Monthly Archives: Mar 2023

ပေါက်မြို့နယ်တွင် ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်

မကွေးတိုင်း ၊ ပေါက်မြို့နယ် ၊သနပ်ပင်ဇင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“စစ်ကောင်စီဘက်က ခုနစ်ယောက် ရှစ်ယောက်လောက် ထိခိုက်တယ်လို့ သိရပါတယ်။ အတိအကျကတော့ တိုက်ပွဲဖြစ်နေဆဲမို့ မစစ်နိုင်သေးပါဘူး နေအိမ် နှစ်လုံးကိုတော့ မီးရှို့သွားပါတယ်” ဟု ၎င်းကပြောသည်။

ယင်းနေ့ နံနက် ၇ နာရီမှ ၁၂ နာရီထိ တိုက်ပွဲကြာချိန် ငါးနာရီခန့် ကြာမြင့်ခဲ့ပြီး အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေကြောင်းပစ်ကူများ ရောက်လာပြီး ၃၅ မိနစ်ခန့် ပစ်ခတ်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း တပ်ရင်း (၇၀၃) မှ တာဝန်ရှိသူက ပြောသည်။

“ ရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှာ အထိအခိုက်မရှိပါဘူး၊ နေအိမ်တွေ ပျက်စီးတာလည်း မရှိပါဘူး “ ဟု ၎င်းကပြောသည်။

ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၅ ရက်ညနေပိုင်းတွင် သနပ်ပင်ဇင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး ပျူစောထီးဆိုသူ များ အများစုနေထိုင်သည့် ကုက္ကိုစုကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း တပ်ရင်း (၇၀၃) ထံမှ သိရသည်။

“ဒီနေ့ (မတ်လ ၁၇ ရက်) မနက်မှာတော့ နောက်ဆုတ်သွားတဲ့စစ်ကြောင်းဟာ တင်ငုတ်ပြင်ရွာကို ပြန်ဝင်ဖို့ ပြင်နေပါတယ်” ဟု တပ်ရင်း (၇၀၃) မှ တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်များသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သနပ်ပင်ဇင်း၊ အင်းတိမ်၊ တင်ငုတ်ပြင်၊ ညောင်ရေးတဲ ၊ ညောင်ပင်တိုက် စသည့်ကျေးရွာ ငါးရွာကို စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေကြောင်း ၎င်းက ဆက်ပြောသည်။

“အခုဆိုရင် အနည်းဆုံး စစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ဒီရွာ ငါးရွာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပါတယ်။ ရွာသားတွေကိုတော့ ဘေးလွတ်ရာပြောင်းရွှေ့ပေးထားပါတယ် “ ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ပေါက်မြို့နယ် မြိုင်မြို့နယ်များတွင် အင်အားသုံး ထိုးစစ်ဆင်နေကြောင်း အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)ထံမှ သိရသည်။ mizzima

မိုးညှင်း၊ နန့်မွန်းတောင်ပေါ်တွင် စစ်သားများလိုက်ပါသည့်ကားများကို မိုင်းဆွဲ တိုက် ခိုက်မှု ကားတစ်စီး မီးလောင်ပျက်စီးပြီး စစ်သားသေ ဆုံးထိခိုက်မှုများနိုင်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့အရှေ့ဘက်ရှိ နန့်မွန်းတံတားပေါ် တွင်အကြမ်းဖက်စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးမီးလောင် ပျက်စီးခဲ့ကြောင်း အင်းတော်ကြီး – KPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောကြားသည်။

