စစ်ကောင်စီနှင့် တရုတ် လေအားလျှပ်စစ်ထုတ်လုပ်ရေး ဂွမြို့တွင် နေရာသတ်မှတ်

ရခိုင်ပြည်နယ်တွင် စတင်တည်ဆောက်မည်ဟု စစ်ကောင်စီနှင့် တရုတ်တို့ ကြေညာထားသော လေအားလျှပ်စစ်စီမံကိန်းအတွက် ဂွမြို့နယ်တွင် မတ်လ ၁၂ရက်နေ့က နေရာစတင်သတ်မှတ်ခဲ့ကြောင်း သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ရခိုင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်း၊ စီမံကိန်းတာဝန်ရှိသူများနှင့် ဒေသခံတချို့ပါဝင်သည့် အဖွဲ့သည် ဂွမြို့နယ်တွင် ကွင်းဆင်းကာ နေရာကြည့်ရှုခဲ့သည်ဟု ဂွမြို့နယ်မှ တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။
“ဝန်ကြီးတွေ က မတ်လ ၁၂ ရက်နေ့က ရောက်တယ်ဆိုပြီးတော့ သိရတယ်။ ဂွမြို့အနီးမှာ လေကာတောင်ဆိုတာ ရှိတယ်။ မြို့အနီးမှာ အမြင့်ဆုံးတောင်ပေါ့၊ အဲဒီတောင်မှာ ပင်လယ်က လေကို ရတဲ့အတွက် လေအားလျှပ်စစ် လုပ်မယ်ဆိုပြီးတော့ သိရပါတယ်။ အဲဒီတောင်ကတော့ အစိုးရပိုင်တောင်လေ အဲဒီမှာ နေရာသတ်မှတ်ခဲ့တယ်လို့တော့ ကြားပါတယ် ”ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ် ၊ သံတွဲမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို အကောင်အထည်ဖော်ရန်အ တွက် မတ်လ ၁ ရက်နေ့က နေပြည်တော် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၌ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် Primus Advanced Technologies Yunnan Machinery and Equipment import and Export Co,ltd တို့ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ(Memorandum of Agreement -MOA) ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
လေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းအရ ရခိုင်ပြည်နယ်ရှိ ဂွမြို့နယ်တွင် ၁၀၀ မဂ္ဂါဝပ်၊ သံတွဲတွင် ၁၁၀ မဂ္ဂါဝပ်နှင့် အမ်းမြို့နယ်တွင် ၁၅၀ မဂ္ဂါဝပ်အား ထုတ်လုပ်သွားမည်ဖြစ်ပြီး ပထမဆုံးအနေဖြင့် ဂွမြို့နယ်တွင် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃ခုနှစ် ဒီဇင်ဘာလတွင် စတင်ထုတ်လုပ်သွားမည်ဖြစ်သည်ဟု ဆိုထားသည်။
ဂွမြို့နယ်မှ ဒေသခံတစ်ဦးက “ လေအားလျှပ်စစ်အနေနဲ့ လုပ်လို့ ကျနော်တို့အနေနဲ့ ပိုမိုပြီးတော့ မြို့အနေနဲ့ ဖွံ့ဖြိုးလာမှာပေါ့၊ ကျနော်တို့အနေနဲ့ကတော့ သဘောတူပါတယ်။ လေအားလျှပ်စစ်ပဲ ။ ပင်လယ်ကရတဲ့ လေနဲ့ လုပ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒေသခံ ပြည်သူထုအပေါ်မှာ အနှောက်အယှက်တစ်စုံတစ်ရာ ရှိမှာမဟုတ်ပါဘူး။ ဘာပဲပြောပြော လျှပ်စစ်မီးရလို့ရှိရင်တော့ ကုန်ထုတ်လုပ်မှုတွေ ပိုရလာမယ်။ ကိုယ့်ဒေသ ပိုမိုပြီးတော့ ဖွံ့ဖြိုးလာမယ်ပေါ့၊ ဆိုတော့ ကျနော်တို့က ကြိုဆိုပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်မှ တက်ကြွလူပ်ရှားသူများကလည်း စစ်ကောင်စီမှ လုပ်ဆောင်နေခြင်းအပေါ်တွင် ပြည်သူလူထု ထောက်ခံမှု အားနည်းကြောင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်သည့်အခါတွင်လည်း ပြည်သူလူထုအား မထိခိုက်နိုင်အောင် လုပ်ဆောင်သင့်ကြောင်း ဆိုကြသည်။mizzima