ကန့်ဘလူတွင် မြေမြှုပ်မိုင်းနင်းမိသဖြင့် ဆ ရာတော် ခြေထောက်ဖြတ်လိုက်ရဟုဆို

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်ကြီးကျေးရွာတွင် ဘုန်းကြီးတစ်ပါး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာရကာ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသည်ဟု ဒေါင်းရာဇာချပ်သင်းအဖွဲ့ထံမှ သိရသည်။
မတ်လ ၁၅ ရက် ညနေ ၆ နာရီခန့်တွင် ချပ်ကြီးကျေးရွာ၊ ညောင်တုန်းဘုန်းကြီးကျောင်းရှိ ဆရာတော်ဥူးသောဘနသည် ချပ်ကြီးကျေးရွာအနောက်ဘက်သို့ ခြေလျင်လမ်းလျှောက်သွားနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဒေါင်းရာဇာချပ်သင်းအဖွဲ့မှ ကိုဒေါင်းရာဇာက မဇ္ဈိမသို့ပြောသည်။
“အဲဒီရွာမှာ စခ(စစ်ကောင်စီတပ်ဖွဲ့)တွေက PDF တွေ မလာနိုင်အောင် ရွာအနီးနားမှာ နင်းမိုင်းတွေထောင်ထားတာ။ အခု ဘုန်းကြီးတစ်ပါးမိုင်းထိတာလည်း သူတို့ထောင်ထားတဲ့မိုင်း ဖြစ်တယ်။ ဆရာတော်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရတော့ပါဘူး။ ခြေထောက်တစ်ဖက် ဖြတ်လိုက်ရတယ်” ဟု ကိုဒေါင်းရာဇာက ပြောသည်။
ချပ်ကြီးကျေးရွာတွင် နင်းမိုင်းထိ၍ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပွားနေပြီး ယခုမိုင်းနင်းမိ၍ ဝဲဘက်ခြမ်း ခြေကျင်းဝတ်ပြတ်ထွက်သွားသည့်ဆရာတော်အား ဒေသကာကွယ်ရေးအဖွဲ့များမှ ကူညီစောင့်ရှောက်ကာ ဆေးခန်းသို့ပို့ဆောင်ပေးခဲ့ရသည်ဟု ဆိုသည်။
အဆိုပါမိုင်းများအား ချပ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်သားများက ထောင်ထားသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များမှ ပြောသော်လည်း မဇ္ဈိမအဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ချပ်ကြီးကျေးရွာသည် စစ်ကောင်စီတပ်များနှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးဆိုသူများ အခြေချတပ်စွဲထားသည့် ရွာဖြစ်ပြီး အင်အား ၂၀ ကျော်ဖြင့် တပ်စွဲလေ့ရှိကြောင်းလည်း သိရသည်။
မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ အခြေချတပ်စွဲထားသောနေရာ အနီးအနားပတ်ဝန်းကျင်တွင် သွားလာမှုများ တတ်နိုင်သမျှရှောင်ရှားကြရန် ဒေါင်းရာဇာချပ်သင်းအဖွဲ့မှ ကိုဒေါင်းရာဇာက တိုက်တွန်းထားသည်။ mizzima