တမူးရဲစခန်းအချုပ်တွင် နိုင်/ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး

စစ်ကိုင်းတိုင်း၊တမူးမြို့ရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးသည် ဆေးကုသခွင့်မရ၍ မတ်လ ၁၆ ရက်နေ့က သေဆုံးသွားကြောင်း မြို့ခံများထံက သိရသည်။
တမူးမြို့၊ ဈေးတန်း ၁၁ ရပ်ကွက်တွင် နေထိုင်သည့်ကိုသစ်ဆန်းဦး (ခ) သားအဲငယ်သည် စစ်အုပ်စုကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက်စာ မျက်နှာပေါ်၌ ရေးသားသည်ဟု စွပ်စွဲခံရကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ကျန်းမာရေးမကောင်းသည့် ကိုသစ်ဆန်းဦးကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု တမူးမြို့ ဒေ သခံတဦးကပြောသည်။
“ကိုသစ်ဆန်းဦးက နေမကောင်းတဲ့သူ။ အဖမ်းခံရ ပြီး တစ်လအကြာမှာလည်း အသည်းအသန်ဖျားတာ။ ဆေးမြီးတိုနဲ့ပဲကုနေရတယ်။ သူက ဆီးချိုတွေဘာတွေလည်းရှိနေတယ်။ ခု နေမကောင်းပြန်ဖြစ််တော့ ဆေးကုသခွင့်မပေးခဲ့ဘူး။ ရဲစခန်းနဲ့ ဆေးရုံက လမ်းပဲခြားတာ။ မျက်နှာ ချင်းဆိုင်မှာပေါ့။ အဲ့ဒါကို ကုသခွင့်မပေးတာ တော်တော် ရက်စက်တယ်”ဟု ကိုသစ်ဆန်းဦး၏ မိတ်ဆွေတဦးက မဇ္စျိမကို ပြောသည်။
အသက် ၄၇ နှစ်အရွယ် ကိုသစ်ဆန်းဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် စစ်ကောင်စီက တရားစွဲကာ ၂၀၂၃ ခုနှစ်၊ ဇန် နဝါရီ ၉ ရက်နေ့တွင် ထောင်ဒဏ် ၄ နှစ် ချမှတ်ခဲ့ကြောင်းလည်းနိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း – AAPPက ထုတ်ပြန်ထားသည်။
ကိုသစ်ဆန်းဦး၏ နာရေးကို ယနေ့ မတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် တမူးမြို့နေအ်ိမ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တမူးမြို့ရဲစခန်းအချုပ်၌ ချုပ်နှောင်ထားသူများကို မိသားစုဝင်များနှင့် တွေ့ခွင့်မပေးဘဲ ဧည့်တွေ့ပိတ်ထားကြောင်း ဒေ သခံများကပြောသည်။ ထို့ကြောင့် ချုပ်နှောင်ခံထားရသူများ၏ ကျန်းမာရေးနှင့် အချုပ်ခန်းအတွင်း အခြေအနေကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
“ ဧည့်တွေ့ပိတ်ထားတယ်။ အချုပ်ခန်းထဲမှာ ဘာတွေဘယ်လိုဖြစ်နေလဲဆိုတာ မိသားစုအနေနဲ့ မသိရတဲ့အတွက် စိတ်ပူနေရတယ်။ အချုပ်ထဲမှာ ထိန်းသိမ်းခံရတဲ့သူတွေရဲ့ စားရေးသောက်ရေးထက် ကျန်းမာရေးကို ဦးစားပေးစေချင်တာပေါ့ဗျာ”ဟု တမူးမြို့ခံတဦးကပြောသည်။
စစ်ကောင်စီသည် အကျဉ်းထောင်များအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေကြောင်း AAPPနှင့် နိုင်ငံရေးအင်အားစုများကထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူ ၁၆၅ ၇၄ဦးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု AAPP က ယမန်နေ့ မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီကဖမ်းဆီးထားစဉ်အတွင်းနှင့် အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၃၃၄၆ ဦးရှိပြီဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်ကော်မတီက ဇန်နဝါရီ ၂၉ရက်တွင် ထုတ်ပြန်ထားသည်။mizzima