မြန်မာအဆိုတော်များပါဝင်သည့် မဲဆောက် ဂီတဖျော်ဖြေရေးပွဲပျက်၊ စစ်အာဏာရှင်ကြောင့် နိုင်ငံဘေးသင့်နေချိန် မျက်နှာပြောင် တိုက်သည့် အဆိုတော်များဟု ထိုင်းရောက်မြန်မာလူငယ်ဆို

ထိုင်းနိုင်ငံ၊မဲဆောက်မြို့၊ Robbinson ကုန်တိုက်အနီး Central Hotel Lawn Area (Outdoor) ၌ ကျင်းပမည်ဟု ကြေညာထားသော နာမည် ကြီး မြန်မာအဆို‌တော်များပါဝင်သည့် ဖျော်ဖြေပွဲ ပျက်သွားကြောင်း မဲဆောက်မြို့နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှုကြောင့် ထွက်ပြေးတမ်းရှောင်လာသူအများစု ခိုလှုံနေထိုင်ရာ မဲဆောက်မြို့တွင် ထိုဂီတဖျော်ဖြေရေးပွဲ လာရောက် ကျင်းပရန် စီစဉ်မှုအပေါ် ဝေဖန်သံများစွာ ထွက်ပေါ်လာပြီးနောက် ပွဲပျက်သွားခြင်း ဖြစ်သည်။

အဆိုပါပွဲသည် Super Light Logistics ကုမ္ပဏီ၏ (၁၆) နှစ်မြောက် Annual Staffs Party (နှစ်ကုန် ဝန်ထမ်းပါတီ) ဂီတဖျော်ဖြေပွဲအတွက် ကျင်းပသည့်ပွဲဟုသိရသည်။စည်သူလွင်၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ နိုင်းဝမ်းနှင့် ဇွဲပြည့် စသည့်အဆိုတော်များ ပါဝင်သီဆိုကြမည့်ပွဲဖြစ်ပြီး စရံငွေ ၈၀ ရာခိုင်နှုန်း ပေးချေပြီးဖြစ်သော်လည်း ပွဲကျင်းပရန် ကြေငြာထားသည့် မတ်လ ၁၇ ရက်နေ့ညတွင် ကျင်းပခဲ့ခြင်း မရှိဘဲ ပွဲပျက်သွားခြင်းဖြစ်ကြောင်း မဲဆောက်မှ မြန်မာအချို့ကပြောသည်။

“မနေ့ည (မတ်လ ၁၇ ရက်ည)က ဘာအသံမှ မကြားရဘူး။ပွဲလုပ်ရင် ကျွန်တော် ကြားရမှာပေါ့” ဟု Robbinson ကုန်တိုက်အနီးဝန်းကျင်တွင် နေထိုင်သူမြန်မာတဦးက မဇ္ဈိမကို ပြောသည်။

ဂီတဖျော်ဖြေပွဲ ပျက်သွားသည့် အကြောင်းအရင်းကို တိတိကျကျ မသိရသေးသော်လည်း လုံခြုံရေးအရ ဖျက်သိမ်းလိုက်ခြင်းဖြစ်နိုင်ကြောင်း သတင်းများ ထွက်‌ပေါ်နေသည်။

မဲဆောက်မြို့သည် မြန်မာနိုင်ငံအတွင်း

စစ်ကောင်စီ၏ ရန်ကိုကြောက်ကာ နယ်စပ်ဖြတ်ကျော်တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ၊ နိုင်ငံရေးသမားများ၊ အနုပညာရှင်များ၊ CDM ကျောင်းသူ၊ ကျောင်းသားများနှင့် ဝန်းထမ်းများ အများဆုံး ထွက်ပြေးတိမ်းရှောင်နေသည့် ထိုင်း- မြန်မာ နယ်စပ်မြို့ဖြစ်သည်။

အဆိုပါ ဂီတဖျော်ဖြေရေးပွဲအား Bo Bo Entertainment မှ စီစဉ်ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူတဦးက မဇ္ဈိမကို ပြောသည်။ ဖျော်ဖြေပွဲတွင် အမည်စာရင်းပါဝင်သည့်အဆိုတော်များကို လူမှုရေးပြစ်ဒဏ်ပေးရန်နှင့် ၎င်းတို့ ကြော်ငြာသည့် ထုတ်ကုန်များကို အားမပေးဘဲ Boycott လုပ်ကြရန် လူမှုကွန်ယက်သုံးစွဲသူများက မှတ်ချက်ပြုတိုက်တွန်း‌နေကြသည်။

“အဓိကကတော့ အရှက်မရှိတာပါပဲ။ ကိုယ့်နိုင်ငံထဲမှာရော၊ သူများနိုင်ငံမှာပါ အိုးမဲ့အိမ်မဲ့ထွက်ပြေးတိမ်းရှောင်ပြီး စစ်ရဲ့ဒဏ်ကိုခါးစီးခံနေရချိန်မှာ ဒီလိုမျိုးလုပ်နေကြတာမျိုးက ကိုယ်ချင်းစာတရားမရှိ၊ အရှက်မရှိချက်က တကယ်တော့အံ့ဩဖွယ် မရှိလှဘူး။ မိမိကိုယ်တိုင်ကမှားနေလို့ လူထုကဝေဖန်တာကို သခင်အားရ ကျွန်ပါးဝပြုမူတာမျိုးကလည်း ရုပ်ပျက်ဆင်းပျက်နိုင်တယ်လို့ထင်တယ်။ စစ်အုပ်စု‌ကသက်ဆိုး‌ရှည်နေသ၍တော့ ဒီလိုလူတွေက လူထုကိုမထီမဲ့မြင်ပြုပြီး မျက်နှာပြောင်တိုက်ပြီး လုပ်စားနေကြမှာပဲ ” ဟု မဲဆောက်မြို့တွင် တိမ်းရှောင်နေရသည့် တက်ကြွလှုပ်ရှားသူ လူငယ်တဦးက မဇ္ဈိမ ကိုပြောသည်။

Super Light Logistics ၏ (၁၆) နှစ်မြောက် Annual Staffs Party (နှစ်ကုန်ဝန်ထမ်း ပါတီ) ကို ယခုလမတ်လ ၅ ရက်နေ့ကလည်း ရန်ကုန်မြို့၊ Novotel ဟိုတယ်တွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s