ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းအပေါ် ပြန်စဉ်စားရန် PNFC ဥက္ကဋ္ဌပြောကြား

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/ PNA) အနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် အပေါ် ပြန်လည်သုံးသပ်မှုများပြုလုပ်လာရန် မျှော်လင့်ကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း က ပြောသည်။
“ အခုဆိုလို့ ရှိရင် PNO/PNA နဲ့ ကျတော်တို့ပြည်သူတွေကို စစ်ကောင်စီက တစ်လွဲအသုံးချတာတွေကို ခံနေရပါတယ်။ စစ်ကောင်စီနဲ့ ဒီနေ့ ဒီလို ပူးပေါင်းဆောင်ရွက်နေတာကို PNO/PNA ခေါင်းဆောင်တွေက ပြန်လည်သုံးသပ်ကြမယ် ကျတော်တို့ ဒီလိုမျှော်လင့်ထားပါတယ်” ဟု ၎င်းက ပြောသည်။
နမ်းနိန်းကျေးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ NUG ၏ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) တို့ ပူးပေါင်း၍ မတ်လ ၁၆ ရက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ခွန်မြင့်ထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO/ PNA) သည် လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်နိုင်ခြင်းမရှိခြင်းကြောင့် နိုင် ငံရေးပါတီတစ်ခုအနေဖြင့် ရပ်တည်နေပြီး PNA သည်လည်း ပြည်သူစစ်အနေဖြင့် ရပ်တည်နေရခြင်းကြောင့် စစ်ကောင်စီအကြိုက် လုပ် ဆောင်နေရခြင်းဟု ခွန်မြင့်ထွန်းက ဆိုသည်။
အထူးဒေသ (၆) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ၊ ပင်လောင်းမြို့နယ် နမ်းနိမ်းကျေးရွာတွင် မတ်လ ၁၁ ရက်နေ့၌ စစ်ကောက်စီတပ်ကဒေသခံများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါကိစ္စကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) နှင့် အခြား တော်လှန်ရေးအဖွဲ့ အစည်းများက ပြုလုပ်နေသကဲ့သို့ ပအိုဝ်းအမျိုး သားအဖွဲ့ချုပ် (PNO / PNA)မှ ထုတ်ပြန်ကြေညာထားသည့်အပေါ် ခွန်မြင့်ထွန်းက မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။
“ PNA ပြည်သူ့စစ်ဆိုတာဟာ စစ်တပ်ရဲ့ အမိန့်ကွပ်ကဲမှုအောက်မှာလုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့်မို့ PNO က ထုတ်ပြန်တဲ့ကြေ ညာချက်ကို ကြည့်မယ်ဆိုရင် အဲ့ဒီမှာ ရန်သူမရှိ၊ မိတ်ဆွေသာရှိ၏ ဆိုတဲ့ ဖော်ပြချက်တွေပေါ့လေ။ ဒါဟာ သူရဲ့ ဘ၀အခြေအနေအရ ထုတ်ပြန်ရတယ်လို့ နားလည်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်ကနေ လိုက်နာပြီးတော့ မလွှဲမရှောင်သာ လုပ်နေရတဲ့ အခြေအနေမျိုးတွေဖြစ်နေတယ်လို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် နမ်းနိန်းကျေးရွာမှ ပြည်သူများကို သတ်ဖြတ်ခဲ့ပြီးနောက် ပြည်သူများ၏ရုပ်အလောင်းများပေါ်တွင် လေသနတ်များတင်၍ ဓာတ်ပုံများရိုက်ယူကာ PDF တပ်ဖွဲ့ ဝင်များကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့ပိုင်သတင်းဌာနများ တယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် သတင်းများထုတ်ပြန်ခဲ့သည်။
ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) သည် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးတွင် ပအိုဝ်းတိုင်းရင်းသားလူမျိုးများအနေဖြင့် အင် အားစုတစ်ရပ်အနေဖြင့် ပါဝင်နိုင်ရေးအတွက် ဖွဲ့စည်းခဲ့သည် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ mizzima