မြန်မာ့အရေး မဖြေရှင်းနိုင်သည့်အပေါ် စင်္ကာပူဝန်ကြီးချုပ် နောင်တရ၊ စစ်ခေါင်းဆောင်ကို ပိုဖိအားပေးသွားမည်ဆို

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ၊ မတည်မငြိမ်ဖြစ်မှုများအတွက် အာဆီယံ၏ ဖြေရှင်းမှုမတိုးတက်သည့်အပေါ် နောင်တရနေကြောင်း စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကပြောကြောင်း ရိုက်တာသတင်းတွင် မတ်လ ၁၆ ရက်က ဖော်ပြသည်။
ရပ်တန့်နေသည့် ငြိမ်းချမ်းရေးအစီအစဉ်များတိုးတက်လာရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းများ၊ အခြားသော အရှေ့တောင်အာရှနိုင်ငံများနှင့် ပူးပေါင်းကာ မြန်မာစစ်ကောင်စီကို တွန်းအားပေးသွားမည်ဟုလည်း လီကဆိုသည်။
“စင်္ကာပူနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပြင် UN လိုမျိုး အာဆီယံရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့လည်း ဆက်လက်ပြီး သဘောတူညီမှု ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ တွန်းအားပေးသွားမှာ ဖြစ်ပါတယ်” ဟု အာဆီယံနှင့် မြန်မာစစ်ခေါင်းဆောင်တို့ သဘောတူညီထားသည့် ငြိမ်းချမ်းရေး အစီအစဉ်ကို ကိုးကား၍ ပြောသည်။
အင်ဒိုနီးရှားသမ္မတ Joko Widodo စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေစဉ် လီက ပြောခဲ့ခြင်းဖြစ်သည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုနှင့် The Straits Times (ST) တို့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံမေးမြန်းမှုတွင်လည်း စစ်ခေါင်းဆောင် သဘောတူထားသည့် အာဆီယံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရန် အင်ဒိုနီးရှားက ကြိုးပမ်းသွားမည်ဟုဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်က မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ချမှတ်ခဲ့သည်။ ထိုသဘောတူညီချက်များတွင် နိုင်ငံအတွင်း အကြမ်းဖက်မှုများရပ်ရန်၊ သက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေးရန်၊ လူသားချင်းစာနာမှု အကူအညီများပေးရန် စသည့် အချက်များပါဝင်သည်။
ထိုအချက်များအကောင်အထည်ဖော်ရန် စစ်ကောင်စီက လျစ်လျူရှုထားရာ မြန်မာ့အရေးပြေလည်ရန် အချိန်ယူရမည်ဟုလည်း အင်ဒိုနီးရှားသမ္မတက ဆိုသည်။ myanmar now