စစ်တပ်​​​၏ လက်နက်ကြီးများကြောင့် ဘာသာရေးအဆောက်အအုံများ ထိခိုက်ပျက်စီးကြောင်း KNU ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီးများကြောင့် ဒေသခံကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာရပြီး ဘာသာရေးအဆောက်အအုံများ ပျက်စီးမှုရှိကြောင်း သိရသည်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့၊ ရေလဲကျေးရွာအုပ်စု၊ ထွနီကုန်းရွာနှင့် ဆေးပုလဲရွာအကြားတွင် ယမန်နေ့ မတ်လ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်မှစ၍ KNU တပ်မဟာ (၃)၊ တပ်ရင်း (၈) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းနှင့် တိုက်ပွဲပြီးနောက်တွင် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီး ၄၂ လုံး ပစ်ခတ်ခဲ့ပြီး ထိုလက်နက်ကြီးများသည် ထွနီကုန်းကျေးရွာနှင့် ဆေးပုလဲရွာ ရွာအတွင်း၊ ရွာအပြင်ဘက်များတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထွနီကုန်းကျေးရွာရှိ ဘိုးပိုက်ဆံဗြဟ္မစိုရ်ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

မတ်လ ၁၇ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် စစ်ကောင်စီတပ်မှ ရေလဲကျေးရွာအတွင်းရှိ ရေလဲဘုန်းကြီးကျောင်းအား ဒရုန်းဖြင့် ဗုံးသီးများချိတ်ဆွဲကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေလဲဘုန်းကြီးကျောင်းအတွင်းရှိ ဘုန်းကြီးကျောင်းဆောင်၊ ဆွမ်းစားဆောင်၊ ဓမ္မာရုံ အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း သိရသည်။

” ရွာအပြင်ဘက်တွေမှာ မပေါက်သေးတဲ့ လက်နက်ကြီးတွေလည်း တွေ့ကြတယ်။ အိမ်တွေလည်း ထိခိုက်တာရှိတယ်။ မှန်တွေကွဲကျတယ်၊ ခေါင်မိုးတွေလန်တာတွေရှိပါတယ်။ ထုတ်ပြန်ချက်ထဲမှာထက် အပြင်မှာ ပိုဆိုးပါတယ်” ဟု ရေလဲကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။

ဒါ့အပြင် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့တွင် ညောင်ကုန်းရွာအတွင်း စစ်ကြောင်းထိုး အထိုင်ချထားသော ခမရ(၆၀) မှ စစ်ကောင်စီတပ်သားများ​မှ ရေလဲကျေးရွာအတွင်းသို့ ၈၁ မမ လက်နက်ကြီးအမျိုးအစား လေးလုံးတိတိ ပစ်ခတ်မှုကြောင့် ရေလဲရွာအတွင်း စာသင်နေသော အ သက် လေးနှစ်အရွယ်ရှိ နော်ထက်ထက်​ ထိခိုက်ဒဏ်ရာရခဲ့ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်း ကျောင်းဆောင် အနည်းငယ် ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရေလဲကျေးရွာအုပ်စုအတွင်းရှိ ထွနီကုန်းကျေးရွာ၊ ဆေးပုလဲကျေးရွာအတွင်းရှိ ဒေသခံပြည်သူအချို့သည် ကြိုတင်ပြင်ဆင်ထားသော ဗုံးခိုကျင်းများအတွင်း ဝင်ရောက်ပုန်းခိုနေကြပြီး အချို့သော ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

KNU ​၏ ထုတ်ပြန်ချက်တွင် ထွနီကုန်းနှင့် ဆေးပုလဲကျေးရွာ နှစ်ရွာပေါင်း အိမ်ခြေ ၂၁၉ အိမ်ရှိပြီး လူဦးရေ ၁,၁၆၂ ဦးခန့်ရှိကြောင်း၊ လက်ရှိအ ခြေအနေတွင် ၁,၀၀၀ ကျော်သော ထိုပြည်သူများသည် ဘေးလွတ်ရာနေရာများတွင် နေအိမ်ကိုစွန့်၍ တိမ်းရှောင်နေကြရကြောင်း ပါရှိသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများသည် မြေပြင်လက်ရှိအခြေအနေတွင် ပိုများကြောင်း ဒေသခံနေအိမ်များ ထိခိုက်မှုရှိကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

” ၁၇ ရက်နေ့ကမှ စပစ်တာတော့မဟုတ်ဘူး။ ၁၅ ရက်နေ့ကတည်းက ပစ်တာ။ နတ်သံကွင်းတံတားဘက်ကနေ လက်နက်ကြီးတွေနဲ့ပစ်လို့ နတ္တလင်းရွာက ဦးဟန်စိန်အိမ် ပျက်စီးခဲ့သေးတယ်။ ပြီးတော့ တခြားပျက်စီးမှုတွေလည်း ရှိသေးတယ်။ ” ဟု ကျောက်ကြီးမြို့နယ်တွင်းမှ သ တင်းရင်းမြစ်တစ်ဦးက မဇ္ဈိမကိုပြောသည်။

KNU တပ်မဟာ (၃) အုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နှင့် ရွှေကျင်မြို့နယ်များတွင် ၂၀၂၃ ခုနှစ် မတ်လ အ စောပိုင်းမှ စ၍ တိုက်ပွဲများ တစ်ဖန်ပြန်လည် ပြင်းထန်လာခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် နီးစပ်ရာ တောအစပ်များတွင် နေထိုင်နေရကြောင်း သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s