ဖားကန့်က အမျိူးသမီးစွမ်းရည် မြှင့်တင်ရေးရုံးကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရုံးစောင့်ကို ဖမ်းဆီးသွား



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက ဖွင့်လှစ်ထားသည့် အမျိုးသမီးစွမ်းရည်မြင့်တင်ရေးရုံးကို အာဏာသိမ်း စစ်တပ်က မတ်လ ၁၇ နေ့၊ ည ၁၁ နာရီအချိန်တွင် ဝင်ရောက်ဖျက်ဆီးပြီး အရပ်သား ရုံးစောင့်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်။
ဖားကန့်မြို့ မှော်စီစာကျေးရွာ၊ ဖြုစင်ကုန်းရပ်ကွက်တွင် ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးရုံးက ဖွင့်လှစ်ပြီး အမျိူးသမီးများကို ကွန်ပျူတာ သင်ကြားပေးမည့် ကိုယ်ထူကိုယ်ထ ကွန်ပျူတာ သင်ကြားရေးစင်တာ (Co mputer Learning Center) ကို စစ်ကောင်စီတပ်ဖွဲ့များက ယခုလို ဖျက်စီးခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းရုံးရှေ့မှ ဖြတ်သွားဖြတ်လာသည့် ရေမဆေးသမားများကို တားဆီးပြီး အတင်းအဓမ္မ ဝင်ရောက်ဖျက်ဆီးခိုင်းခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက မဇ္စျိမကို ပြောသည်။
“ဆိုင်ကယ်နဲ့ဖြတ်သွားဖြတ်လာ လုပ်နေကြတဲ့ ရေမဆေးသမားတွေကို တားပြီး ဝင်ဖျက်ဆီးခိုင်းတာ၊ ညက ရိုက်ခွဲသံတွေကြားတော့ သူခိုးဝင်တယ်ထင်နေတာ၊ ထွက်ကြည့်တော့မှ သေနတ်ကိုင်ထားတဲ့သူတွေကို မြင်လိုက်တော့ ကြောက်လို့ အိမ်ထဲပြန်ဝင်နေတာ ” ဟု ဒေသခံကပြောသည်။
အဆိုပါ ကွန်ပျူတာသင်ကြားပေမည့် ရုံးနေရာကို ကချင်အမျိုးသားလူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရုံးဝင်းအတွင်း တစ်ဆက်တည်း တိုးချဲ့ဆောက်လုပ်ထားခြင်းဖြစ်ပြီး ကွန်ပျူတာရုံးနေရာကိုသာ ဖျက်ဆီးသွားသည်ဟု မဇ္စျိမက စုံစမ်း သိရသည်။
ကွန်ပျူတာအဆောင်တွင်းမှ ကွန်ပျူတာ ကိုးလုံးနှင့် အခြားပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးသွားပြီး ပစ္စည်းအချို့ကိုလည်း သိမ်းယူသွားသည်ဟု သိရသည်။
ထို့နောက် ရုံးစောင့်အမျိုးသားဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသကဲ့သို့ အဆက် အသွယ်မရသေးကြောင်း သိရသည်။
အဆိုပါ သင်တန်းနေရာ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးနောက် ၃ ရက်မြောက်နေ့တွင် ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားနှစ်စီးဖြင့် လာရောက်ဖျက်ဆီးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ရုံးအဆောက်အအုံနှင့် ပစ္စည်းများကို ဖျက်ဆီးခဲ့ပြီး ယင်းနောက် ရုံးတာဝန်ရှိသူ၏ နေအိမ်ကိုလည်း ဝင်ရောက်မွှေနှောက်ကာ ရှာဖွေသွားကြောင်း နီးစပ်သူသတင်းရင်းမြစ်များက အတည်ပြုသည်။
သို့သော် မည်သည့်အကြောင်းရင်းကြောင့် စစ်တပ်က လာရောက်ဖျက်ဆီးသွားသည်ကို မသိရသေးဘဲ မဇ္စျိမက ဆက်လက်စုံစမ်းနေဆဲ ဖြစ် သည်။
ပြီးခဲ့သည့် မတ် ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့၊ ဖားပြင်ကျေးရွာရှိ ကချင်ရိုးရာစာပေနှင့် ယဉ်ကျေးမှုရုံးမှာ အစည်းဝေးပြုလုပ်နေသည့် ပြည်သူ ၃၀ ခန့်ကို စစ်တပ်က ဖမ်းဆီးသွားခဲ့သေးသည်။mizzima