ယမန်နေ့မတ်လ ၁၆ ရက် နံနက် ၁၁ နာရီခန့်အချိန် နန့်မွန်းမြို့မှ စစ်သားများ လိုက် ပါလာသော အ ကြမ်းဖက်စစ်ကား ၄ စီးသည် နန့်မွန်းတောင် ပေါ်သို့ တက် လာစဉ် နန့်မွန်းတံတားပေါ်အရောက် KIA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ မိုင်း ၃ လုံး ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကား ၁ စီးလောင်ပျက်စီး ခဲ့ပြီး ယာဉ် ပေါ်ပါ စစ်သား အားလုံးနီးပါး သေဆုံးနိုင်သော်လည်း မည်မျှ သေဆုံးသည်ကို အတိ အကျ မသိရကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“တက်လာတာကတော့ ကား ၄ စီးနဲ့အင်အား ၅၀ လောက်ပါတယ်၊ ကား တစ်စီး လုံး မီးလောင်ပျက်စီး တာ၊ ဘယ်နှစ်ယောက်သေလဲဆိုတာ မသိရဘူး၊ ကားပေါ် ပါလူတွေအကုန်သေနိုင်လောက်တယ်၊ ကျနော် တို့ကလည်းအနားကပ်မရတော့ ဘယ်သေလဲ ဆိုတာ အတိအကျ မသိနိုင်တာ၊ ရဲဘော်တွေအားလုံး ဘေး အန္တရာယ် ကင်းကင်းနဲ့ ပြန်ဆုတ် နိုင်ခဲ့ပါတယ်” ဟု အင်းတော်ကြီး – KPDF တပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောကြားသည်။khit thit

စစ်တွေတွင် ရိုက်နှက်ခံရသည့် ဒဏ်ရာများဖြင့်တွေ့ရှိသည့် မိန်းကလေးငယ် သေဆုံး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ မတ်လ ၁၆ ရက် မနက်ပိုင်းက ရိုက်နှိက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သတိမေ့လျက်တွေ့ရှိခဲ့တဲ့ အ သက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်ဟာ စစ်တွေပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံနေရင်း မတ်လ ၁၇ ရက် ဒီနေ့ နေ့လယ်က ကွယ်လွန်သွားတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

အခုသေဆုံးသွားတဲ့ ကလေးငယ်ဟာ မျက်နှာမှာ ဖူးရောင်နေပြီး ခေါင်းမှာ ပေါက်ကွဲထားတဲ့ ဒဏ်ရာနဲ့ တွေ့ရှိခဲ့ရတာဖြစ်ကာ အဓမ္မပြုကျင့်ခံ ထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောပါတယ်။

“ကလေးက အရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အခု နေ့လယ် ၂ နာရီ ၂၅ မိနစ်မှာ ဆုံးသွားပါပြီ။ Rape မြောက် မမြောက် ဆိုတာကတော့ လော လောဆယ် အတိအကျ ပြောလို့မရသေးဘူး။ ဆေးစာအတည်ပြုချက်က မထွက်သေးတော့အတည်ပြုလို့မရသေးဘူးဖြစ်နေတယ်။ အမှုစစ်ရဲ့နဲ့ ရပ်ကွက်သားတွေနဲ့ကတော့ Rape မြောက်တယ်လို့တော့ ပြောတယ်။ အခု ရဲတွေက သေမှု သေခင်းနဲ့ ပတ်သတ်ပြီး အမှုထပ်တိုးဖွင့်ဖို့ လုပ်နေကြတယ် ” လို့ပြောပါတယ်။

အခု ရိုက်နှက်ခံရပြီး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ စစ်တွေမြို့ မင်းဂံရပ်ကွက် အကွက် ၁၅ ကဖြစ်ပြီး မင်ဂံရပ်ကွက် အကွက် ၁၃ ရထားလမ်း အောက်မှာ ဒဏ်ရာတွေနဲ့ အဝတ်အစားမဲ့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

အခု ကလေးငယ်သေဆုံးမှုနဲ့ပတ်သတ်ပြီး မသင်္ကာဖွယ်ရှိတဲ့ အိမ်နီးချင်း ဆယ်ကျော်သက် လူငယ် ၂ ဦးကို ပြည်နယ် စစ်ကောင်စီ ရဲတပ်ဖွဲ့ဖမ်း ဆီး စစ်ဆေးနေတယ်လို့ ကူညီဆောင်ရွက်နေသူတွေကပြောပါတယ်။

