သာကေတတွင် ပစ်ခတ်မှုဖြစ်ပြီး ရဲ ၁ ဦးနှင့် အရပ်သား ၁ ဦးသေ၊ ရဲ ၁ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဏ ရပ်ကွက်မှာ မတ်လ ၁၇ ရက် ဒီနေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပြီး ရဲတဦးနဲ့ အရပ်သားတဦး သေဆုံးကာ ရဲတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့ နေ့လယ် ၁၂ နာရီကျော်က ဏ ရပ်ကွက် ဧရာဝဏ်လမ်းရှိ မိတ္တူဆိုင်မှာ မိတ္တူလာကူးတဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆိုင်ကယ်နဲ့ လာရောက်ပစ်ခတ်ရာ ရဲတဦးနဲ့ အမျိုးသားတဦး သေဆုံးပြီး ရဲတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
“သူတို့ကလည်း ဆိုင်ထဲကိုအဝင်၊ ဆိုင်ကယ်နဲ့ရောက်လာပြီး လာပစ်တာ၊ နှစ်ဦးသေသွားတယ်၊ ပွဲချင်းပြီးပဲ။ အခု လူနာတင်ယာဥ်နဲ့ လာသယ်သွားပြီ။”
အဆိုပါပစ်ခတ်မှုမှာ ရဲတဦးနဲ့ မိတ္တူဆိုင်မှာရှိတဲ့ အမျိုးသားတဦး သေဆုံးခဲ့ပြီး ရဲတဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ရပ်မိရပ်ဖတဦးက ပြောပါတယ်။
“သေနတ်နဲ့ တောက်လျှောက်ပစ်တာ၊ ဆယ်ချက်ကျော်မယ်။ ရဲတဦးနဲ့ အရပ်သားတဦး သေတယ်။ ရဲတဦးက ဒဏ်ရာရတယ်။ သေတဲ့အမျိုး သားကလည်း မိတ္တူဆိုင်မှာ မိတ္တူလာကူးတဲ့သူ ဖြစ်မယ်။”
လတ်တလောမှာ ဏ ရပ်ကွက်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ပိတ်ဆို့စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
ဒီနေ့မနက်ပိုင်းကလည်း လှည်းကူးမြို့နယ် တရားရုံးဝင်ပေါက်မှာ ဗုံးပေါက်ကွဲခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပါတယ်။
ပြီးခဲ့တဲ့လတွေကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး စစ်ကောင်စီတပ်၊ ရဲနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ သေဆုံးခဲ့ပါတယ်။ DVB