ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းများ ၆ ကြိမ်တိုက်ခိုက်ခံရပြီး အများအပြားသေဆုံးဟုဆို

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးဝင်ရောက်လာသော ကား ၃၂စီးပါ စစ်ကောင်စီတပ်ယာဉ်တန်းကို သုံးရက်တာအတွင်း တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Yaw Revolution Army -ထီးလင်းအဖွဲ့က ယမန်နေ့ မတ်လ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။

ပခုက္ကူ-ပေါက်-ကျောက်ထုလမ်းအတိုင်း ဖြတ်သန်းလာပြီး စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများ တင်ဆောင်လာသော ကား ၃၂ စီးအား ထီးလင်းမြို့နယ်၌ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက မတ်လ ၁၅ရက်၊ ၁၆ရက်၊ ၁၇ရက်နေ့များတွင် လေးကြိမ်မိုင်းဆွဲတိုက်ခိုက်ပြီး၊ အပြန်အလှန်ပစ်ခတ်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း YRA-ထီးလင်းမှ သခင်ဇော်က မဇ္ဈိမကိုပြောသည်။

ထိုကဲ့သို့ ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များ၏ သုံးရက်တာတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၄၀ ကျော်သေဆုံးပြီး ၃၀ကျော် ထိခိုက်ဒဏ်ရာရှိကြောင်း YRA-ထီးလင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

“မိုင်းဆွဲတဲ့သူက မျက်မြင်တွေ့ရှိချက်အရ အလောင်းတွေ၊ လူနာတွေကို ကားပေါ်ပြန်တင်တာတွေ့တယ်။ မိုင်းတွေ စခွဲလိုက်တဲ့အခါမှာလည်း မိုင်းထောင်တဲ့နေရာတည့်တည့်မှာရပ်နေတာတွေရှိတယ်။ တခြားခိုင်လုံတဲ့သတင်းကနေ သတင်းပေးပို့တာမျိုးရှိပါတယ်။ မိုင်းဆွဲတဲ့နေရာတွေမှာ ကျန်ခဲ့တဲ့ သွေးကွက်တွေ ၊သူတို့(စစ်ကောင်စီတပ်ဖွဲ့ဝင်)ရဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ မြေပြင်အခြေအနေပေါ်မှာမူတည်ပြီးတော့ သေဆုံးထိခိုက်မှုကို ကျတော်တို့အတည်ပြုချက် ရယူနိုင်တာပါ” ဟု YRA-ထီးလင်းမှ သခင်ဇော်က ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၏ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်ပြီး မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

မတ်လ ၁၅ရက် နံနက် ၉နာရီ ၁၆မိနစ်အချိန်တွင် ကားတန်းအား လုံခြုံရေးယူပေးရန် ထွက်လာသော ထီးလင်းစစ်ကြောင်းမှ အင်အား ၅၅ ဦးပါ ရှေ့ပွိုင့်သည် ထီးလင်းမြို့နှင့် ပုဏ္ဏားရွာကြားရှိ မိုင်းကွင်းအတွင်းသို့ ဝင်ရောက်လာသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးပွဲချင်းပြီးသေဆုံးပြီး အ များအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ဆိုသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ထီးလင်းမြို့ထွေအုပ်ရုံးမှ Light Truck ကားနှစ်စီးဖြင့် သေဆုံး၊ ဒဏ်ရာရသူများအား လာရောက်တင် ဆောင်ကာ ထီးလင်းမြို့သို့ ပြန်လည်ခေါ်ဆောင်သွားကြောင်း သိရသည်။

မတ်လ ၁၅ရက် နေ့လယ် ၁နာရီအချိန်တွင် ရွှေခုံတိုင်ရွာ၏ တောင်ဘက်နားသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ယာဉ်တန်းမှ ရှေ့ပြေးထွက်လာသော အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်သားများကို မန်ကျည်းပင်စခန်းတွင် စုစည်းရောက်ရှိနေကြစဉ် အသင့်ပြင်ဆင်ထားသောမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အများအပြား သေဆုံးကာ ခြေပြတ်လက်ပြတ်ဒဏ်ရာရသူများကို နာရီအတော်ကြာအလောင်းသယ်၊ လူနာရွှေ့လုပ်နေကြရကြောင်း မျက်မြင်စောင့်ကြည့်ခဲ့သူ YRA-ထီးလင်း၏ မိုင်းတာဝန်ခံ ဗိုလ်လင်းဘကြီးကပြောသည်။

“သုံးရက်တာမိုင်းဆွဲတိုက်ခိုက်မှုက လေးကြိမ် ၊ ထိတွေ့မှုက နှစ်ကြိမ်။ စုစုပေါင်း ခြောက်ကြိမ်ပါ။ ပထမတစ်ကြိမ် ထိတွေ့မှုက ရွှေခုံတိုင်ကျေး ရွာနားမှာ ထိတွေ့မှုပေါ့နော။ အဲဒါကကျတော့ ၁၅မိနစ်လောက်ပဲ အပြန်အလှန်ပစ်ခတ်ခဲ့တယ်။ နောက်ပြီးတော့ ၁၆ရက်နေ့ညနေပိုင်းမှာ ထိတွေ့မှုကျတော့ ၄၅မိနစ်လောက်ကြာတယ်။အဲ့မှာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုပြင်းထန်ခဲ့ပါတယ်။ ထီးလင်းမြို့အထွက် ပုဏ္ဏားရွာအနီး မိုင်းဆွဲတိုက်ခိုက်မှုမှာလည်း သူတို့(စစ်ကောင်စီတပ်ဖွဲ့) ထိခိုက်မှုရှိပါတယ်။ ရွှေခုံတိုင်ကျေးရွာအနီးမှာ ပဒေသာမိုင်းဆွဲခဲ့ပါတယ်။ ထိန်ပန်းကျေးရွာအကျော်မှာလည်း မိုင်းဆွဲခဲ့ပါတယ်” ဟု သခင်ဇော်က ရှင်းပြသည်။