စစ်ကောင်စီက ထိန်းချုပ်ထားတဲ့ စစ်တွေမြို့မှာ ဒုစရိုက် လုယက်မှုတွေ၊ သတ်ဖြတ်မှုတွေ များလာပြီးလုံခြုံမှု အားနည်းလာတာကြောင့် ဒေ သခံတွေ အပြင်ထွက်ပြီး သွားလာကြရမှာတောင် တော်တော်လည်းကို သတိထားနေရတယ်လို့ စစ်တွေမြို့တွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း စစ်တွေမြို့ ကန်တော်ကြီး ရပ်ကွက်မှာ စုံတွဲချိန်းတွေ့နေစဉ်မှာ အမျိုးသား ၃ ဦးက ယောက်ကျားလေးက ဓားဖြင့်ထိုးကာ ဖုန်းလုယူသွားခဲ့သလို အမျိုးသမီးငယ်ကိုလည်း ပြန်ပေးဆွဲ လုခေါ်သွားခဲ့ပါတယ်။

စစ်တွေမြို့တွင် နေ့တိုင်းဆိုသလို ဖုန်းလုယက်မှုတွေ ရှိနေတာကြောင့် အမျိုးသမီးများ တစ်ယောက်တည်း အပြင်သွားလာဖို့အထိ ခက်ခဲလာခဲ့ကြပါတယ်။

အခုလပိုင်းမှာ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ အုပ်စုလိုက် လုယက်မှုတွေကြောင့် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကင်းစောင့်နေကြရတာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က သြဂုတ်လက ပြည်နယ်အစိုးရရုံးအနီးရှိ ပလက်စတစ်ပစ္စည်း အရောင်းဆိုင်တွင် အရောင်း စာရေးမတစ်ဦး ဓာတ်ထိုး ဒဏ် ရာနဲ့ အသတ်ခံခဲ့ရသလို ၂၀၂၀ ခုနှစ်တွင်လည်း မုန်လက်ကောက်ရောင်းနေသည့် မိန်းကလေး တစ်ဦး ဆောက်လက်စ အဆောက်အဦးတစ်ခုအတွင်းမှာ အသတ်ခံခဲ့ရပါတယ်။DVB

မတ္တရာမြို့ အနောက်ခြမ်းကျေးရွာများကို စစ် တပ်က ၃ ရက်ဆက်တိုက် မီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးပြီး ယနေ့ မတ်လ ၁၇ ရက်နေ့အထိ သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေ၍ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရသည်။

ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ကလည်း မတ္တရာမြို့နယ်က အိုင်ဒိုင်းရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည်ဟု ဒေ သခံမျာက မဇ္ဈိမကို ပြောသည်။

“သုံးရက်ရှိပြီမီးရှို့ခံနေရတာ၊ ၁၅ ရက်နေ့ကစပြီး ရွာစဉ်အလိုက် စစ်တပ်ကမီးတင်ရှို့နေတာ” ဟု မတ္တရာမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြော သည်။

မတ္တရာမြို့အနီးရှိ တောပုကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်း တစ်ခုသည် မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းကစ၍ ဒေါင်းကျွန်း၊ ဆူးလေကုန်း၊ ပိုဝ(တောင်)၊ ပိုဝ(မြောက်)၊ စိန်ပန်းကုန်း၊ မြွေရေယာဉ် မြွေခလ၊ မြွေတလိုင်း စသည့် ကျေးရွာများကို မီးဝင်ရှို့ ဖျက်ဆီးခဲ့သည်။

“တောပု(ကျေးရွာ)ဘက်က ထွက်လာတဲ့စကစစစ်ကြောင်း၊ အဲဒီစစ်ကြောင်းက မန္တလေးနန်းတွင်းကလို့ သိရတယ်၊ စိန်ပန်းကုန်း ပိုဝ(တောင်)၊ ပိုဝ(မြောက်) အဲဒီသုံးရွာကို ကနဦးမီးရှို့တယ်၊ နောက်ရက်တွေမှာ ဆက်စပ်ရွာတွေကိုဆက်ရှို့တယ်၊ အိမ်တော်တော်များများပြာကျတယ်၊ အရေအ တွက်တော့ ကျွန်တော်တို့ ဘယ်လိုစာရင်းကောက်နိုင်မလဲ၊ ထွက်ပြေးရတာတွေကတော့ ဒီမနက်ကနဲ့ရောဆိုရင် ငါးထောင်ကျော်လောက် ရှိမယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်း ရွာထဲဝင်လာပါက လူသတ်၊ မီးရှို့ ဖျက်ဆီးသည့် လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိသည်ဟု မတ္တရာဒေသခံ စစ်ဘေး ရှောင်တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။

