ထောင်ချောက်ဆင် ချုံခိုတိုက်ခိုက်မှုတွင် ပခုက္ကူပြောက်ကျား ၅ ဦး သေဆုံး

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကောင်စီတပ်က မတ် ၁၅ ရက်နေ့တွင် ဖမ်းဆီးရမိသည့် ဒေသခံကာကွယ်ရေးအဖွဲ့ဝင် ၂ ဦးကို သတ်ဖြတ်ပြီး ထိုသူတို့ကို လာရောက် အကူအညီပေးသူများကိုလည်း စောင့်ဆိုင်း ပစ်ခတ်ရာ စုစုပေါင်း ၅ ဦး သေဆုံးသွားသည်။

ကနဦးအသတ်ခံရသူတို့မှာ စစ်ဆင်ရေးကိစ္စဖြင့် ခရီးသွားနေသည့် ဒေါင်းရင်သွေးပြောက်ကျား အမည်ရှိ ဒေသခံကာကွယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြစ်သော အသက် ၂၀ အရွယ် ကိုမကျီး၊ ၂၂ နှစ်အရွယ် ကိုရာမတို့ ဖြစ်သည်။

ဆိုင်ကယ်ဆီပြတ်သွားကြောင်း ဖုန်းဆက်လာသဖြင့် အကူအညီပေးရန် လိုက်သွားသူတချို့လည်း ည ၇ နာရီခန့် တွင် ချုံခိုတိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု သိရသည်။

“ဆီပြတ်လို့မို့ ကျွန်တော့်ကို ဆီလာပေးပါဦးဆိုတော့ ကျွန်တော်တို့က လိုက်သွားလိုက်တာ။ သူတို့က အရင် ဖမ်းမိတာ။ သူတို့ကို ငါးစာထားပြီး ခေါ်လိုက်တာ။ ရွာအဝင်ကြည့်တော့ ပွိုင့် (စစ်ဖိနပ်) ခြေရာ မတွေ့ဘူး။ အဲဒီတော့ ကျွန်တော်တို့က ရဲရဲတင်းတင်း ဝင်သွားတာ” ဟု အဖွဲ့ခေါင်းဆောင် ကိုကျော်ကြီးက ပြောသည်။

ကူညီရန် လိုက်သွားသည့် ကာကွယ်ရေးအဖွဲ့ဝင် ၇ ဦးတွင် ရိုင်ဖယ်သေနတ် ၁ လက်နှင့် ခါးချိုးဟု ခေါ်သည့် လက်လုပ်တစ်တောင့်ထိုးသေနတ်များ ကိုင်ဆောင်ထားသည်ဟု သိရသည်။

ချိန်းဆိုထားသည့်နေရာသို့ မရောက်မီ ဆယ်လံရွာအတွင်း ဖြတ်သန်းစဉ် ဘုန်းကြီးကျောင်းအတွင်း ကြိုတင်နေရာယူထားသော စစ်သား ၅၀ ခန့်က တရစပ် ပစ်ခတ်ခဲ့ကြောင်း ကိုကျော်ကြီးက ပြောသည်။

“ဘယ်ကို စပစ်လို့ ပစ်ရမှာမှန်းတောင် မသိဘူး။ ကျွန်တော့်ကောင် တစ်ကောင် (ရဲဘော်တစ်ဦး) လဲသွားတော့ ပြတင်းပေါက်ထဲ စွတ်ပစ်တာပဲ။ သူတို့က တပ်ပျောက်ရိုက်ပြီး အပိုင်စောင့်နေတာ” ဟု ဆိုသည်။

ချုံခိုတိုက်ခိုက်ခံရသည့် နေရာတွင် အသက်၂၆ နှစ်အရွယ်များဖြစ်သော ကိုဒန်ဒန်နှင့် ကိုဝမ်းမိုး၊ ၂၁ နှစ်အရွယ် ကိုမိုးကြီးတို့ သေဆုံးသည်။

ထွက်ပြေးလွတ်မြောက်လာသူ ၄ ဦးအနက် တစ်ဦးမှာ လည်ပင်း ကျည်ထိထားပြီး အဖွဲ့ခေါင်းဆောင် ကိုကျော်ကြီးမှာလည်း ခါးတွင် ကျည်ထိထားကြောင်း သိရသည်။

“ကျွန်တော်တို့မှာ လက်နက်မမျှလို့ ခံလိုက်ရတာပဲ။ ခါးချိုးနဲ့ မောင်းပြန်နဲ့က ဘယ်လိုမှ ယှဉ်မပစ်နိုင်ဘူး။ သားအဖလောက် ကွာတယ်” ဟု ကိုကျော်ကြီးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်များတွင် တင်ထားသည့် ရုပ်အလောင်းဓာတ်ပုံများအရ ကနဦးဖမ်းဆီးခံထားရသည့် အဖွဲ့ဝင်နှစ်ဦးကိုလည်း စစ်သားများက ပစ်သတ်ခဲ့ကြောင်း အတည်ပြုနိုင်သည်ဟု သူက ဆိုသည်။

ရုပ်အလောင်းများကို ယနေ့အထိ သွားရောက်ယူဆောင်ရန် အခြေအနေမပေးသေးဟု သိရသည်။

“လက်ရှိအချိန်ထိ ကောက်လို့မရသေးဘူး။ သူတို့က အလောင်းကို ဗန်းပြပြီး စောင့်နေတာ။ ကျွန်တော်တို့ သတင်းထောက်တော့ အဲ့အနီးမှာ ကင်းပုန်းတွေ ထောက်ထားထာ။ ငါးစာပုံစံ ထားပြီး ဘေးကနေ ဝိုက်ထားတာ” ဟု သူက ဆိုသည်။

အဆိုပါကျေးရွာအနီး စစ်ကြောင်းရှိနေဆဲသဖြင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများအပြား ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s