စစ်ကောင်စီထံ မှတ်ပုံပြန်မတင်ရန် SNLD ဆုံးဖြတ်၊ နိုင်ငံရေးအစုအဖွဲ့အနေဖြင့် ဆက် လက်လုပ်ဆောင် သွားမည်ဟုဆို

စစ်ကောင်စီကပြဋ္ဌာန်းထားသည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဉပဒေအရ မှတ်ပုံပြန်တင် မည်မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD) က ဆုံးဖြတ်ချက်ချမှတ်ခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၁၆ ရက်နှင့် ၁၇ နေ့တို့တွင်ကျင်းပခဲ့သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်း အဝေးတွင် တက်ရောက်လာသော ဗဟိုကော်မတီအဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်ဖြင့် တညီ တညွတ်တည်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း SNLD ပါတီအထွေ ထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကပြောသည်။
“နိုင်ငံရေးလုပ်တဲ့အစုအဖွဲ့တစ်ခုအနေနဲ့တော့ လုပ်နိုင်ကိုင်နိုင်တာတွေ ကိစ္စတွေအများကြီးကျန်ပါတယ်။ ဉပမာလူထုကို တိုက်ရိုက်အကူအညီပေးတဲ့ လုပ်ငန်းမျိုးတို့၊ သုတေသနလုပ်ငန်းမျိုး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာလုပ်ငန်းမျိုးနဲ့ နောက်ဆုံး ၂၀၂၁ မှာ ကြေညာခဲ့ဖူးသလို Peaceful Coexistence ပေါ့။ ငြိမ်းချမ်းစွာ အတူတကွရှင်တွဲနေထိုင်ခြင်းဆိုတဲ့မူအရ လုပ်ကိုင်စရာကိစ္စတွေအများကြီး ရှိပါတယ်” ဟု ဦးစိုင်းလိတ်က ဆိုသည်။
စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး အတိအကျ ကြေညာပြဋ္ဌာန်းထားမှုမရှိခြင်း၊ တိုင်း ပြည်၏ လုံခြုံရေးယို့ယွင်းနေသော အခြေအနေတွင် လုံခြုံရေးအကန့်အသတ်များစွာရှိပြီး ပါတီဝင်များနှင့် သွားရောက်တွေ့ဆုံကာ သဘောထားရယူနိုင်မှုမရှိခြင်း စသည့်အချက်များကြောင့် မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း SNLD ကပြောသည်။
စစ်ကောင်စီက နိုင်ငံရေးပါတီများအား မတ်လ ၂၈ ရက်နေ့ နောက်ဆုံးထားမှတ်ပုံတင်ရန် အချိန်သတ် မှတ်ထားပြီး လက်ရှိရှိနေသည့် နိုင်ငံရေးပါတီ ၉၀ ကျော်တွင် ကြံ့ခိုင်ရေးပါတီအပါအဝင် ပြည်ထောင်စု တစ်ဝန်းလုံးစည်းရုံးမည့်ပါတီအဖြစ် ခုနစ်ပါတီ ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကိုယ်စားပြုစည်းရုံးမည့်ပါတီ ၂၂ ပါတီက ပြန်လည်မှတ်ပုံတင်ထားသည်။
NLD ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD တို့ကလည်း စစ်ကောင်စီထံ ပြန်လည်မှတ်ပုံ တင်မည်မဟုတ်ကြောင်း သိရသည်။ စစ်ကောင်စီ၏ လုပ်ရပ်များသည် တရားမဝင်ကြောင်းနှင့် စစ်အုပ်စု၏ ဆောင်ရွက်ချက်များကို အသိ အမှတ်ပြုမည်မဟုတ်ကြောင်း NLD နှင့် DPNS တို့က တုံ့ပြန်ထားကြသည်။mizzima