“လက်နက်ကြီးပစ်ကူနဲ့ ဝင်လာတယ်၊ နောက်တော့ သေနတ်သံတွေ ဆက်တိုက်ကြားရတော့ ရွာရှိလူအကုန် ထွက်ပြေးတော့တာပဲ၊ ခပ်လှမ်း လှမ်းရောက်လို့ နောက်ပြန်လှည့်ကြည့်ချိန်မှာ ရွာကို စစ်တပ်က မီးရှို့နေပြီ” ဟု ၎င်းက ပြောသည်။

မတ္တရာမြို့နယ်တွင် မတ်လ ၁၃ ရက်နေ့ကလည်း မြွေကြည်ကုန်း၊ မြွေကတို့ဆိပ်၊ မြွေပုသိမ်၊ မြွေရွှေခဲ စသည့် မြို့အနောက်ခြမ်း ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးပြီး အရပ်သားငါးဦးကိုလည်း ပစ်သတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်သည် မန္တလေးမြို့နှင့် အနီးဆုံး ထိစပ်နေသော ဒေသတွင်းမြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးသည်။

စစ်အာဏာသိမ်းပြီးချိန်ကတည်းက ယနေ့အထိ စစ်ရေးတင်းမာနေသည့် မြို့တစ်မြို့ဖြစ်ပြီီး မကြာသေးမီရက်ပိုင်းက မြို့နယ် လ.ဝ.က ဦးစီးမှူး တစ်ဦးပစ်သတ်ခံခဲ့ရသကဲ့သလို့ အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။mizzima

ရွှေဘိုမြို့ အထွက်ရှိ စစ်တပ်ဂိတ် စခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ အထွက်ရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို PDF များ ဝင်ရောက် ပစ်ခတ်မှု ၃ ဦးသေဆုံးကြောင်း Buffalo Soldiers Freedom Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့ အထွက်တွင် ဆက်ကြေး ကောက်ခံနေသည့် စစ်တပ် ဂိတ်ကို Buffalo Soldiers Freedom Force တပ်ဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပျူစောထီး ၂ ဦးနှင့် ရဲ ထောက်လှမ်းရေး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့ တောင်ဘက် အထွက်မှာရှိတဲ့ ခရီးသွား ပြည်သူတွေဆီးက အတင်း အဓမ္မ ဆက်ကြေးကောက်ခံနေတဲ့ စစ်ခွေးဂိတ်ကို ကျွန်တော်တို့ Buffalo Soldiers Freedom Force တော်လှန်ရေးရဲဘော်တွေက မောင်းပြန် သေနတ်တွေနဲ့ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာ ပျူစောထီး ၂ ဦးသေတယ်။ ရဲထောက်လှမ်းရေး ၁ ကောင်သေတယ်” ဟု Buffalo Soldiers Freedom Force အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ရွှေဘိုမြို့ အထွက်၌ ဆက်ကြေးကောက်ခံနေသည့် ဂိတ်စခန်းကို ဇန်နဝါရီလ ၃၁ ရက်နေ့က Buffalo Soldiers Freedom Force အဖွဲ့မှ သတိပေးစာ ပေးပို့ခဲ့သော်လည်း ဆက်ကြေးကောက်ခံမှုများ ဆက်လက်ပြုလုပ်နေသည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ khit thit

အရာတော်၊ မြောင်နှင့် ရွှေဘိုမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာအနီးမှာ မတ်လ ၁၇ ရက် ဒီမနက်က စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။

