မတူပီမြို့ပေါ်သို့ ယခုလအတွင်း ကုန်ကားများ ဝင်ရောက်မလာပါက စားစရာဆန်မရှိတော့ဟုဆို

ချင်းပြည်နယ်၊မတူပီမြို့ပေါ်တွင် ဆန်ပြတ်လပ်သည့် ပြဿနာစတင်ရင်ဆိုင်နေရပြီး ယခုလအတွင်း ပုခုက္ကူမြို့မှ ကုန်တင်ကားများ ဝင်ရောက် လာနိုင်ခြင်းမရှိပါက စားစရာဆန်လုံးဝမရှိတော့ကြောင်း ဒေသခံများက‌ပြောသည်။

မတူပီမြို့သို့ သယ်ယူသည့် ဆန်ကားများကို စစ်ကောင်စီတပ်က ကြားဖြတ်၍ ဖိအားပေးဝယ်ယူနေသလို မြို့အဝင်အထွက်ဂိတ်များကို ပိတ်ဆို့ထားခြင်း၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒေသတွင်း စစ်ရေးအခြေအနေအရ ကျောက်ထု-မင်းတပ်-မတူပီ ကားလမ်းအသုံးပြုခွင့်ပိတ်ထားခြင်းတို့ကြောင့် လမ်းပန်းဆက်သွယ်ရေးအဆင်မပြေတော့ဘဲ ဒေသခံများ ဆန်ရရှိနိုင်ရန်ခက်ခဲနေခြင်းဟု သိရသည်။

“မတူပီမှာ ဆန်လုံးဝပြတ်နေတာကတော့ သေချာတယ်ဗျာ။ဖုန်းလိုင်း၊အင်တာနက်လိုင်းလည်း ဖျက်ထားကြတယ်။ဆန်ကားတွေဝင်လာတယ်။ဒါကို မြို့ဝင်ဂိတ်မှာ စစ်တပ်ကငွေပေးပြီးအားလုံးသိမ်းလိုက်တော့ မြို့ပေါ်ကသူတွေအတွက် ဆန်ဝယ်စရာမရှိတော့ဘူးပေါ့” ဟု မတူပီမြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

မတူပီမြို့တွင်တပ်စွဲထားသော စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့များ၌ ရိက္ခာပြတ်လပ်နေ‌ကြောင်း သတင်းများထွက်ပေါ်နေပြီး ဒေသတွင်းသို့ ကုန် သည်များက တင်သွင်းလာသော ဆန်ရိက္ခာကို စစ်ကောင်စီတပ်က ဖိအားပေးဝယ်ယူနေသည်ဟု ဒေသခံများကပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက မတူပီမြို့အတွက် ဆန်အိတ်များတင်ဆောင်လာသည့် ကုန်ကားတစီးကို လည်မြိုတံတားဂိတ်တွင် စစ်ကောင်စီတပ်က တားဆီးပြီး ဆန်အိတ် ၅၀ခန့်ကို ယူဆောင်ကာ ငွေချေပေးပြီးနောက် တပ်ရင်းထဲသို့ မောင်းသွင်းသွားကြောင်း သိရသည်။

” သူတို့ စစ်တပ်မှာလည်း ရိက္ခာပြတ်နေပြီလေ။ ဒီတော့ ပြည်သူတွေအတွက်သယ်လာတဲ့ဆန်တွေကိုပဲဖြတ်ယူကြတာပေါ့’’ဟု ဒေသခံတဦးကပြောသည်။

ထို့အပြင် မတူပီမြို့အဝင်အထွက်ဂိတ်များကိုစစ်ကောင်စီမှ တင်းကြပ်စွာပိတ်ထားပြီး ထောက်ခံစာမရှိပါက ရွာမှမြို့ပေါ်သွားရာတွင်လည်း ကောင်း၊မြို့ပေါ်မှ ရွာများသို့သွားရာတွင်လည်းကောင်းအခက်အခဲများကြုံတွေ့နေရသည်ဟု ဒေသခံများကပြောသည်။

‘’အရင်ကဆိုရင် ဆန်ကားတွေဝင်မလာလည်းပြဿနာမရှိဘူးလေ။ကျေးရွာတွေကနေ တောင်ယာစပါးတွေကြိတ်ပြီး မြို့ပေါ်မှာလာရောင်းကြတယ်။

စားစရာရှိသေးတယ်။အခုကျတော့ ရွာတွေမှာ စပါးကြိတ်ဖို့ဒီဇယ်ဆီမရှိတော့ ကြိတ်လို့မရတော့ဘူး” ဟု အဆိုပါ ဒေသခံကပြောသည်။

လက်ရှိ မတ်လလယ်တွင် ကားအစီးရေ ၈၀ ခန့်ပါသောစစ်ကောင်စီယာဉ်တန်းသည် မင်းတပ်-မတူပီဘက်သို့တက်လာနေသည့်အတွက် ကျောက် ထု-မင်းတပ်-မတူပီ ကားလမ်း အသုံးပြုခွင့်ကို ဒေသခံကာကွယ်ရေးတပ် CDF- Mindat ကပိတ်ထားသည်။ လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့သွားပါက မတူပီမြို့ပေါ်တွင် ဆန်ပြတ်လပ်သည့်ပြဿနာ ပိုမိုဆိုးရွားနိုင်ကြောင်း ဒေသခံများက ဆိုသည်။

” ပခုက္ကူကလာတဲ့ကားတွေကိုလည်း ဒေသခံကာကွယ်ရေးတပ်တွေက ပိတ်ထားလိုက်ပြီ။ငါတို့ကပြည်သူတွေစားဖို့ကုန်ကားတွေခွင့်ပြုပေးထားတာ၊အခုတော့ ပြည်သူတွေအတွက်မဟုတ်ပဲ မတူပီရောက်တာနဲ့စစ်တပ်ကသိမ်းပြီးဝယ်လိုက်တာဆိုတော့ သူတို့အတွက်ခွင့်ပြုပေးသလိုဖြစ်တယ်ဆိုပြီး ဘာမှသယ်ခွင့်မပေးတော့ဘူး’’ဟု မတူပီမြို့ခံတဦးက ပြောသည်။

ယခုရက်ပိုင်းတွင် မတူပီမြို့နယ်အတွင်းတွင်လည်း စစ်ရေးတင်းမာနေပြီး မတူပီ-ပလက်ဝလမ်းပေါ်၌ တိုက်ပွဲများဆက်လက်ဖြစ်နိုင်ချေရှိသော ကြောင့် ယင်းလမ်းပိုင်းအား အသုံးမပြုကြရန် CDF-Matupiက မတ်လ ၁၆ရက်တွင် သတင်းထုတ်ပြန်ထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s