မတ္တရာမြို့ အနောက်ခြမ်းကျေးရွာများကို စစ် တပ်က ၃ ရက်ဆက်တိုက် မီးရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကျေးရွာများအား စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်နေ့မှ စတင်ကာ စစ်ကြောင်းထိုးပြီး ယနေ့ မတ်လ ၁၇ ရက်နေ့အထိ သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေ၍ ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာထွက်ပြေးနေကြရသည်။
ယနေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်ကလည်း မတ္တရာမြို့နယ်က အိုင်ဒိုင်းရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးနေသည်ဟု ဒေ သခံမျာက မဇ္ဈိမကို ပြောသည်။
“သုံးရက်ရှိပြီမီးရှို့ခံနေရတာ၊ ၁၅ ရက်နေ့ကစပြီး ရွာစဉ်အလိုက် စစ်တပ်ကမီးတင်ရှို့နေတာ” ဟု မတ္တရာမြို့ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြော သည်။
မတ္တရာမြို့အနီးရှိ တောပုကျေးရွာမှ ထွက်လာသော စစ်ကောင်စီတပ် စစ်ကြောင်း တစ်ခုသည် မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းကစ၍ ဒေါင်းကျွန်း၊ ဆူးလေကုန်း၊ ပိုဝ(တောင်)၊ ပိုဝ(မြောက်)၊ စိန်ပန်းကုန်း၊ မြွေရေယာဉ် မြွေခလ၊ မြွေတလိုင်း စသည့် ကျေးရွာများကို မီးဝင်ရှို့ ဖျက်ဆီးခဲ့သည်။
“တောပု(ကျေးရွာ)ဘက်က ထွက်လာတဲ့စကစစစ်ကြောင်း၊ အဲဒီစစ်ကြောင်းက မန္တလေးနန်းတွင်းကလို့ သိရတယ်၊ စိန်ပန်းကုန်း ပိုဝ(တောင်)၊ ပိုဝ(မြောက်) အဲဒီသုံးရွာကို ကနဦးမီးရှို့တယ်၊ နောက်ရက်တွေမှာ ဆက်စပ်ရွာတွေကိုဆက်ရှို့တယ်၊ အိမ်တော်တော်များများပြာကျတယ်၊ အရေအ တွက်တော့ ကျွန်တော်တို့ ဘယ်လိုစာရင်းကောက်နိုင်မလဲ၊ ထွက်ပြေးရတာတွေကတော့ ဒီမနက်ကနဲ့ရောဆိုရင် ငါးထောင်ကျော်လောက် ရှိမယ်” ဟု အထက်ပါ ဒေသခံက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီတပ် စစ်ကြောင်း ရွာထဲဝင်လာပါက လူသတ်၊ မီးရှို့ ဖျက်ဆီးသည့် လုပ်ရပ်များကို လုပ်ဆောင်လေ့ရှိသည်ဟု မတ္တရာဒေသခံ စစ်ဘေး ရှောင်တစ်ဦးကလည်း မဇ္ဈိမကို ပြောသည်။
“လက်နက်ကြီးပစ်ကူနဲ့ ဝင်လာတယ်၊ နောက်တော့ သေနတ်သံတွေ ဆက်တိုက်ကြားရတော့ ရွာရှိလူအကုန် ထွက်ပြေးတော့တာပဲ၊ ခပ်လှမ်း လှမ်းရောက်လို့ နောက်ပြန်လှည့်ကြည့်ချိန်မှာ ရွာကို စစ်တပ်က မီးရှို့နေပြီ” ဟု ၎င်းက ပြောသည်။
မတ္တရာမြို့နယ်တွင် မတ်လ ၁၃ ရက်နေ့ကလည်း မြွေကြည်ကုန်း၊ မြွေကတို့ဆိပ်၊ မြွေပုသိမ်၊ မြွေရွှေခဲ စသည့် မြို့အနောက်ခြမ်း ကျေးရွာလေးရွာကို စစ်ကောင်စီတပ်ကမီးရှို့ဖျက်ဆီးပြီး အရပ်သားငါးဦးကိုလည်း ပစ်သတ်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကို ပြောသည်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်သည် မန္တလေးမြို့နှင့် အနီးဆုံး ထိစပ်နေသော ဒေသတွင်းမြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့နှင့် မိုင် ၂၀ ခန့်သာကွာဝေးသည်။
စစ်အာဏာသိမ်းပြီးချိန်ကတည်းက ယနေ့အထိ စစ်ရေးတင်းမာနေသည့် မြို့တစ်မြို့ဖြစ်ပြီီး မကြာသေးမီရက်ပိုင်းက မြို့နယ် လ.ဝ.က ဦးစီးမှူး တစ်ဦးပစ်သတ်ခံခဲ့ရသကဲ့သလို့ အင်အား ၅၀ ခန့်ရှိသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုလည်း ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရသည်။mizzima