အဆိုပါစစ်တပ်ဟာ အရာတော်မြို့ လေ့ကျင့်ရေးစစ်တပ်ကနေ အရာတော်-မန္တလေးလမ်းပေါ် မြေနက်လမ်းဆုံအနီးကို ကား ၂ စီးနဲ့ စစ်ကြောင်းထိုးလာချိန်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒေသခံရွာသူတဦးက “တိုက်ပွဲက အပြန်အလှန်ပစ်နေတဲ့ အသံတွေပဲ။ သူတို့ပစ်သံကြားနေရတော့ အနီးအနားက ကျေးရွာကလူတွေ အကုန်ထွက်ပြေးနေရတယ်။ မပြေးလို့လည်း မရဘူးလေ။ စစ်ကောင်စီတွေက ပြည်သူတွေ၊ PDF တွေဆိုပြီး ခွဲခြားနေတာ မဟုတ်ဘူး။ တွေ့တဲ့သူ အကုန်ဖမ်းတယ်၊ ရိုက်နှက်စစ်ဆေး၊ သတ်ပစ်တဲ့အထိပါ လုပ်တာ‌ဆိုတော့ လွတ်အောင်တော့ ပြေးရတာပေါ့နော်။ အခုအထိတော့ ပစ်နေကြဆဲပါရှင့်။ အထိခိုက်က လတ်တလော ဘာသတင်းမှ မကြားရသေးဘူး။ ဖြည့်စွက်ပြောချင်တာက စစ်ကောင်စီတပ်အနေနဲ့ ကျမတို့ ဒေသခံကျေးရွာတွေကို မီးမရှို့ပါနဲ့လို့ပဲ ပြောချင်တယ်။ သူတို့က PDF နဲ့ တိုက်ပွဲဖြစ်တိုင်း ရွာတွေကို မီးရှို့နေတာ။ အဲလို သူတို့ကလုပ်နေတော့ သူတို့ကို ထောက်ခံနေတဲ့သူ၊ ထောက်ခံချင်စိတ်ရှိတဲ့ သူတွေတောင် စိတ်ပြောင်းသွားပြီး PDF ဘက် ရောက်သွားကြတယ်။ အဲဒါကြောင့် ရွာတွေကိုတော့ မီးမရှို့ပါနဲ့လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီကတော့ အရာတော်မြို့နယ်အတွင်း ဒီနေ့ မတ်လ ၁၇ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းနဲ့ ထိုးစစ်ဆင်နေပြီး နောက်စစ်ကြောင်းတကြောင်းကတော့ ကျောက်ပြောက်ရွာဘက်ကို စစ်ကြောင်းထိုးနေတာလို့လည်း ဒေသခံ ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေက ပြောပါတယ်။

အရာတော်မြို့နယ် DRanger Force အဖွဲ့ခေါင်းဆောင် ဗိုလ်ရန်ရှင်းက “မနက် ၆ နာရီခန့်က အရာတော်-မန္တလေးလမ်းပေါ် မြေနက်လမ်းဆုံအနီးကို ကား ၂ စီးနဲ့ အင်အား ၅၀ ပါတဲ့ စစ်ကြောင်းတကြောင်းနဲ့ ကျနော်တို့ ကျောက်ပြောက်ကျေးရွာဘက် အင်အား ၁၀၀ နီးပါးခန့် ခြေလျင်စစ်ကြောင်းတကြောင်း စုစုပေါင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတယ်။ တိုက်ပွဲကတော့ မနက်ခင်းက ဇရစ်ရွာအနီးမှာ ဖြစ်နေတယ်။ ကျနော်တို့ဘက်ကတော့ စစ်ကြောင်းကတော့ တိုက်ပွဲမဖြစ်သေးဘူး။ စောင့်ကြည့်အနေအထားပါပဲ” လို့ ပြောပါတယ်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇရစ်ကျေးရွာကို စတင်ဝင်ရောက်ခဲ့ပြီးနောက် မနက် ၈ နာရီကျော်မှာ ကူးတို့ကိုင်းကျေးရွာ တွင်းကို သေနတ်တွေပစ်ဖောက် ဝင်ရောက်နေပြီး နှစ်ဖက်အကျအဆုံးကိုတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ထုတ်ဖော်ပြောဆိုတာမျိုး မရှိသေးသလို ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းလည်း မရှိသေးပါဘူး။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက မြစ်စုံကျေးရွာအနီး စစ်ကောင်စီ အထူးတပ်နဲ့ ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့ အပါအဝင် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တို့ ဒီနေ့ မတ်လ ၁၇ ရက် မနက် ၆ နာရီက တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်တွေဆီကနေ သိရပါတယ်။

