မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထား၍ မှတ်ပုံမတင်သည့် ပါတီများကို ဖျက်သိမ်းမည်ဟု စစ်ကောင်စီဆို

နိုင်ငံရေးပါတီများ မှတ်ပုံပြန်တင်ရမည့်ရက်ကို လာမည့် မတ်လ ၂၈ ရက်နေ့ နောက်ဆုံးသတ်မှတ်ထားပြီး မှတ်ပုံပြန်မတင်သည့် ပါတီများကို ဖျက်သိမ်းမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီ၏ ပြောကြားချက်ကို မတ်လ ၁၆ ရက်နေ့ထုတ် စစ်ကောင်စီဝါဒဖြန့် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ဇန်နဝါရီလ ၂၆ ရက်နေ့မှစပြီး နှစ်လအတွင်း နိုင်ငံရေးပါတီများ မှတ်ပုံပြန်မတင်ပါက အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်ကြောင်း မှတ်ယူရမည်ဟု ပြဋ္ဌာန်းထားပြီး ယင်းပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဥပဒေအရ မတ်လ ၂၆ ရက်နေ့တွင် ရက်ပေါင်း ၆၀ ပြည့်မည်ဖြစ်သော်လည်း မတ်လ ၂၅၊ ၂၆၊ ၂၇ ရက်နေ့များမှာ ရုံးပိတ်ရက်များဖြစ်သည့်အတွက် မတ်လ ၂၈ရက်နေ့ကို နောက်ဆုံးထားသတ်မှတ်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
လက်ရှိတွင် နိုင်ငံရေးပါတီ ၉၀ ကျော်ရှိပြီး ထိုအထဲမှ ပါတီ ၂၀ မှာ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပြန်လည်မှတ်ပုံတင်ထားပြီး ပါတီခြောက်ပါတီမှာ အသစ်တည်ထောင်ထားကြောင်း စစ်ကောင်စီ၏ ထုတ်ပြန်ချက်များအရ သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)တို့ကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်း ထုတ်ပြန်ထားကြသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ငြင်းဆန်ထားပြီး စစ်ကောင်စီထံမှတ်ပုံပြန်တင်မည်မဟုတ်ဘဲ ပါတီဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
“စစ်ကောင်စီက တရားမဝင်အာဏာကို သိမ်းပြီးတော့ တိုင်းပြည်ကို အဓမ္မအုပ်ချုပ်နေခြင်းဖြစ်တယ်။ စစ်ကောင်စီကနေ ခန့်အပ်လိုက်တယ်ဆိုတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း တရားမဝင်သာဖြစ်တယ်။ အလားတူပဲ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဆိုတာလည်း တရားမဝင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ဂရုမစိုက်ပါဘူးဗျ”ဟု NLDပါတီ စမ်းချောင်းမြို့နယ်၊ ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုဦးက ပြော သည်။
လက်နက်အားကိုးဖြင့် နိုင်ငံ့အာဏာကို အကြမ်းဖက်ရယူထားသည့် စစ်အုပ်စုအနေဖြင့် တရားဝင်အစိုးရတစ်ရပ်၏ မည်သည့်လုပ်ရပ်မျိုးကိုမှ လုပ်ကိုင်ဆောင်ရွက်ခွင့်မရှိဘဲ ရွေးကောက်ပွဲလည်း ကျင်းပခွင့်မရှိကြောင်း DPNS ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်းပြောသည်။
ထို့ကြောင့် DPNSပါတီအနေဖြင့် စစ်အုပ်စု၏ လက်အောက်တွင် နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ပြန်လည်မှတ်ပုံတင်မည်မဟုတ်ဘဲ စစ်အုပ် စု၏ ဆောင်ရွက်ချက်များကိုလည်း အသိအမှတ်ပြုမည်မဟုတ်ကြောင်း ဒေါ်နှင်းနှင်းမွှေးက ဆိုသည်။
“အခြားနိုင်ငံရေးပါတီတွေအနေနဲ့လည်း စစ်အုပ်စုကို တစ်စုံတစ်ရာတရားဝင်အောင်ပြုလုပ်ပေးတဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ခြင်းမပြုကြဖို့ ကျွန်မတို့က မေတ္တာရပ်ခံတိုက်တွန်းချင်ပါတယ်”ဟုဆိုသည်။
လက်ရှိ စစ်ကောင်စီထံ မှတ်ပုံပြန်တင်ထားသည့် ပါတီများတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒေါက်တာအေးမောင်၏ ရခိုင့်ဦး ဆောင်ပါတီ (AFP)၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ( ကျားဖြူပါတီ)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)၊ စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင်၏ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ မွန်ညီညွတ်ရေးပါတီ၊ နှင်းဆီပါတီကို အမည်ပြောင်းထားသည့် ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)နှင့် လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့လည်းပါဝင်သည်။
စစ်ကောင်စီကပြဋ္ဌာန်းသော ရွေးကောက်ပွဲဥပဒေသည် တရားဝင်ခြင်းမရှိဘဲ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံသွား ရောက်မှတ်ပုံတင်ခြင်းသည် မည်သည့်အကြောင်းပြချက်များရှိစေကာမူ ပြည်သူ့ဆန္ဒကို သွေဖယ်ဆန့်ကျင်ပြီး စစ်ကောင်စီ၏ ဖြစ်တည်မှုကို အတိအလင်းလက်ခံ လိုက်ခြင်းဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုအား ဖိနှိပ်သတ်ဖြတ်နေမှုကို အားပေးအားမြှောက်ပြုခြင်းပင်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က မတ်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။mizzima