ဧရာဝတီမြစ်ဘေးရှိ PDF အခြေစိုက်စခန်း စီး နင်းခံရ၊ သိန်း ၁၀၀၀ ခန့် ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ဘေးရှိ PDF အခြေစိုက်စခန်းကို စစ်ကောင်စီတပ်က ယခုလ ၁၅ ရက်တွင် စစ်ကြောင်းနှစ်ကြောင်းဖြင့် ပိတ်ဆို့စီးနင်းခဲ့ရာ တပ်ဖွဲ့တစ်ဦး သေဆုံးပြီး လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်း ၁၀၀၀ ခန့် ဆုံးရှုံးသွားသည်။

စီးနင်းခံရသည်မှာ မန္တလေးတိုင်း မြစ်ငယ်မြို့နယ်မှ PDF အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက် အောက်ခံ မန္တလေးခရိုင် တပ်ရင်း (၅) ၏ အခြေစိုက်စခန်းဖြစ်သည်ဟု သိရသည်။

စခန်းတည်နေရာကို ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း စစ်တပ်က အင်အားရာဂဏန်းရှိ စစ်ကြောင်းများဖြင့် ဧရာဝတီမြစ်အတိုင်း နှစ်ဖက်ညှပ်ကာ ပိတ်ဆို့စီးနင်းခဲ့ခြင်းဖြစ်ကြောင်း မြစ်ငယ် PDF အဖွဲ့မှ တာဝန်ခံတစ်ဦးဖြစ်သူ ကိုရဲဆိုသူက ပြောသည်။

မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းက ၎င်းတို့စခန်းကို စီးနင်းရန် လာနေကြောင်း သတင်းရသဖြင့် လက်လုပ်မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်တွင် ၇ ဦးခန့်အထိ သေဆုံးခဲ့သည်ဟု ဆိုသည်။​

“မိုင်းဆွဲခံရပြီး အထိနာသွားတဲ့အချိန် ကျွန်တော်တို့ဆီ ဦးတည်လာလို့ စခန်းက ထုတ်လုပ်ရေးပစ္စည်းတွေ အကုန်တင်ပြီး နောက်တစ်ရွာကို ရွှေ့တယ်။ စခန်းကို လက်လွှတ်ခဲ့တာ”

“ကျွန်တော့်မိုင်းမိတဲ့ ကောင်တွေကို ဧရာဝတီမြစ်ကို စက်လှေနဲ့ ကူးပြီး တစ်ဖက်ကမ်းပို့တာ တွေ့ရတယ်။ စောင်တွေ၊ ပုဆိုးတွေနဲ့ ပတ်ပြီး ထမ်းသွားတာကို ၇ ယောက်၊ ၈ ယောက် မြင်ရတယ်၊ ဒဏ်ရာရထားလို့ တွဲခေါ်နေရတဲ့ကောင်လည်း အတော်များတယ်” ဟု ကိုရဲက ပြောသည်။

၎င်းတို့အဖွဲ့က ထော်လာဂျီဖြင့် ပစ္စည်းများတင်ဆောင်ကာ အခြားရွာသို့ ရွှေ့ပြောင်းနေစဉ် စစ်တပ်က စခန်းကို မီးရှို့ဖျက်ဆီးပြီးနောက် ထက် ကြပ်မကွာ လိုက်လာသည်ဟု ဆိုသည်။

တစ်ချိန်တည်းမှာပင် မြောင်မြို့နယ် ကျောက်ရစ်ရွာတွင် စခန်းချထားသည့် စစ်တပ်က အင်အားရာဂဏန်းဖြင့် ဧရာဝတီမြစ်အတိုင်း တက်လာကာ ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“တာတိုင်မှာ လူသတ်ခဲ့တဲ့ ၉၉ စစ်ကြောင်းက ရံပေးပြီးတော့ ကျောက်ရစ်ကလာတဲ့စစ်ကြောင်းက ညနေ ငါးနာရီခွဲလောက်မှာ ကျွန်တော်တို့ရဲဘော်တွေရှိရာကို ရေထဲက ဖြတ်လာပြီး အလစ်ဝင်စီးတာ။ နာရီဝက်လောက်ကြာအောင် ရင်ဆိုင်တိုက်ခဲ့ရတယ်” ဟု ကိုရဲက ပြောသည်။

