ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့၊ မုန်တိုင်းရပ်ကွက်နေ ကိုစောလှဆိုသူနှင့် ၎င်း၏အမျိုးသမီး၊ ကလေးငယ်နှစ်ဦး အပါအဝင် လေးဦးကို ထိုင်းစစ်တပ်အရာရှိများနှင့် ထိုင်းရဲများက မတ်လ ၁ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး၍ စစ်ကောင်စီတပ်ထံ လွှဲပြောင်းခံရပြီးနောက် ယနေ့အချိန်ထိ အဆက်သွယ်မရသေးကြောင်း အရှေ့ပိုင်းနဂါး- တာချီလိတ်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့၏ တာဝန်ရှိသူ ကိုသားကြီးထံမှ သိရသည်။
မတ်လ ၂ ရက်နေ့က မြန်မာဘက်အခြမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ထံသို့ အပ်နှံခဲ့သည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ယနေ့ မတ်လ ၁၈ရက်နေ့အထိ ဖမ်းဆီးခံရသည့် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးခြင်း ဖြစ်သည်။
“သူ့ကို မိသားစုနဲ့အတူ ထိုင်းဘက်ကဖမ်းပြီး မြန်မာဘက်က စစ်ကောင်စီတပ်ဆီ လွှဲတယ်။ ပြန်လွှဲပြီးချင်း တာချီလိတ်မြို့နယ်ထဲက စစ်ကြောရေးထဲ တန်းပို့လိုက်တာ။ အဲ့ဒီနောက်ပိုင်း သူတို့တစ်မိသားစုလုံးရဲ့ သတင်းအစအနကို မရတော့ဘူး။ ကိုစောလှ ဖုန်းကနေတစ်ဆင့် အဆက် အသွယ်တွေအားလုံးကို အတွင်းကျကျ အကုန်ရသွားတဲ့သဘောမှာရှိတယ်” ဟု အရှေ့ပိုင်းနဂါး၏ တာဝန်ရှိသူက ပြောသည်။
ကိုစောလှသည် ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ခွင့် ကဒ်ပြား၊ အလုပ်သမားကဒ်များရှိပြီး ကိုစောလှနှင့် မိသားစုအား ဖမ်းဆီးချိန်တွင် ဒရုန်းသုံးစင်း၊ ပစ္စတိုတစ်လက်၊ ဝါယာကြိုးများနှင့် မိုင်းပြုလုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအခြေစိုက် MGR News ၏ ဖော်ပြချက်အရ သိရသည်။
“မတ်လ ၁၆ ရက်နေ့မှာ ကျွန်တော်တို့အဖွဲ့ထဲက နောက်တစ်ယောက် ထပ်ပြီး အဖမ်းခံထိတယ်။ သူ့နာမည်က သူရိန်ဝင်း။ ထိုင်းနိုင်ငံ ချင်းလိုင်းမြို့မှာ နေ့လည်ပိုင်း သူ့အလုပ်ခွင်ထဲမှာ အရပ်ဝတ်တွေ ဝတ်ထားတဲ့ ထိုင်းဘက်ခြမ်းက လဝက၊ ရဲ၊ စစ်တပ်တွေက လာဖမ်းသွားတာ။ မနေ့ကအထိတော့ ထိုင်းအချုပ်ထဲမှာပဲရှိသေးတယ်။ မြန်မာစစ်တပ်ဘက်ကို ပြန်လွှဲဖို့များတယ်။ ပြီးတော့ ထိုင်းရဲတွေက သူရိန်ဝင်းကို လာဖမ်းတဲ့အချိန်ပြောသွားတာက ‘နောက်ထပ် ဖမ်းဖို့ကျန်နေသေးတယ်။ ရှိနေသေးတယ်’ဆိုပြီး ပြောသွားတယ်” ဟု ကိုသားကြီးနှင့် တပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကိုပြောသည်။
ဖမ်းဆီးခံရသူ ကိုစောလှ၏ ဖုန်းမှတစ်ဆင့် အရှေ့ပိုင်းနဂါး၏ လှုပ်ရှားမှုများ ၊ အဆက်အသွယ်များနှင့် အဖွဲ့ဝင်များ၏ အချက်အလက်များအား စစ်ကောင်စီက ရရှိသွားသဖြင့် ယင်းအချက်အလက်များမှတစ်ဆင့် လိုက်လံဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ၎င်းကမှတ်ချက်ပြုသည်။
အရှေ့ပိုင်းနဂါး- တာချီလိတ်အခြေစိုက် မြို့ပြ ပြောက်ကျားအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦး ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီးနောက်တွင် လုံခြုံခြင်းမရှိတော့သဖြင့် ကျန်အဖွဲ့ဝင်များသည် ထိုင်းနိုင်ငံအတွင်း ခိုလှုံနေရာမှ ယမန်နေ့ မတ်လ ၁၈ ရက်နေ့တွင် မြန်မာနယ်စပ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာသို့ မိသားစုဝင်များပါခေါ်ဆောင်၍ တိမ်းရှောင်ထွက်ပြေးလာရသည်ဟု ကိုသားကြီးက မဇ္ဈိမကို ပြောသည်။
“ကျွန်တော်တို့ အဖွဲ့ဝင် ဖမ်းခံထိတာ နှစ်ယောက်ရှိပြီ။ ပြီးတော့ လာဖမ်းတဲ့ထိုင်းရဲတွေက ထပ်ဖမ်းဖို့ ကျန်နေသေးတယ်ဆိုပြီး ပြောသွားတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ မလုံခြုံတော့လို့ လွတ်မြောက်နယ်မြေကို ခေတ္တရှောင်တိမ်းလာရတာဖြစ်တယ်၊ ထိုင်းဘက်ခြမ်းက စစ်တပ်နဲ့ရဲက လိုက်ပြီးတော့ ဖမ်းပေးတယ်ဆိုတာမျိုးကတော့ မဖြစ်သင့်တဲ့ကိစ္စပါ” ဟု ကိုသားကြီးက ပြောသည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့က တာချီလိတ်မြို့၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( USDP ) ရုံးအနီး ဗုံးငါးလုံးဆင့် ဖောက်ခွဲခဲ့ခြင်းကြောင့် ခမရ (၃၃၁)မှ တပ်ကြပ်တစ်ဦး၊ မကာဟိုခမ်းရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမှုများပြုလုပ်လာခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ USDP ရုံးဖောက်ခွဲမှုသည် အရှေ့ပိုင်းနဂါး- တာချီလိတ်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၁ရက်နေ့ကလည်း တာချီလိတ်မြို့နယ် လဝက ရုံးရှေ့တွင် ဗုံးတစ်လုံး ဖောက်ခွဲခဲ့သည်ဟု ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ထို့အပြင် အရှေ့ပိုင်းနဂါး တာချီလိတ်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဟု အဖွဲ့နာမည်မတပ်ခင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း တာချီလိတ်မြို့နယ်တွင်ပြုလုပ်သည့် တပ်ထောက်ခံပွဲအား ဗုံးပစ်တိုက်ခိုက်ခဲ့ရာ လေးယောက်သေဆုံးခဲ့သေးကြောင်း ၎င်းအဖွဲ့ထံမှ သိရသည်။mizzima
Like this:
Like Loading...