“တော်လှန်သင်္ကြန်ထီ” ထိုးပြီး ချင်းပြည်နယ် ကျန်းမာရေးကို ကူညီရန် ဖိတ်ခေါ်

ချင်းပြည်နယ်၏ ကျန်းမာရေးပိုင်းကို ကူညီနိုင်ရန် သင်္ကြန်ကာလအတွင်း အထူးရောင်းချပေးနေသည့် တော်လှန်သင်္ကြန် “ထီ” လက်မှတ်များကို ဝယ်ယူအားပေးကြရန် တူမီးထီမှ ကြေညာထားသည်။

ချင်းဒေသတွင်း တော်လှန်ရေးအတွက် လိုအပ်သော ဘဏ္ဍာငွေအား ဖြည့်တင်းနိုင်ရန်အတွက် လစဉ်ဖွင့်လှစ်လျက်ရှိသော တူမီးထီမှ အထူးအစီအစဉ်အနေဖြင့် “တော်လှန်သင်္ကြန်ထီ” ကို ရောင်းချနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ ရက်စက်မှု ၊ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံပြီး တော်လှန်ပြည်သူများအဖြစ် ရပ်တည်နေသူ အားလုံးကိုဂုဏ်ပြုသောအားဖြင့် “တော်လှန်သင်္ကြန်ထီ” ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း တူမီးထီက ထုတ်ပြန်သည်။

တော်လှန်သင်္ကြန်ထီ တစ်စောင်လျှင် မြန်မာငွေ ၅,၀၀၀ကျပ်၊ အမေရိကန် နှစ်ဒေါ်လာနှုန်းဖြင့် ပါဝင်ကံစမ်းနိုင်ပြီး ဧပြီလ ၁၇ရက် နှစ်ဆန်းတစ် ရက်နေ့တွင် ရောင်းရငွေ၏ ၂၅ ရာခိုင်နှုန်းကို ကံထူးရှင်များအား ရွေးချယ်ချီးမြှင့် သွားမည်ဖြစ် ကြောင်းသိရသည်။

“မဟာသင်္ကြန်အခါသမယတွင် မကျန်းမာသူများအတွက် ကောင်းမှုပြုသည့်အနေဖြင့် ပါဝင်ကြရန်” တူမီးထီမှ ဖိတ်ခေါ်ထားသည်။

အလားတူ လက်ရှိမှာ တူမီးထီ အပတ်စဉ် (၁၁) အတွက်လည်း ထီလက်မှတ်များကို ရောင်းချနေပြီး လက်မှတ်တစ်စောင်လျှင် မြန်မာငွေ ၁၂,၅ ၀၀ ကျပ်နှင့် အမေရိကန် ငါးဒေါ်လာဖြင့် ရောင်းချနေပြီး ဆုကြေးငွေ ဒေါ်လာ ၅၅၀ ဖြင့် ဖွင့်လှစ်ရောင်းချနေခြင်း ဖြစ်သည်။

ယင်းအပတ်စဉ် (၁၁) မှ ရရှိလာသော ဘဏ္ဍာငွေများကို ချင်းကာကွယ်ရေး တပ်ဖွဲ့(ထန်တလန်) CDF – Thantlang သို့ အကူအညီပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် တူမီးထီ အပတ်စဉ် (၁၀) မှ ရရှိလာသော ရန်ပုံငွေ မြန်မာကျပ်ငွေ ၃၄ သိန်းအား ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) CDF – Mindat ကို ပေးပို့ခဲ့ကြောင်း သိရသည်။

တူမီးထီကို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ကာ ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ အပတ်စဉ် (၁၁) ထိ ရောက်ရှိနေပြီ ဖြစ်သည်။

အဆိုပါ တူမီးထီကို မြန်မာ့နွေဦးတော်လှန်ရေးအတွက် လိုအပ်သည့် တော်လှန်ရေး ရန်ပုံငွေရှာဖွေရန် ဖွဲ့စည်းထားသော ချင်းရန်ပုံငွေအဖွဲ့ (Chin Relief Funding Program – CRFP ) မှ ရောင်းချနေခြင်းဖြစ်ပြီး ချင်းဒီဂျစ်တယ် “ထီ” တစ်မျိုးလည်း ဖြစ်သည်။

ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ကို ဖော်ဆောင်စဉ် တော်လှန်ရေးအတွက် အားဖြည့်နိုင်မည့် အစီအစဉ်တစ်ရပ်ဖြစ်ပြီး ချင်းပြည်အစိုးရအသစ် ပေါ်ပေါက်လာပါက Federal Lottery အဖြစ် ချင်းဖက်ဒရယ်အစိုးရထံသို့ တရားဝင်အပ်နှံသွားမည်ဖြစ် ကြောင်း တူမီးထီက ထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s