ဆားလင်းကြီးမြို့နယ် ဝဲကွဲကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ မီးရှို့ဖျက်ဆီးနေ၍ ဒေသခံ ၁,၀၀၀ ခန့် စစ်ရှောင်နေရ

စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ် ၊ အရှေ့ခြမ်းတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့က ဝဲကွဲ ကျေးရွာကို ယနေ့ မတ်လ ၁၇ ရက် နံနက် ၁၀ နာရီခွဲ အချိန်တွင် မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်နေခြင်းကြောင်း ဒေသခံ ၁,၀၀၀ခန့် တိမ်းရှောင်နေရသည်ဟု ဒေသခံထံမှ သိရသည်။
“ရွာကို သုံးနေရာလောက်ခွဲပြီး မီးရှို့နေတာ ဖြစ်တယ်။ မီးအားကောင်းကောင်းနဲ့ လောင်နေတာ နှစ်နာရီ နီးပါး ရှိပါပြီ။ ဒေသကာကွယ်ရေး တပ်တွေနဲ့ ထိတွေ့မှုမရှိဘဲ တမင်သက်သက် ရှို့တာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတဦးက ပြောသည်။
ဝဲကွဲကျေးရွာတွင် အိမ်ခြေ ၁၃၀ ခန့်ရှိသည်ဟု ၎င်းကပြောသည်။အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ဝမ်ပေါင်ဘက်မှ ထွက်ခွာလာသည့် စစ်ကြောင်းဖြစ်ပြီး နံနက် ၄ နာရီခန့်တွင် ရွာကိုဝိုင်းကာ ဝင်ရောက်လာသည့်အတွက် ထွက်ပေါက်ပိတ်ကာ ဒေသခံပြည်သူ ၇၀ ခန့် ပိတ်မိနေကြောင်း ၎င်းက ပြောသည်။
“စစ်ကြောင်းက ရွာအနောက်ဘက်ကနေ ပတ်ဝိုင်းပြီး ဝင်လာတာ။ ရွာရဲ့ အရှေ့ဘက် မြစ်က ပိတ်ထားတော့ ပြေးလမ်းပိတ်သလို ဖြစ်သွားတယ် ။ ရွာဘုန်းကြီးကျောင်းထဲမှာ ဒေသခံပြည်သူ ၇၀ ခန့် ပိတ်မိနေတယ်ဗျ။ စစ်ကောင်စီတပ်ဖွဲ့က ရွာက ဖလက်(flat)ရေယာဉ်တွေကို ချော ဆွဲပြီး တစ်ဖက်ကမ်းကူးဖို့လုပ်နေတယ်။ တချို့က လက်နက်ကြီးတွေနဲ့လည်း ရမ်းပစ်နေတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ စစ်ကောင်စီတပ်ဖွဲ့က ဆားလင်းကြီးမြို့နယ်တွင် စစ်ကြောင်းထိုးနေခြင်းကြောင့် ဝဲကြီး ၊ ဝဲကွဲ ၊ လယ်တီ ၊ ရွှေလှေ ၊ ပလောင် ၊ မစိုးရိမ် ၊ ဝက်မှေး ၊ သိမ်တော ၊ တောကျောင်း ၊ ဖိုကုန်း ၊ လက်ပံတောင်း စသည့် ကျေးရွာများမှ ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ခန့် စစ်ရှောင်နေရကြောင်း သိရသည်။mizzima