်အတူ ဒေသခံနေအိမ် ၂၀ ကျော်နှင့် ဆိုင်ကယ်ငါးစီး၊ ကားတစ်စီး မီးရှို့ဖျက်ဆီး ခံထားရကြောင်း သိရသည်။mizzima