NUG အစိုးရက စစ်ဘေးရှောင်များအတွက် ကျပ်သန်းပေါင်း ၃၀၀ ကျော်လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ထောက်ပံ့ပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနက ယခုနှစ် ဖေဖော် ဝါရီလအတွင်း ငွေကျပ် ၃၇၈ ဒသမ ၁၁ သန်း တန်ဖိုးရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ပေးအပ်နိုင်ခဲ့သည်ဟု ယမန်နေ့ မတ် လ ၁၆ ရက်တွင် ယင်းဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
ထိုသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများပေးအပ်ရာတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများနှင့် စစ်ဘေးရှောင်များအတွက် ငွေကျပ်၂၄၃ ဒသမ ၇ သန်း ၊ ကျဆုံးသွားသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် ငွေကျပ် ၁၁၃ ဒသမ ၃၁ သန်း၊ CDM ဝန်ထမ်းများအတွက် ငွေကျပ် ၇ ဒသမ ၁ သန်း၊ ထိခိုက်လွယ်ပြည်သူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် ငွေကျပ် ၀ ဒသမ ၅၅ သန်း၊ နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် ငွေကျပ် ၂ ဒသမ ၉ သန်း နှင့် အထွေထွေလူသားချင်းစာနာမှု အကူညီများအတွက် ငွေကျပ် ၁၀ ဒသ မ ၅၅ သန်း ကူညီ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ဆိုသည်။
ယင်းသို့ ထောက်ပံ့ရာတွင် အများဆုံးထောက်ပံ့ပေးအပ်ခဲ့သည့် ဒေသသုံးခုမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး စစ်ဘေးရှောင်သူဦးရေ ၃၀၆,၇၅၆ ဦးတို့အား ပေးအပ်နိုင်ခဲ့သည်ဟု ဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ထောက်ပံ့ပေးအပ်မှုတွင် ဆန်၊ ဆီနှင့် ရိက္ခာများ၊ အမိုးအကာများ၊ အဝတ်အထည်များအပါအဝင် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးပို့နိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကြောင့် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာနေအိမ်များအား ယာယီခိုလှုံရေးတဲများအဖြစ် ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့အပြင် “ CDM များ၏ စေတနာအားနှင့်အတူ ဗုံးကျည်ဆန်ကြားက ကလေးငယ်များကို ဝိုင်းလို့ကူ” အစီအစဉ်မှ ရရှိလာသော ရန်ပုံငွေဖြင့် ယခုနှစ် ဖေဖော်ဝါရီလအထိ မြေပြင်စာသင်ကျောင်းပေါင်း ၇၉၀ ကျော်ကိုလည်း ဗုံးခိုကျင်းများ တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့သည်ဟု အသိ ပေးထုတ်ပြန်ချက်တွင် ပါရှိသည်။
အလားတူ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းအနေဖြင့် အရပ်သားထိခိုက်မှု လျှော့ချရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်တုန့်ပြန်ရေး သင်တန်းများအနက် လေကြောင်း အန္တရာယ် ကြိုတင်ကာကွယ်ရေး၊ မြေမြှုပ်မိုင်းနှင့် အခြား ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ၏ အန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်း၊ လက်နက်ကိုင် ပဋိပက္ခ အခြေအနေအတွင်း အရေးပေါ်ဆောင်ရန်၊ ရှောင်ရန် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း နှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများ လျော့ပါးစေရန်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ mizzima