မြိတ်-ရန်ကုန်ခရီး စစ်ဆေးရေးဂိတ်များလာပြီး အချိန်ကုန်ငွေကုန်ကြေးကျများလာ

မြိတ်-ရန်ကုန် ခရီးစဉ်တလျှောက်မှာ စစ်ဆေးရေးဂိတ်တွေ ပိုမိုများပြားလာတာတာကြောင့် ခရီးစဥ် ကြန့်ကြာနှောင့်နှေးနေတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
အရင် စစ်အာဏာမသိမ်းခင်က မြိတ်ကနေ Express ကားတွေနဲ့ ရန်ကုန်သွားတဲ့ ခရီးစဉ်ဟာ တညအိပ်ခရီးသာ အချိန်ကြာပေမဲ့ စစ်အာ ဏာသိမ်းပြီးနောက် ကားလမ်းနဲ့ မြို့အဝင်လမ်းတွေမှာ ဂိတ်အသီးသီးချပြီး စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ စစ်သားတွေက ပိုပြီးစစ်ဆေးလာတာကြောင့် ၂ ညအိပ် ၃ ရက်လောက်အထိ ခရီးစဥ် ကြန့်ကြာနေရတာဖြစ်တယ်လို့ သိရပါတယ်။
ခရီးသွားပြည်သူတဦးက “ခရီးနှောင်နှေးတာတော့ ပြောမနေနဲ့၊ ဂိတ် ၂ဝ ကျော်လောက်ရှိတယ်။ တလမ်းလုံး ကားပေါ်ကဆင်းနေရတယ်။ အရင်ကဆို မြိတ်ကနေ ညနေထွက်၊ ရန်ကုန်ကို နေ့လယ်ဆို ရောက်ပြီလေ။ ခုတော့ ၂ ညအိပ် ၃ ရက်လောက်ကြာတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေကနေ ခရီးသည်တွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်ပြီးတော့ ငွေကြေးတောင်းခံတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
စစ်ကောင်စီလက်ထက် မြိတ်-ရန်ကုန်ခရီးစဉ်တွေမှာ ဂိတ်ပေါင်း ၂ဝ ကျော်လောက် တိုးမြှင့်ထားပြီး စစ်ဆေးမေးမြန်းမှုတွေ များလာတဲ့အပြင် ပြည်နယ်တချို့က ခရီးသွားပြည်သူတွေဆိုရင် ခရီးစဉ်တလျှောက် ဂိတ်ကြေးအတွက် သိန်းဂဏန်းနီးပါးအထိ ပေးဆောင်နေရကြောင်း သိရပါတယ်။
မြိတ်ခရီးသွားပြည်သူတဦးကလည်း “၆/တွေကလွဲရင် ရန်ကုန်ကနေ မြိတ်လာတဲ့ ခရီးသည်အားလုံး တယောက်မကျန် ပိုက်ဆံ နှစ်ထောင်စီ ပေး ရတယ်။ ရန်ကုန်ကလာတဲ့လူတွေဆိုရင် ခရီးတခါလာဖို့ဟာ တသိန်းလောက်လိုတယ်။ ထိုင်းဘက်ခိုးထွက်မယ့်လူတွေလည်း တနေ့ကို အများကြီးဆင်းတယ်။ မလွဲတောင်ဂိတ်ရောက်ရင် ခရီးသည် ကားပေါ်ကဆင်းပြီး ရဲတွေနဲ့ညှိထားတဲ့ကားနဲ့ တယောက် နှစ်သောင်းကျော်နဲ့ ဖြတ်ကြတာ၊ အဲဒါက သက်သက်စီးပွားရှာနေကြတာ” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက ခရီးသွားပြည်သူ ကားတွေပေါ်မှာ လိုက်ပါစီးနင်းလာတာမျိုးတွေ လုပ်နေတာကြောင့် ခရီးသည်တွေ ကြောက်ရွံ့ထိတ်လန့်နေရတယ်လို့ သိရပါတယ်။DVB