မုံရွာမြို့ ထနောင်းတောရွာကို စစ်တပ်မီးရှို့၊ မပြေးနိုင်သည့် သက်ကြီး ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်းမြို့တော် မုံရွာအနီး ထနောင်းတောရွာကို စစ်တပ်က ယမန်နေ့ (မတ် ၁၅) တွင် မီးရှို့လိုက်ရာ လေဖြတ်နေ၍ ပြေးလွှားနိုင်ခြင်းမရှိသော သက်ကြီးရွယ်အို ၃ ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့ နှစ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ နံနက် ၆ နာရီခန့်တွင် အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်က မြို့တောင်ဘက် ၃ မိုင်ခန့် အကွာတွင်ရှိသော ဒေသခံကာကွယ် ရေးစခန်းတစ်ခုကို အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ပြီး ထိုစခန်းတောင်ဘက် ၂ မိုင်ခန့်အကွာရှိ ထနောင်းတော (တောင်) ရွာကို မီးရှို့စဉ် သေ ဆုံးသွားသူများမှာ အသက် ၈၀ အရွယ် ဒေါ်ကောင်းမှုံ၊ အသက် ၇၀ အရွယ်များ ဖြစ်ကြသော ဦးစိန်လင်း၊ ဦးဌေးမောင်တို့ ဖြစ်သည်။

စစ်ကောင်စီတပ်မှာ စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး ရောက်လာခြင်းဖြစ်သည်ဟု Golden Eagle Force အမည်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“စစ်ကြောင်းက နှစ်ကြောင်းခွဲလာတာ။ ရေကြောင်းနဲ့ ကုန်းကြောင်း နှစ်ဖက်ညှပ်ဝင်တာ။ စခန်းကို ဝင်စီးပြီးတဲ့ အချိန်မှာ နောက်တစ်ကြောင်းက ရွာကို ဝင်စီးသွားတာ” ဟု ၎င်းက ဆိုသည်။

Anonymous Revolution Force အမည်ရှိ မြို့နယ်ကာကွယ်ရေးအဖွဲ့၏ အခြေစိုက်စခန်း စီးနင်းခံရခြင်း ဖြစ်ပြီး အဖွဲ့ခေါင်းဆောင်အပါအဝင် အဖွဲ့ဝင် ၁၂ ဦး ဖမ်းဆီးခံရသည်ဟု ကြားသိရပြီး အခြေအနေအသေးစိတ် မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)  မုံရွာမြို့နယ် တာဝန်ရှိသူတစ်ဦးကလည်း စစ်တပ်က ရွာမီးမရှို့မီ နေအိမ်များကို ဖောက်ထွင်းမွှေ နှောက် သွားသည်ဟု သိရကြောင်း ပြောသည်။

“မီးရှို့တော့ ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ၃ ဦးကတော့ သေဆုံးသွားတယ်။ ကျန်တဲ့ ထိခိုက်ဒဏ်ရာ အခြေအနေကတော့ အတည်ပြုမရသေးဘူး။ စစ်ကြောင်းက အခုချိန်ထိ ထိုးနေတုန်းဆိုတော့ ကျွန်တော်တို့ဘက်က ရှင်းလင်းရေးမဝင်နိုင်သေးဘူး ဖြစ်နေတာ” ဟု PDF တာဝန်ရှိသူက ဆိုသည်။

မုံရွာ-အမြင့်လမ်းပေါ်တွင်ရှိသော အိမ်ခြေ ၂၅၀ ခန့်ရှိသော ထိုရွာကို စစ်တပ်က မီးရှို့ခဲ့ပြီးနောက် ၁၁ နာရီခွဲခန့်တွင် ထိုရွာမှ ပြန်ထွက်သွားကြောင်း၊ အိမ် ၆၈ လုံး မီးလောင်ပျက်စီးသွားကြောင်း ထနောင်းတောရွာသားတစ်ဦးက ပြောသည်။

မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးဌာနက ထုတ်ပြန်သည့် အွန်လိုင်းရုပ်သံဖိုင်ထဲတွင် ထနောင်းတောရွာအတွင်း မီးလောင်နေစဉ် ရွာအခံအချို့က မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြသော်လည်း နှစ်ထပ်အိမ်များထက် နှစ်ဆနီးပါးမြင့်နေသည့် မီးတောက်များအရှိန်ကြောင့် ကပ်၍ပင်မရဖြစ်နေသည်ကို တွေ့ရသည်။