နှစ်ဖက်ညှပ် တိုက်ခိုက်ခံရစဉ် တပ်ဖွဲ့ဝင်တစ်ဦးတစ်ယောက်မျှ အဖမ်းမခံရသော်လည်း ရဲဘော်တစ်ဦး သတ်ဖြတ်ခံရကာ ဒဏ်ရာရသူ သုံးဦးရှိသည်ဟု သိရသည်။ စစ်ကောင်စီစစ်ကြောင်းနှင့် တိုးသည့် ကင်းစောင့်ရဲဘော်မှာ ပစ်သတ်ခံရပြီး မြစ်ထဲ ပစ်ချခံရသည်ဟုလည်း ဆိုသည်။

“ဒဏ်ရာရရဲဘော်တွေကတော့ ခေါင်းကို ရှပ်ထိတဲ့သူ၊ ညာဘက်ရင်ဘတ်ကို ထုတ်ချင်းပေါက်မှန်တဲ့သူ ပါတယ်။ အသက်အန္တရာယ် မရှိတော့ပါဘူး” ဟု မြစ်ငယ် PDF အဖွဲ့မှ ကိုရဲက ပြောသည်။

စီးနင်းတိုက်ခိုက်ခံရသဖြင့် အခြေစိုက်စခန်း ဆုံးရှုံးသည့်နည်းတူ လက်နက်ခဲယမ်းထုတ်လုပ်သည့် ပစ္စည်းများ၊ လက်ကိုင်ဖုန်းများနှင့် ဆိုင်ကယ်များပါ မီးရှို့ဖျက်ဆီးခံရသည်ဟု PDF အဖွဲ့က ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။

ထိုနေ့က မြစ်ငယ် PDF အဖွဲ့၏ အခြေစိုက်စခန်းကို ဝင်ရောက်စီးနင်းရာတွင် ပါဝင်ခဲ့သည့် တပ်မ (၉၉) လက်အောက်ခံ စစ်ကြောင်းမှာ ယခုလဆန်းပိုင်းက စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာတွင် လူပေါင်း ၂၀ ကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။ ရွာသား ၇ ဦးကို အပိုင်းပိုင်းခုတ်ထစ်ကာ လူမဆန်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်အတွင်းရှိ PDF စခန်းများကို စစ်ကောင်စီ စစ်ကြောင်းများက နေ့စဉ်ရက်ဆက် ဝင်ရောက်စီးနင်းနေသည်ကို တွေ့ရသည်။

ယမန်နေ့ (မတ် ၁၆) တွင် မုံရွာမြို့တောင်ဘက်ရှိ ဒေသခံ PDF အဖွဲ့များ၏ စခန်းသုံးခု စီးနင်းခံရပြီး နယ်မြေချင်း ထိစပ်နေသော မြောင်မြို့နယ်တွင်လည်း မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ၏ အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရသည်ဟု သိရသည်။

ယနေ့တွင်လည်း မုံရွာမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က ဆက်လက်စီးနင်းနေပြီး မြောင်မြို့နယ်တွင်လည်း ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။

မြောင်မြို့နယ်သည် စစ်ကိုင်းတိုင်းတောင်ပိုင်း၌ တည်ရှိပြီး မြောက်ဘက်တွင် မြင်းမူနှင့် ချောင်းဦးမြို့နယ်၊ အနောက်ဘက်တွင် ချင်းတွင်းမြစ်နှင့် ရေစကြိုမြို့နယ်၊ တောင်ဘက်တွင် ဧရာဝတီမြစ်တို့ တည်ရှိသည်။​ လက်နက်ကိုင် ခုခံတော်လှန်မှုပြင်းထန်သော မြောင်မြို့နယ်အတွင်းရှိ ကျေး ရွာများကို စစ်ကောင်စီက အဆက်မပြတ် ဖြိုခွင်းနေသည်။myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s