ပေါက်မြို့နယ်တွင် ဝင်ရောက်မီးရှို့နေသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်
မကွေးတိုင်း ၊ ပေါက်မြို့နယ် ၊သနပ်ပင်ဇင်းကျေးရွာကို ဝင်ရောက်ပြီး နေအိမ်များအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက မတ်လ ၁၅ ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အနောက်ပိုင်းတိုင်းတပ်ရင်း (၇၀၃) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
“စစ်ကောင်စီဘက်က ခုနစ်ယောက် ရှစ်ယောက်လောက် ထိခိုက်တယ်လို့ သိရပါတယ်။ အတိအကျကတော့ တိုက်ပွဲဖြစ်နေဆဲမို့ မစစ်နိုင်သေးပါဘူး နေအိမ် နှစ်လုံးကိုတော့ မီးရှို့သွားပါတယ်” ဟု ၎င်းကပြောသည်။
ယင်းနေ့ နံနက် ၇ နာရီမှ ၁၂ နာရီထိ တိုက်ပွဲကြာချိန် ငါးနာရီခန့် ကြာမြင့်ခဲ့ပြီး အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့ဘက်မှ လေကြောင်းပစ်ကူများ ရောက်လာပြီး ၃၅ မိနစ်ခန့် ပစ်ခတ်ဗုံးကြဲမှုများ ပြုလုပ်ခဲ့ကြောင်း တပ်ရင်း (၇၀၃) မှ တာဝန်ရှိသူက ပြောသည်။
“ ရဟတ်ယာဉ်ပစ်ခတ်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှာ အထိအခိုက်မရှိပါဘူး၊ နေအိမ်တွေ ပျက်စီးတာလည်း မရှိပါဘူး “ ဟု ၎င်းကပြောသည်။
ယင်းစစ်ကောင်စီတပ်စစ်ကြောင်းသည် မတ်လ ၁၅ ရက်ညနေပိုင်းတွင် သနပ်ပင်ဇင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားပြီး ပျူစောထီးဆိုသူ များ အများစုနေထိုင်သည့် ကုက္ကိုစုကျေးရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း တပ်ရင်း (၇၀၃) ထံမှ သိရသည်။
“ဒီနေ့ (မတ်လ ၁၇ ရက်) မနက်မှာတော့ နောက်ဆုတ်သွားတဲ့စစ်ကြောင်းဟာ တင်ငုတ်ပြင်ရွာကို ပြန်ဝင်ဖို့ ပြင်နေပါတယ်” ဟု တပ်ရင်း (၇၀၃) မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီတပ်များသည် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် သနပ်ပင်ဇင်း၊ အင်းတိမ်၊ တင်ငုတ်ပြင်၊ ညောင်ရေးတဲ ၊ ညောင်ပင်တိုက် စသည့်ကျေးရွာ ငါးရွာကို စစ်ကြောင်း နှစ်ကြောင်းခွဲ၍ စစ်ကြောင်းထိုးနေကြောင်း ၎င်းက ဆက်ပြောသည်။
“အခုဆိုရင် အနည်းဆုံး စစ်ကြောင်း နှစ်ကြောင်းလောက်နဲ့ ဒီရွာ ငါးရွာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပါတယ်။ ရွာသားတွေကိုတော့ ဘေးလွတ်ရာပြောင်းရွှေ့ပေးထားပါတယ် “ ဟု ဆိုသည်။
စစ်ကောင်စီတပ်များသည် ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် ပေါက်မြို့နယ် မြိုင်မြို့နယ်များတွင် အင်အားသုံး ထိုးစစ်ဆင်နေကြောင်း အနောက်ပိုင်းတိုင်း တပ်ရင်း (၇၀၃)ထံမှ သိရသည်။ mizzima