အဆိုပါ စစ်ကောင်စီစစ်‌ေကြာင်းဟာ တပ်မ ၉၉၊ ၇၇၊ ၃၃ တို့ ပူပေါင်းကာ ဘီလူးကွန်မန်ဒို စစ်ကြောင်း အမည်တပ်ပြီး စစ်ကိုင်းတိုင်း မြောင်မြို့ကနေ စစ်ကြောင်းထိုးနေတာလို့လည်း သိရပါတယ်။

Myaung Eagle People’s Defence Force တာဝန်ရှိသူ ကိုတိုးကြီးက  “သူတို့က မြောင်မြို့ကနေ အင်အား ၁၅၀ နဲ့ ခြေရာတော်ရွာ၊ ကျော့မင်းကျေးရွာဘက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာပြီး သာဒွန်းကျေးရွာ၊ မင်းတန်းကျေးရွာ၊ ထုံကြိုင်ကျေးရွာ၊ နေပူကုန်းကျေးရွာ၊ နဂါးပေါက်ကျေးရွာ၊ ချောင်းဆင်းကျေးရွာတွေကို ဝင်ရောက်ကာ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ပြီး ပေါက်ချောင်းကျေးရွာ ရောက်ရှိလာတယ်။ အဲ့ရွာကနေ မြစ်စုံဘက်တက်လာတော့ ကျနော်တို့အဖွဲ့တွေနဲ့ ထိပ်တိုက် တိုက်ပွဲဖြစ်တယ်ဗျ။ ပထမ ကျနော်တို့ဘက်က မိုင်းဆွဲတာတွေ အရင်လုပ်ပြီး နှစ်ဖက်ပစ်ခတ်တာတွေ လုပ်ကြတယ်။ သူတို့ မိုင်းဆွဲခံရတာ အတော်အထိနာသွားတယ်။ ပစ်ခတ်တာလည်း ကျနော်တို့ဘက်က သူတို့ ဒီဘက်တက်လာမယ်ဆိုတာကို သိလို့ အခိုင်အမာ နေရာယူပစ်တာဆိုတော့ အထိအခိုက်တော့ မရှိခဲ့ဘူး” လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် မြောင်အီးဂဲပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တချို့က ကင်းထောက်လုပ်ဆောင်ပြီး မြောင်မြို့နယ် ပကဖ၊ MDY MADALAY PDF တပ်ရင်းတွေ၊ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့တွေ၊ နယ်မြေခံ ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့တွေ ပူး ပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ခေတ္တ တိမ်းရှောင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ထုတ်ပြန်ထားတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာပဲ ရွှေဘိုမြို့နယ်အခြေစိုက် ထောက်ပို့တပ်က စစ်ကောင်စီတပ်သားတွေ မတ်လ ၁၆ ရက် မနက်က ကင်းပုန်းဝပ်ပြန် လာချိန်မှာ မိုင်းဆွဲပြီး ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ Black Wolf – Army မှ တာဝန်ရှိသူတဦးထံက သိရပါတယ်။

စစ်ကောင်စီက အင်အား ၃၀ ခန့်ပါဝင်တဲ့ စစ်ကြောင်းတကြောင်း ကင်းပုန်းသွားဝပ်ပြီး ပြန်လာတယ်လို့ သတင်းရရှိတဲ့အတွက် ပြည်သူ့ကာ ကွယ်ရေးတပ်တွေက စောင့်ဆိုင်းပြီး ရွှေဘိုမြို့နယ် တအုံကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Black Wolf – Army မှ တာဝန်ရှိသူတဦးက “မနက်ပိုင်းက ဒီကောင်တွေ ကင်းပုန်းဝပ်ပြီး ရွှေဘိုမြို့ထဲကထွက်လာတာ ကြားလို့ သွားစောင့်ပြီး မိုင်းဆွဲတာ တယောက်သေတယ်။ အဲ့ဒါနဲ့ ဒီကောင်​ေတွ ရွှေဘိုမြို့ထဲကို ပြန်ဆုတ်လာတဲ့ လမ်းကြောင်းမှာ ဒရုန်းနဲ့ ထပ်ပြီး ဗုံးကြဲတာ ၂ ယောက် ဒဏ်ရာရတယ်လို့ ဖရဲသီးသတင်းပေးတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက် မရှိပါဘူး” လို့ ပြောပါတယ်။

