မန္တလေးတွင် စည်ပင်ရဲကို ဆဲဆိုသည့် အမျိုး သား ၂ ဦး သေနတ်အပစ်ခံရ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ကြီးမင်္ဂလာကုန်တင်ရပ်နားစခန်း၊ ၆၂ လမ်းအနီး စွယ်တော်ကားကြီးကွင်း အဝင်ပေါက်မှာ မတ်လ ၁၆ ရက် ည ၉ နာရီ ၁၅ မိနစ်လောက်က စစ်ကောင်စီလက်အောက်ခံ စည်ပင်ရဲတပ်ဖွဲ့ကို အမျိုးသား ၂ ဦးက ဆိုင်ကယ်နဲ့ ၂ ကြိမ်လာရောက် ဆဲဆိုခဲ့လို့ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အဲ့ဒီညမှာ ဆိုင်ကယ်စီးအမျိုးသား ၂ ဦးဟာ ၆၇ လမ်းဘက်ကနေ စွယ်တော်ဝင်ပေါက်ထိပ်က စည်ပင်ရဲ ၆ ယောက်ကို ပထမအကြိမ် ဆဲဆိုမောင်းပြေးသွားပြီး ခဏအကြာမှာ နောက်တစ်ကြိမ် လာရောက်ဆဲဆိုတဲ့အတွက် စည်ပင်ရဲအဖွဲ့ရဲ့ MA 13 သေနတ်နဲ့ ၂ ကြိမ်ပစ်ခတ်ခံခဲ့ရတာပါ။
ပစ်ခတ်မှုကြောင့် ဆိုင်ကယ်အနောက်က လိုက်စီးသူ အသက် ၃၇ နှစ်အရွယ် အမျိုးသားဟာ ၆၈ လမ်း၊ Max ဆီဆိုင်အနီးမှာ ပေါင် သေနတ်မှန်ဒဏ်ရာနဲ့ ပြုတ်ကျကျန်ရစ်ခဲ့လို့ ဖမ်းဆီးခံခဲ့ရပြီး အမရပူရမြို့၊ နတ်ရေကန်ကျေးရွာနေသူလို့ သိရပါတယ်။
မန္တလေးအခြေစိုက် လူမှုကူညီရေးအသင်းဝင်တဦးက “ည ၁၀ နာရီကျော်လောက်မှာ အမျိုးသား၂ ယောက် သေနတ်မှန်ဒဏ်ရာနဲ့ ဆေးရုံကို ပို့ဆောင်ပေးခဲ့ပါတယ်။ ရဲကအကြောင်းကြားလို့ပါ၊ တစ်ယောက်က ပြင်းထန်ဒဏ်ရာနဲ့ သွေးထွက်လွန်နေတယ်။ အရိုးထိခိုက်မှု ရှိတယ်။ တင်ပါးထိတဲ့တစ်ယောက်က လမ်းလျှောက်နိုင်သေးတယ်။ ဆေးရုံကြီးပဲ ပို့ထားတာပါ”လို့ ပြောပါတယ်။
ဆိုင်ကယ်နဲ့ ထွက်ပြေးသူ အသက် ၂၃ နှစ်အရွယ် အမျိုးသားကို ညာတင်ပါးသေနတ်ထိ ဒဏ်ရာနဲ့ နတ်ရေကန်ကျေးရွာမှာ ည ၁၀ နာရီခန့်က ဖမ်းဆီးရမိခဲ့ပြီး သေနတ်ထိမှန်သူ ၂ ဦးကို မန္တလေးဆေးရုံကို ပို့ဆောင်ခဲ့ပြီး စစ်ကောင်စီရဲတပ်ဖွဲ့ရဲ့ အမှုဖွင့်အရေးယူ ခံထားရတယ်လို့ သိရပါတယ်။ DVB