စစ်တပ်က နမ်းနိန်းရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တရားမျှတမှုရရှိရန် ဆောင်ရွက်နေကြောင်း KSCC၊ PNFC နှင့် NUG ပူးတွဲထုတ်ပြန်

ကရင်နီပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းရွာရှိ သံဃာတော် သုံးပါးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၆ဦးအား စစ်တပ်မှ ရက်စက်စွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် စစ်ကောင်စီတပ်မှ ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တရားမျှတမှု ပြန်လည်ရရှိရန် အလေးအနက်ထား ဆောင်ရွက်လျက်ရှိသည်ဟု ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့က မတ်လ ၁၆ ရက်နေ့တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

စစ်တပ်သည် တိုင်းရင်းသားဒေသများသို့ စစ်ကြောင်းထိုးကာ ပြည်သူများအားသတ်ဖြတ်ခြင်း၊ မုဒိမ်းမှုများကျူးလွန်ခြင်း၊ လူသားဒိုင်းအဖြစ် အသုံးချခြင်း စသည့် ရာဇဝတ်မှုများအပြင် တိုင်းရင်းသားလူမျိုးများအကြား ဘာသာရေးနှင့် လူမျိုးရေးအရ သွေးခွဲခြင်းများကိုလည်း အစဉ်တစိုက်လုပ်ဆောင်လျက်ရှိသည့် သက်သေအထောက်အထားများ တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နမ်းနိန်းကျေးရွာ ဘုန်းကြီးကျောင်းမှ အသတ်ခံရမှုသည် ရက်စက်စွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းမှ မဇ္ဈိမကို ပြောသည်။

“အဲ့ဒီဖြစ်ရပ်ကတော့ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခုပါ။ အဲ့ဒီဖြစ်ရပ်ဟာ သာမန်မကတော့ဘဲနဲ့ တိုင်းရင်းသားလူမျိုးစုတွေကြားမှာ သွေးခွဲဖို့အတွက် ဝါဒဖြန့်တဲ့နည်းတွေ သုံးလာတယ်” ဟု ပြောသည်။

“နမ်းနိန်းဘုန်းကြီးကျောင်းအရှေ့နားက လူတစ်ယောက်သွေးကွက်နားမှာ တွေ့တဲ့ ကျည်ဆံပေါ်မှာ မြန်မာလိုပဲရေးထားတယ်။ မြန်မာစစ်တပ်ကထုတ်တဲ့ ကပစ ကျည်ခွံဆိုတာ ကျနော်တို့ သိနိုင်ပါတယ်။ ပတ်ပတ်လည်မှာလည်း အဲ့ဒီလို ကျည်တွေချည်းပါပဲ။ အဲ့လိုကျည်တွေအများကြီးကို ကျနော်တို့ တွေ့ရပါတယ်။ အကုန်လုံး ကျည်ခွံတွေပေါ်မှာဆိုရင် ကပစထုတ် ကျည်ခွံတွေ။ အခုကျည်ခွံဆိုရင်၂၀၂၂ ခုနှစ်မှ ထုတ်ထားပါတယ်။ သိပ်တောင်မကြာသေးဘူးဆိုတော့ သူတို့ဆီမှာပဲ လုံးဝရှိနိုင်တဲ့ ကျည်ပါ။ အလောင်းထဲကတွေ့တဲ့ကျည်တွေဟာလည်း စစ်ကောင်စီကပဲ ကိုင်တဲ့ သေနတ်အမျိုးအစားတွေကကျည်တွေလို့ ကျနော်တို့သုံးသပ် တွေ့ရှိရပါတယ်” ဟု KNDF မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မျက်မှန် က မတ်လ ၁၆ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။

စစ်ကောင်စီတပ်မှ ကျူးလွန်လျက်ရှိသည့် အဆိုပါရာဇဝတ်မှုများအားလုံးနှင့် ပတ်သက်၍ အချက်အလက်များ၊ လူနှင့် ပစ္စည်း သက်သေများ စုဆောင်းကာ နိုင်ငံတကာတရားရေးအဖွဲ့အစည်းများသို့ ပေးပို့ခြင်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ဆိုသည်။

နိုင်ငံတကာအသိုင်းအဝိုင်းများမှလည်း နည်းပညာအထောက်အပံ့များ ထောက်ပို့ကူညီပေးရန်နှင့် စစ်ကောင်စီအပေါ် စီးပွားရေးပိတ်ဆို့မှုအပါ အဝင်၊ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းများနှင့် စစ်ရေးဆိုင်ရာ ပစ္စည်းကိရိယာ တင်သွင်းမှုများအား ပိတ်ပင်တားဆီးပေးရန် တောင်းဆိုထား သည်။

စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများအား နိုင်ငံအလိုက်အရေးယူနိုင်မည့် Universal Jurisdiction တရားရုံးများ ဖော် ထုတ်ကာ ထိရောက်စွာဆောင်ရွက်ပေးခြင်း၊ နိုင်ငံတကာတရားရေးအဖွဲ့အစည်းများနှင့် International Criminal Court အနေဖြင့် စုံစမ်းမှုများအား တစ်နိုင်ငံလုံးအနှံ့ ချဲ့ထွင်ကာ စစ်ဆေးဆောင်ရွက်စေလိုကြောင်း တိုက်တွန်းထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s