မတ္တရာမြို့နယ် အိုင်ဒိုင်းရွာကို စစ်ကောင်စီတပ်က မီးရှို့နေ၍ ဒေသခံ ထောင်ချီ ထွက်ပြေးနေရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက်ခြမ်း အိုင်ဒိုင်းရွာကို မတ်လ ၁၇ရက်၊ နံနက် ၉နာရီ ၃၀မိနစ်ခန့်မှစတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့နေခြင်းကြောင့် ဒေသခံပြည်သူ ထောင်ချီ ထွက်ပြေးနေရကြောင်း သိရသည်။
“မနက် ၈နာရီလောက် သေနတ်တွေ ပစ်ဝင်လာတယ်။ မီးရှို့တာတော့ ၉နာရီကျော်လောက်ပဲ။ အကုန်ထွက်ပြေးရတယ်၊ မီးကတော့ အတော်လောင်နေတယ်။”ဟု အိုင်ဒိုင်းရွာသား တစ်ဦးကပြောသည်။
စစ်ဘေးရှောင်နှင့်မီးဘေးသင့် ပြည်သူများကို ကူညီပေးနေသည့် အဖွဲ့မှ အဖွဲ့ဝင် တစ်ဦးကလည်း “အိုင်ဒိုင်းရွာနား မကပ်နိုင်သေးဘူး၊ ခွေး(စကစတပ်သား)တွေက ပစ်တုန်း။ ကျွန်တော်တို့က မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတွက် စိုးရိမ်လို့ ဝင်ချင်နေတာ၊ ဒါပေမယ့် ဝင်မရှင်းနိုင်သေးဘူး။”ဟု ပြောသည်။
မတ်လ ၁၂ရက်၊ စကျင်တောင်အနီး တိုက်ခိုက်ခံရပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ ဝတီ မြစ်ရိုးတစ်လျှောက် ကျေးရွာများကို ဝင်ရောက် ပစ်ခတ် မီးရှို့ခြင်းများ ဆက်တိုက် ပြုလုပ်နေခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့ဝင် တစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မတ် ၁၅ရက် မှစတင်၍ မတ္တရာမြို့ အနောက်ခြမ်းကျေးရွာများဖြစ်သည့် မြွေတလိုင်း၊ မြွေရေယာဥ်၊ မြွေခလား၊ မြွေကူ တို့၊မြွေဟင်္သာ၊ မြွေပုသိမ်၊ ပိုးဝ စသည့်ကျေးရွာများ မီးရှို့ခံထားရပြီး ယနေ့အချိန်ထိ ကျေးရွာ ၂၅ ရွာနီးပါး မီးရှို့ခံထားရကာ ဒေသခံ သောင်းချီလည်း ထွက်ပြေးနေရသည်။
လက်ရှိ မတ္တရာမြို့နယ်အတွင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများနေစဥ် ဖြစ်ပွားလျှက်ရှိကြောင်း သိရသည်။mizzima