ဒေါ်ကောင်းမှုံနှင့် ဦးစိန်လင်းတို့မှာ လေဖြတ်ဝေဒနာ ခံစားနေရသူများဖြစ်သည်၊ ဦးဌေးမောင်မှာ လူနာစောင့်ရှောက်ရန် ကျန်ခဲ့စဉ် သုံးဦးလုံး မီးရှို့အသတ်ခံလိုက်ရခြင်းဖြစ်သည်ဟု အထက်ပါရွာခံ အမျိုးသားက ပြောသည်။

“အဘွားကြီးက လေဖြတ်နေတော့ မပြေးနိုင်၊ မလွှားနိုင်လို့ ဆိုပြီး သူ့သမက် (ဦးဌေးမောင်) က စိတ်မချလို့ နေခဲ့တာ။ စစ်သားတွေ ရွာထဲ ရောက်လာတော့ အိမ်သာထဲ (ဦးဌေးမောင်က) ဝင်ပုန်းနေတာနဲ့ တူတယ်ဗျ။ အဲဒါကို အိမ်သာကို စစ်သားတွေက ချက်ထိုးပြီးတော့ မီးရှို့သွားတာ။ မီးငြှိမ်းဖို့ ပြန်ဝင်တော့ အိမ်သာက ချက်တွေ ရိုက်ဖြုတ်ပြီး ပြန်ထုတ်ခဲ့ရတယ်။ အိမ်သာထဲကနေ ထုတ်တော့ သူက အသက်ငွေ့ငွေ့ ပါသေးတယ်။ ပြန်ထုတ်လာပြီးတော့မှ သေသွားတာ” ဟု ထိုအမျိုးသားက ဆိုသည်။

သေနတ်ပစ်ဖောက်၍ ဝင်လာသည့် စစ်တပ် စတင်မီးရှို့သည့် ရွာမြောက်ပိုင်းတွင် နေအိမ်အများဆုံး မီးထဲ ပါသွားကြောင်း၊ ဆိုင်ကယ် ၂၁ စီး၊ ကား ၂ စီးနှင့် လယ်ထွန်စက် ၁ စီး မီးလောင်သွားကြောင်း၊ ရွာအတွင်း ဖမ်းဆီးခံရသူများရှိသော်လည်း အများစုမှာ ပြေးလွှားနေကြရဆဲဖြစ်သဖြင့် အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးကြောင်း အထက်ပါ ရွာခံက ဆက်ပြောသည်။

ဖမ်းဆီးခံရသူများကို စစ်ကောင်စီတပ်က မုံရွာမြို့တွင် အခြေစိုက်ထားသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ထဲသို့ ခေါ်ဆောင်သွားသည်ဟု သတင်းထွက်နေသည်။

ထနောင်းတောရွာကို မီးရှို့သွားသည့်သတင်းကို စစ်ကောင်စီတပ်က အမှောင်ချထားဆဲဖြစ်သည်။

မတ် ၁၄ တွင် မုံရွာမြို့အခြေစိုက် ကာကွယ်ရေးအဖွဲ့ ၁၀ ဖွဲ့ခန့်က နမခဌာနချုပ်ကို လက်နက်ကြီးများဖြင့် အချက် ၅၀ ခန့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ပျက်စီးထိခိုက်မှုအခြေအနေ အသေးစိတ်ကို စုံစမ်းနိုင်ခြင်းမရှိသေးကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် အဖွဲ့ဖြစ်သည့် Chindwin Attack Force ၏ သတင်းပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုအဖွဲ့က ယမန်နေ့ (မတ် ၁၅) ညသန်းခေါင်အချိန်ခန့်က မုံရွာမြို့နယ်နှင့် အရာတော်မြို့နယ်အစပ် သာစည်ရွာတွင် စစ်ကောင်စီက အသစ်ဆောက်လုပ်နေသော အကျဉ်းထောင်ကို ၁၂၀ မမ အမျိုးအစား လက်နက်ကြီးနှစ်လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့သည်၊ ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

“ကျွန်တော်တို့ မြို့နယ်မှာ ပတ်ပတ်လည် စစ်ကြောင်းထိုးနေတယ်။ ဒီကောင်တွေ လူမဆန်စွာ မီးရှို့တယ်။ သူတို့ ရှေ့တန်းထွက်သွားတာနဲ့ တစ် ပြိုင်တည်း သူတို့မိသားစုဝင်တွေ နောက်မှာ ကျန်ခဲ့တာ။ သူတို့အိမ်လည်း မလုံခြုံဘူးဖြစ်အောင်၊ ကိုယ်ချင်းစာတရားဖြစ်အောင် စကစ ပတ် သက်တာမှန်သမျှတွေ တိုက်ပွဲဖော်နေမှာပဲဗျ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s