တိုက်ခိုက်မှုတွေအပြီးမှာ စစ်ကောင်စီတပ်ဘက်က ၁ ဦးသေ ၂ ဦး ဒဏ်ရာရရှိပြီးတော့ စစ်ကောင်စီဘက်က သေဆုံးတာနဲ့ပတ်သက်ပြီး သ တင်းထုတ်ပြန်ခြင်း မရှိတဲ့အပြင် ဆက်သွယ်မေးမြန်းရင်လ​ည်း ပြန်လည်ဖြေကြားခြင်း မရှိတဲ့အတွက် အတည်ပြုနိုင်ခြင်း မရှိပါဘူး။

အဆိုပါစစ်ဆင်ရေးကို Black Wolf – Army နဲ့အတူ Who Am I – Army တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မတ်လ ၁၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဟန်လင်းကျေးရွာက ပြည်သူတွေရဲ့ နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးနေတယ်လို့ သိရတဲ့အတွက် Black Wolf – Army က ဒရုန်းနဲ့ ဗုံးသီးချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့‌တယ်လို့ သိရပါတယ်။DVB

ယင်းမာပင်မြို့နယ်တွင် သပိတ် စစ်ကြောင်း ၂ ခု ပူးပေါင်းကာ စစ်တပ် ဝင်ငွေရရှိနေသည့် MOGE ကို အရေးယူ ပိတ်ဆို့ပေးရေး ချီတက် ဆန္ဒပြ

khit thit

“တော်လှန်သင်္ကြန်ထီ” ထိုးပြီး ချင်းပြည်နယ် ကျန်းမာရေးကို ကူညီရန် ဖိတ်ခေါ်

ချင်းပြည်နယ်၏ ကျန်းမာရေးပိုင်းကို ကူညီနိုင်ရန် သင်္ကြန်ကာလအတွင်း အထူးရောင်းချပေးနေသည့် တော်လှန်သင်္ကြန် “ထီ” လက်မှတ်များကို ဝယ်ယူအားပေးကြရန် တူမီးထီမှ ကြေညာထားသည်။

ချင်းဒေသတွင်း တော်လှန်ရေးအတွက် လိုအပ်သော ဘဏ္ဍာငွေအား ဖြည့်တင်းနိုင်ရန်အတွက် လစဉ်ဖွင့်လှစ်လျက်ရှိသော တူမီးထီမှ အထူးအစီအစဉ်အနေဖြင့် “တော်လှန်သင်္ကြန်ထီ” ကို ရောင်းချနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ရက်စက်မှု ၊ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံပြီး တော်လှန်ပြည်သူများအဖြစ် ရပ်တည်နေသူ အားလုံးကိုဂုဏ်ပြုသောအားဖြင့် “တော်လှန်သင်္ကြန်ထီ” ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း တူမီးထီက ထုတ်ပြန်သည်။

တော်လှန်သင်္ကြန်ထီ တစ်စောင်လျှင် မြန်မာငွေ ၅,၀၀၀ကျပ်၊ အမေရိကန် နှစ်ဒေါ်လာနှုန်းဖြင့် ပါဝင်ကံစမ်းနိုင်ပြီး ဧပြီလ ၁၇ရက် နှစ်ဆန်းတစ် ရက်နေ့တွင် ရောင်းရငွေ၏ ၂၅ ရာခိုင်နှုန်းကို ကံထူးရှင်များအား ရွေးချယ်ချီးမြှင့် သွားမည်ဖြစ် ကြောင်းသိရသည်။

“မဟာသင်္ကြန်အခါသမယတွင် မကျန်းမာသူများအတွက် ကောင်းမှုပြုသည့်အနေဖြင့် ပါဝင်ကြရန်” တူမီးထီမှ ဖိတ်ခေါ်ထားသည်။

