လက်နက်ရှားလာသည့် ရုရှား မြန်မာမှဝယ်ရန် ကြိုးပမ်းဟု ယူကရိန်း ထောက်လှမ်းရေးပြော

လက်နက်အကြီးအကျယ် ရှားပါးလာမှုနှင့် ကြုံလာရသည့် ရုရှားသည် မြန်မာအပါအဝင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများမှ လက်နက်ခဲယမ်းများ ဝယ်ယူစုဆောင်းရန်ကြိုးပမ်းနေကြောင်း ယူကရိန်း ထောက်လှမ်းရေးက ဆိုသည်။
ယူကရိန်းထောက်လှမ်းရေး ပြောရေးဆိုခွင့်ရှိသူ Vadym Skibitsky က ယူကရိန်း ရုပ်မြင်သံကြားဌာနများသို့ မတ်လ ၁၆ ရက်တွင် ပြောခဲ့ခြင်းဖြစ်သည်။
လက်နက်ခဲယမ်းများ၊ ဒုံးကျည်များ၊ အခြားကိရိယာများနှင့် ဆက်စပ်လက်နက်များရရန် ရုရှားအာဏာပိုင်များ၏ လုပ်ဆောင်မှု အထောက်အ ထား စာရွက်စာတမ်းများ ရရှိထားကြောင်း ယူကရိန်း ထောက်လှမ်းရေးကဆိုသည်။
ရုရှားသည် အီရန်နိုင်ငံမှ လက်နက်များနှင့် ဒရုန်းများကို လက်ခံရရှိထားပြီး အပြန်အလှန်အားဖြင့် အီရန်သည် ရုရှားထံမှ နျူကလီးယားစွမ်းအင်နည်းပညာနှင့် အဆင့်မြင့် ဒုံးကျည်နည်းပညာများရရန် လိုလားနေသည်ဟု Vadym Skibitsky က ဆိုသည်။
“အာဖရိကတိုက်နဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေအပါအဝင် မြန်မာနိုင်ငံနဲ့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ လက်နက်တွေရဖို့ (ရုရှား) ကာကွယ် ရေးဝန်ကြီးဌာန၊ နိုင်ငံခြားထောက်လှမ်းရေးဌာနနဲ့ တခြားအေဂျင်စီတွေကို စေလွှတ်ထားပါတယ်” ဟုလည်း ပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် အလွန်နီးစပ်သည့် ဆက်ဆံရေးရှိနေပြီး စစ်ခေါင်းဆောင်သည် အာဏာသိမ်းပြီးနောက် ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့ကာ ရုရှား အကြီးတန်းအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များလည်း မြန်မာနိုင်ငံသို့ လာရောက်လေ့ရှိသည်။
နိုင်ငံအတွင်း လျှပ်စစ်လိုအပ်ချက် အကြီးအကျယ်ရှိနေချိန်တွင် စစ်ခေါင်းဆောင်သည် ရုရှားအကူအညီဖြင့် နျူကလီးယားစွမ်းအင်သုံး လျှပ် စစ်ဓာတ်အားပေးစက်ရုံ ဆောက်နိုင်ရန် စီစဉ်နေသည်။myanmar now