အာဆီယံ ဘုံသဘောတူညီချက်များ ၂ နှစ်နီးပါး ကြာသည်အထိ တိုးတက်မှုမရှိ၊ အချိန်ယူဦးမည်ဟု အာဆီယံ ဥက္ကဋ္ဌပြော

မြန်မာ့အကျပ်အတည်းကိုဖြေရှင်း အစုအဖွဲ့အသီးသီးနှင့် ဆွေးနွေးမှုများပြုလုပ်နေသော်လည်း အချိန်ယူရမည်ဟု အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုကပြောကြောင်း The Straits Times (ST) သတင်းတွင် ဖော်ပြသည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုနှင့် ST တို့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောသွားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း အခြေအနေများ ရှုပ် ထွေးနေသော်လည်း တိုးတက်ကောင်းမွန်လာရန် အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက အစွမ်းကုန်ကြိုးစားသွားမည်ဟုလည်း ဂျိုကိုဝီဒိုက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ဦးစားပေးအစီအစဉ်မှာ စစ်ခေါင်းဆောင် သဘောတူထားသည့် အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အ ထည်ဖော်ရန်ဖြစ်သည်ဟုလည်း အင်ဒိုသမ္မတက ဆိုသည်။
“ကျွန်တော်တို့လုပ်နေပါတယ်၊ အလုပ်တော်တော်များများကို နောက်ကွယ်ကနေလုပ်နေပြီး ဆက်လုပ်နေပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့သည်။ ထိုသဘောတူညီချက်များတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာမှု အကူအညီများပေးရန် စသည့် အချက်များပါဝင်သည်။
ထိုအချက်များလိုက်နာရန် စစ်ခေါင်းဆောင်က သဘောတူထားသော်လည်း ၂ နှစ်နီးပါး ကြာမြင့်သည်အထိ ဖြစ်ပေါ်တိုးတက်မှုများ မတွေ့ရဘဲဖြစ်နေသည်။ နိုင်ငံအတွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပေါ်နေသလို တွေ့ဆုံဆွေးနွေးမှုများ ပေါ်ပေါက်လာခြင်းမရှိဘဲ သန်းနှင့်ချီသည့် စစ်ရှောင်ဒုက္ခသည်အရေအတွက် များပြားလာကာ ထိုသူများကိုလည်း ထိရောက်သည့် အကူအညီများ မပေးနိုင်သေးပေ။
၂၀၂၂ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌဖြစ်ခဲ့သည့် ကမ္ဘောဒီးယားနိုင်ငံသည်လည်း မြန်မာ့အကျပ်အတည်းကို ဖြေရှင်းပေးနိုင်ခင်းမရှိခဲ့ဘဲ ဥက္ကဋ္ဌသက်တမ်းသာ ကုန်ဆုံးသွားခဲ့သည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဟောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်သည် မြန်မာ့အရေး ဖြေရှင်းရန် “မှော်အစွမ်းမရှိ” ဟု ဆိုခဲ့သလို “နွားက မဆွဲဘဲ ထွန်မရွေ့နိုင်” ဟု အကြိမ်ကြိမ် ညည်းတွားခြင်းဖြင့်သာ အလှည့်ကျ ဥက္ကဋ္ဌသက်တမ်း ကုန်ဆုံးသွားခဲ့သည်။
ယခုတစ်ဖန် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက ယင်းတာဝန်ယူချိန် ၃ လနီးပါး ကြာမြင့်လာချိန်တွင် မြန်မာ့အရေးဖြေရှင်းရန် အချိန်ယူဦးမည်ဟု ထပ်မံဆိုသည်။myanmar now