အလားတူ လက်ရှိမှာ တူမီးထီ အပတ်စဉ် (၁၁) အတွက်လည်း ထီလက်မှတ်များကို ရောင်းချနေပြီး လက်မှတ်တစ်စောင်လျှင် မြန်မာငွေ ၁၂,၅ ၀၀ ကျပ်နှင့် အမေရိကန် ငါးဒေါ်လာဖြင့် ရောင်းချနေပြီး ဆုကြေးငွေ ဒေါ်လာ ၅၅၀ ဖြင့် ဖွင့်လှစ်ရောင်းချနေခြင်း ဖြစ်သည်။

ယင်းအပတ်စဉ် (၁၁) မှ ရရှိလာသော ဘဏ္ဍာငွေများကို ချင်းကာကွယ်ရေး တပ်ဖွဲ့(ထန်တလန်) CDF – Thantlang သို့ အကူအညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် တူမီးထီ အပတ်စဉ် (၁၀) မှ ရရှိလာသော ရန်ပုံငွေ မြန်မာကျပ်ငွေ ၃၄ သိန်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ကို ပေးပို့ခဲ့ကြောင်း သိရသည်။

တူမီးထီကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ အပတ်စဉ် (၁၁) ထိ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ တူမီးထီကို မြန်မာ့နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေး ရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program – CRFP ) မှ ရောင်းချနေခြင်းဖြစ်ပြီး ချင်းဒီဂျစ်တယ် “ထီ” တစ်မျိုးလည်း ဖြစ်သည်။

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ကို ဖော်ဆောင်စဉ် တော်လှန်ရေးအတွက် အားဖြည့်နိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ချင်းပြည်အစိုးရအသစ် ပေါ်ပေါက်လာပါက Federal Lottery အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားမည်ဖြစ် ကြောင်း တူမီးထီက ထုတ်ပြန်ထားသည်။mizzima

မတ္တရာမြို့နယ်တွင် ရွာ ၃ ရွာ မီးရှို့ခံရပြီး ပြည်သူ ၂ ဦးကို စစ်တပ်က သတ်ဖြတ်၊ ယခုညနေ မြွေတလိုင်းကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူ ၂ ဦးကို မီးရှို့သတ် ဖြတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး မတ္တရာမြို့နယ်၊ မြွေမြစ်ရိုး၊ မြွေရေယာဉ်၊ မြွေခလကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်လာပြီး ပစ်ခတ်မှုများလုပ်ဆောင်ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ တန်ဖိုးရှိ ပစ္စည်းများကို လုယူသွားပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခု မြွေတလိုင်းကျေးရွာကို မီးရှို့နေတာ မီးက ကြီးလာပါပြီ။မီးရှို့ခံလိုက်ရတဲ့ မြွေမြစ်ရိုး၊ မြွေရေယာဉ်၊ မြွေခလ ကျေးရွာ ၃ ရွာမှာ အိမ်ခြေ ၃၅၀ ကျော်ရှိပါတယ်။ ရွာနားမှာ တိုက်ပွဲဖြစ်သံမကြားပေမယ့် မိုင်းဆွဲသံတော့ ကြားလိုက်တယ်။ အခု စစ်ဘေးရှောင် ပြည်သူ ၇၀၀ လောက် ထွက်ပြေးနေရတယ်။ မြွေခလကျေးရွာ ပြည်သူတစ်ဦး နဲ့ မြွေရေယာဉ် ကျေးရွာက ပြည်သူ တစ်ဦး ကို စစ်တပ်က မီးရှို့သတ်ဖြတ်ပါတယ်။ လက်ရှိ မီးလောင်တဲ့ အိမ်ခြေက ၁၀၀ ကျော် ပြာကျသွားပါတယ်။ အခု မြွေတလိုင်းရွာကို စစ်တပ်က ဝင်ပြီး အကြီးအကျယ် မီးရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူများမှာ တောတောင်များထဲတွင် ပုန်းအောင်းနေရပြီး အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ စစ် ကြောင်း ၂ ကြောင်းခွဲ၍ ရမ်းကား မီးရှို့ဖျက်ဆီး ပစ်ခတ်နေကြောင်း သိရှိရသည်။khit thit

« Older Entries