အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ကာကွယ် ရေးတပ်ဖွဲ့များ တိုက်ခိုက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ တိုင်းရုံးအရာရှိအိမ်ရာနှင့် ရဟတ်ယာဉ်ကွင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ဒရုန်းသုံးစင်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရုံးဝင်းကို ယမန်နေ့မတ်လ ၁၆ ရက် ည ၉နာရီ ၇မိနစ်ခန့်တွင်တကြိမ်၊ ည၉နာရီ ၂၀မိနစ်ခန့်တွင်တကြိမ်နှင့် ည၉ နာရီ ၄၀မိနစ်ခန့်တွင်တကြိမ် စုစုပေါင်းသုံးကြိမ် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ယနေ့ မတ်လ၁၇ရက်တွင် ထုတ်ပြန်ထားသည်။
တိုက်ခိုက်ချိန်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း၌ ဟတ်စကီးနှစ်စင်းရှိနေပြီး စစ်ကောင်စီဘက်မှ အကျအဆုံးနှင့်မြေပြင်သတင်းကိုအတိအကျမရရှိသေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရဟတ်ယာဉ်ကွင်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဘုရားသုံးဆူနှင့်ကြာအင်းဆိပ်ကြီး၊ ချောင်းနှစ်ခွဘက်သို့ စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာတွင် အသုံးပြုနေသည့် ရဟတ်ယာဉ်ကွင်းဟု သိရသည်။ ထို့ကြောင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဟု ပြည်သူ့ကာကွယ် ရေးအဖွဲ့ဘက်က ဆိုသည်။ဒရုန်းငါးစီးဖြင့် တိုက်ခိုက်ရန် ကနဦး စီစဉ်ထားသော်လည်း လုံခြုံရေးအရ ဒရုန်းသုံးစီးဖြင့်သာ တိုက်ခိုက်ခဲ့ရပြီး ထိခိုက်ပျက် စီးမှု အသေးစိတ်ကို အတည်မပြုနိုင်သေးကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှုကို KNDO တပ်ဖွဲ့ဝင်များနှင့်အတူ ဒရုန်းနည်းပညာတပ်ဖွဲ့တဖွဲ့၊ ကျိုက်မရောနှင့်မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူး ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ယမန်နေ့ မတ်လ ၁၆ရက်ညတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိရာ ရခိုင်ကုန်းဘက်မှ ပေါက်ကွဲသံများကြားခဲ့ရသည်ဟု ဒေသခံများက မဇ္ဈိမကိုပြော သည်။ မော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖထံ ဆက်သွယ်မေးမြန်းရာ တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ် ဟုတ်မှန်ကြောင်းဖြေကြားပြီး အသေးစိတ် ပြောကြားခြင်း မရှိသေးပေ။
ယနေ့ မတ်လ ၁၇ရက်တွင် စစ်ကောင်စီတပ်က ရေးမြို့နယ် အစင်နှင့်ဇီးဖြူတောင်ကမ်းခြေမှတဆင့် စစ်သင်္ဘောသုံးစင်းဖြင့် အင်အားတိုးမြှင့်နေကြောင်းမော်လမြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖက ဖြည့်စွက်ထုတ်ပြန်ထားသည်။mizzima