မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ မတ် ၁၆ ရက် မနေ့ ည ၁၀ နာရီလောက်မှာ ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်အသိုက်အဝန်းက ဒီဗွီဘီကို ပြောပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထဲကို လက်နက်ကိုင်အဖွဲ့တဖွဲ့က ဒရုန်းနဲ့ ဗုံး ၃ လုံးချပြီး တိုက်ခိုက်ခဲ့တာကြောင့် ရုံးအဆောက်အဦတခု ထိခိုက်ပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ UAV လို့ခေါ်တဲ့ မောင်းသူမဲ့ ထောက်လှမ်းရေးဒရုန်း အမျိုးအစား ဒါမှမဟုတ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ စစ်တပ်အသိုက်အဝန်းက ပြောဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ ရဟတ်ယာဉ်တွေထားတဲ့ အဆောက်အဦထဲကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်ပြီး Jammer တွေ တပ်ဆပ်ထားတာကြောင့် ရဟတ်ယာဉ်ကွင်း အနောက်ဘက် လျှိုထဲ ကျရောက်ပေါက်ကွဲခဲ့တာပါ။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရမှုမှာ ဗုံးတလုံး တိုင်းအိမ်ထောင်သည်လိုင်းပေါ် တည့်တည့် ကျရောက်ကွဲခဲ့ကြောင်းနဲ့ နောက်ဗုံးတလုံးဟာ တိုင်းငွေစာရင်းရုံး အနောက်ဘက်တောထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်တပ်ထောက်ခံသူတွေက ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာ မျက်နှာမှာ ရေးသားထားပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရပြီး ပေါက်ကွဲသံ ၃ ချက် ကြားပြီးနောက် တိုင်းဝင်းတခုလုံး လျှပ်စစ်မီး ပြတ်တောက်သွားတယ်လို့ တိုင်းစစ်ဌာနချုပ်အနီး နေထိုင်သူတွေထံကနေ သိရပါတယ်။
အဲဒီနောက်မှာတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထဲက ကား ၁၀ စီးထက်မနည်း ထွက်လာပြီးနောက် မော်လမြိုင် တောင်ညိုတောင်တန်းပေါ် တောနင်းရှာဖွေတာနဲ့ တိုင်းအနီးရှိ နေအိမ်တချို့ကိုလည်း ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဘယ်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မရှိသလို အဲဒီတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရရှိမှု ရှိ မရှိ အသေးစိတ် အချက်အလက်ကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ရဲ့ ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို အဓိကတာဝန်ယူဆောင်ရွက်နေတဲ့ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်ဟာ စတင်ထူထောင်တဲ့ ၁၉၆၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။ DVB