တနင်္သာရီတွင် တိုက်ပွဲဖြစ်၊ လောင်းလုံး၌ စစ်ဘေးရှောင်များကို စစ်တပ်က ဖမ်းဆီး

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာကို စစ်ကောင်စီ တပ်သားတွေက စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျွဲသုံးပေါင်တောင်ပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မတ်လ ၁၆ ရက်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီဘက်က အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကား ၁၀ စီးနဲ့ စစ်ကြောင်းထိုးလာပြီး ရွာသားတဦးကို ဓားစာခံလုပ်ကာ ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“စခတွေက ဘန်းလမွတ်ကျေးရွာကို စစ်ကားနဲ့ စစ်ကြောင်းထိုးလာတယ်။ စခတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ကျွဲသုံးပေါင်တောင်ပေါ်ကို တက်လာတယ်။ စခဘက်က အထိအခိုက်ရှိပြီး ပြန်ဆုတ်တဲ့အချိန်မှာ တဲနှစ်လုံးမီးရှို့ပြီး ရွာသားတဦးကို ဓားစာခံလုပ်ကာ သတ်ဖြတ်ပြီး ပြန် ဆုတ်သွားကြတယ်” လို့ တိုက်ပွဲဝင်ရဲဘော်တဦးက ပြောပါတယ်။

အဆိုပါထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၄ ဦးကျပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးဘက်က အထိအခိုက် အကျအဆုံး မရှိဘူးလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးဝင်လာတာကြောင့် ဘန်းလမွတ်မှာရှိတဲ့ ဒေသခံပြည်သူ ၅၀၀ လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီ မတ်လ ၁၆ ရက်နေ့မှာပဲ စစ်ကောင်စီဘက်က တနင်္သာရီမြို့နယ် တကူကျေးရွာကို နေ့လယ် ၁၂ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီး လက် နက်ငယ်နဲ့ မနားတမ်း ပစ်ဖောက်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသေးတယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ရသိမ်ကျေးရွာအနီးက ဥယျာဥ်ခြံတွေထဲမှာ ​လာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၃၀ ဝန်းကျင် မတ်လ ၁၆ ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ တွေ့ပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ရွာခံတွေက ပြောပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ တိုက်ပွဲအပြီး စစ်ကောင်စီတပ်တွေရဲ့ ရမ်းကားမှုကြောင့် တိမ်းရှောင်လာရတဲ့ အောက်ကျောက်ဝပ်ကျေးရွာနဲ့ အနီး အနားရွာတွေက ရွာခံတွေလို့ သိရပါတယ်။

ပင်လယ်ပြင်ရေလမ်းကနေတဆင့် တောင်ကြောဖြတ်ကျော် ရောက်လာခဲ့တဲ့ အင်အား ၇၀ ခန့်ရှိ အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မနက်ပိုင်းမှာတော့ ရသိမ်ရွာနဲ့ကပ်လျက် ကဒက်ငယ်ထိန်ကျေးရွာ ဘုန်းကြီးကျောင်းမှာ စခန်းချထားပြီး စစ်ဘေးရှောင်တွေကိုလည်း အဲဒီမှာပဲ ဖမ်း ဆီးထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတဦးကတော့ “အခုမနက်မှ စစ်သားတွေ ဘုန်းကြီးကျောင်းထဲ ဝင်လာတာ။ ဖမ်းထားတဲ့လူတွေကို ကြိုးနဲ့ တုပ်လာတယ်၊ ကလေးတွေလည်းပါတယ်။ တချို့စစ်ရှောင်တွေက ထွက်ပြေးမြန်လို့သာ လွတ်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲ ဥယျာဥ်ခြံပိုင်ရှင်လင်မယားလည်း ပါဝင်ပြီး တခြား ဥယျာဥ်ခြံအလုပ်သမားတချို့နဲ့လည်း အဆက်သွယ်မရဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ်မှာ အခု မတ်လအတွင်း စစ်ကောင်စီလက်အောက်ခံတပ်တွေကြောင့် နေရာ ၃ နေရာလောက်က ရှောင်တိမ်းနေရသူ ၁,၀၀၀ ကျော်ရှိပြီး နေစရာအခက်အခဲ ဖြစ်နေကြတယ်လို့ ကူညီပေးနေသူတွေထံကနေ သိရပါတယ်။DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s