စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်တွင် တီးခတ်မည့် ပြည်တွင်း DJ များအား အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ နောက်ဆုံးအကြိမ် သတိပေး

ယခုနှစ် စစ်ကောင်စီပြုလုပ်မည့် သင်္ကြန်တွင် ပါဝင်ဖျော်ဖြေတီးခတ်မည့် ပြည်တွင်း DJ အဖွဲ့များအား စစ်ကောင်စီ၏ ဘက်တော်သားများအဖြစ်သတ်မှတ်၍ အရေးယူသွားမည်ဟု ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ တစ်ခုဖြစ်သော Dark Shadow (YGN UG)က နောက်ဆုံးအကြိမ်သတိပေးကြောင်း ယခု မတ်လ ၁၅ ရက်၊ ရက်စွဲဖြင့် အသိပေး ထုတ်ပြန်ထားသည်။

Dark Shadow(YGN UG) အဖွဲ့၏ သတိပေးချက်တွင် မကြာခင်ကျရောက်မည့် သင်္ကြန်ကာလအတွင်း စစ်ကောင်စီ က Yangoon Water Festival ၊ Myanmar Thingyan Music Festival နှင့် Thingyan Vina Festival – TVF ပွဲများ ကို ပြုလုပ်ခွင့်ပေး၍ တော်လှန်ရေးကာလကိုမေ့ပျောက်စေရန် ဖန်တီးပြုလုပ်နေကြောင်း၊ ထို့ကြောင့် Yangon Water Festival တွင် International Headliners များနှင့် Local Headliners များ ပါဝင်နေသည်ကို မိမိတို့ အနေဖြင့် ကြားသိရကြောင်း ၊ ယင်းအပေါ် သပိတ်ကော်မတီတော်လှန်ရေးအင်အားစုများက မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသောအခြေအနေများနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများကို အကြောင်းကြား၍ ပါဝင်ပတ်သက်ခြင်း မပြုရန် တောင်းဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အလားတူ Local Headliners များဖြစ်သော EDGE ၊ E11ven11 ၊ Dj Rush ၊ S Logic၊ Glan ၊ Mike Haider ၊ Tempo ၊ Zam စသည့် local DJ များကိုလည်း Dark Shadow (YGN UG) အဖွဲ့က ပါဝင်ဖျော်ဖြေခြင်းမပြုရန် သတိပေးထားခြင်းလည်းဖြစ်သည်။

“ ဒီနှစ် ဗဟိုမဏ္ဌပ်ကို ပြည်သူ့ရင်ပြင်မှာလုပ်မယ်လို့ သိရတယ်။ မြို့တော်ခန်းမအရှေ့မှာတော့ ပုံမှန်အတိုင်း လုပ်နေကြ မြို့တော်ဝန်မဏ္ဌပ်ကို လုပ်ဖို့ရှိတယ်။ အခြားနေရာတွေတော့မသိသေးဘူး၊ ရေကစားမဏ္ဌပ်ဆောက်ဖို့ လာလျှောက်တဲ့ လုပ်ငန်းရှင်တွေလည်း မတွေ့ရသေးဘူး။ နိုင်ငံရေးအခြေအနေအရ လုပ်ငန်းရှင်တွေကလည်း သီးခြား ရေကစားမဏ္ဌပ်လိုမျိုးတွေ မလုပ်ချင်ကြဘူး။ မဖြစ်မနေလုပ်ရမယ်ဆို သူတို့(စစ်ကောင်စီ) လုပ်မယ့် မဏ္ဌပ်တွေမှာဘဲ ပေါင်းလုပ်ချင်တဲ့ ဆန္ဒရှိတဲ့ပုံပေါ်တယ်။ သီးသန့်လုပ်နေရင် လုံခြုံရေးအတွက် စိုးရိမ်နေကြ ပုံလည်းပေါ်တယ်။” ဟု ရန်ကုန်စည်ပင်သာယာရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမ ကို ပြောသည်။

Dark Shadow (YGN UG) အဖွဲ့၏ ထုတ်ပြန်ချက်တွင် တိုင်းပြည်တစ်ခုလုံး နာရေးဖြစ်နေချိန် စစ်ကောင်စီ၏ ယုတ်မာရက်စက်မှုကြောင့် တစ်နိုင်ငံလုံးရှိပြည်သူများ အသက်အန္တရာယ်နှင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မမေ့လျော့ကြရန်နှင့် ပြည်သူ့အာဏာသည် ပြည်သူတစ်ဉီးချင်းစီ၏ လက်ထဲတွင်ရှိနေသည့်အတွက် ပူးပေါင်း ပါဝင်ပေးကြရန်လည်း မေတ္တာရပ်ခံ တိုက်တွန်းထားသည်။

“ အခု ၂၀၂၃ သင်္ကြန်က ၂၀၂၀ ကိုဗစ်ကာလနဲ့ ဆို လေးနှစ်ရှိသွားပြီ။ သင်္ကြန်ကို မျှော်တယ် ပါဝင်ချင်တယ် ဆိုပေမယ့် အခု လက်ရှိအချိန်က တိုင်း ပြည်နာရေးဖြစ်နေတဲ့ အချိန်လေ။ တိုင်းရင်းသား နယ်မြေတွေ အညာ ဒေသတွေမှာ ရွာလုံးကျွတ်မီးရှို့ ခံနေရတာတွေ အစုလိုက် အပြုံ လိုက် သတ်ဖြတ်ခံနေရတာတွေကို ကျွန်မတို့ သတင်းတွေကတဆင့် သိနေရတယ်။ ဒါကို ကျွန်မတို့ မြို့ပြမှာနေတဲ့သူတွေ မေ့ထားလို့မရဘူး။ ဒီကာလဟာ တော်လှန်ရေးကာလဆိုတာ အမြဲသတိရှိနေရမယ်။ ဒါ့ကြောင့် ဒီသင်္ကြန်ကို မျှော်ပေမယ့် ပါဝင်မှာတော့မဟုတ်ဘူး။” ဟု ရန်ကုန်မြို့နေ အထက်တန်းပြ CDM ဆရာမတစ်ဉီးကလည်း သူ၏ အမြင်ကို ရင်ဖွင့်သည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s