အဆိုပါစစ်ကောင်စီတပ်သားများသည် ရွှေခုံတိုင်ကျေးရွာကို မီးတင်ရှို့သဖြင့် လူနေအိမ်ရှစ်လုံး မီးလောင်ပြာကျခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များနှင့် အသက် ၈၀နှစ်အရွယ် မျက်မမြင်အဖွားအိုတို့ မီးလောင်သေဆုံးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

မတ်လ ၁၅ရက် ညနေ ၄နာရီ ၂၀မိနစ်တွင် ရွှေခုံတိုင်ကျေးရွာအား မီးရှို့လျှက်ရှိသော စစ်သားအချို့ ရွာ၏ မြောက်ဘက်သို့ ကင်းပတ်ထွက်လာကြစဉ် ပူးပေါင်းတပ်ဖွဲ့က အသင့်စောင့်ဆိုင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သုံးဦးပွဲချင်းပြီးသေဆုံးပြီး လေးဦးခန့် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယင်းနေ့တွင် စစ်ကြောင်းအထိနာမှုကြောင့် ကားတန်းရှေ့ဆက်မသွားနိုင်ဘဲ ရွှေခုံတိုင်ကျေးရွာတွင် ညအိပ်ရပ်နားခဲ့ကြသည်ဟု ဆိုသည်။

“ယာဉ်တန်းကို တိုက်ခိုက်တဲ့အခါမှာ ယာဉ်တန်းအတွက် ထောင်ထားတဲ့ မိုင်းတွေနဲ့ပတ်သက်ပြီးတော့ သူတို့(စစ်ကောင်စီတပ်ဖွဲ့)က အခုခေတ် မီမိုင်းရှာစက်တွေနဲ့ ရှာတယ်လို့ ကျတော်တို့ယူဆရတယ်၊ ကားယာဉ်တန်းတွေကို မိုင်းခွဲနိုင်ခြင်းမရှိခဲ့ဘူး ။ ရှေ့ထွက်မိုင်းရှာတဲ့အဖွဲ့တွေကိုသာ မိုင်းဆွဲနိုင်ခဲ့တာပါ။ ဒါမျိုးလေးတွေလည်း ကြုံတွေ့လာရပါတယ်” ဟုလည်း မိုင်းတာဝန်ခံ ဗိုလ်လင်းဘကြီးက ပြောသည်။

မတ်လ ၁၆ ရက် ညနေ ၃နာရီ ၄၀မိနစ်ခန့်တွင် အဆိုပါ ကားတန်းသည် ခရီးဆက်ထွက်ခွာလာပြီး ရွှေခုံတိုင်ကျေးရွာမြောက်ဖက် ဇီးတောလမ်း ခွဲအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များ ထောင်ထားသောမိုင်းကိုဖြုတ်ရန်ကြိုးစားနေစဉ် ဖောက်ခွဲတိုက်ခိုက်ခံရ၍ စစ်သား နှစ်ဦး ပွဲချင်းပြီးသေ ဆုံးသွားကြောင်း၎င်းက ဆက်‌ပြောသည်။

ထို့အပြင် ညနေ ၄နာရီ ၄၀မိနစ်ခန့်တွင် စစ်ကောင်စီကားတန်း၏ အင်အား ၁၀ဦးခန့်ပါ တပ်စိတ်တစ်စိတ်သည် ရှေ့ပွိုင့်အဖြစ် လုံခြုံရေးယူရန် ထွက်လာစဉ် ထိန်တိုင်းကျေးရွာမြောက်ဘက် ရေရှင်ကျေးရွာလမ်းခွဲဇရပ်အနားအရောက်တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးခန့် သေဆုံးပြီး ပစ်အားမလုံလောက်မှုကြောင့် လက်နက်သိမ်းဆည်းခဲ့ခြင်းမျိုး မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းလည်း Yaw Revolution Army -ထီးလင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အများပြည်သူများအနေဖြင့် ထီးလင်း-ဂန့်ဂေါလမ်းမကြီးအား အသုံးမပြုကြပါရန်နှင့် လမ်းဘေးဝဲယာရှိ ကျေးရွာများမှလည်း ပြင်ဆင်ထားသင့် သည်များကို ကြိုတင်ပြင်ဆင်သိမ်းဆည်းထားကြပါရန် အထူးသတိပေးပါကြောင်း ဗိုလ်ယောနိုင်က ပြောသည်။

ယင်းတိုက်ခိုက်မှုများကို ဂန့်ဂေါခရိုင်တပ်ရင်း(၁၅)၊ (၁၆)၊ (၁၇)-YRA ထီးလင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း(၁၈)-YNRF ထီးလင်း၊ ယောကာကွယ်ရေးတပ် – YDF ၊ မြန်မာ့တော်ဝင်နဂါးတပ်မတော်(MRDA) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s