မတ္တရာမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ ၂ ဦးသေဆုံး၊အများအပြား ဒဏ်ရာရဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းစစ်ကြောင်းထိုးလာသည့် အင်အား ၆၀ခန့်ပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းကို မတ်လ ၁၈ ရက်နေ့ မနက်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ မှ ဗိုလ်နတ်ဆိုးက ပြောသည်။
“ကျောက်တံတားကနေ စစ်ကြောင်းထိုးလာတာကို ကျတော်တို့က လမိုင်းနဲ့ မကျည်းကုန်း ကြားမှာ မိုင်းဆွဲလိုက်တာ။ နှစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ ဒဏ်ရာရတာကတော့ ခုနှစ်ယောက်၊ရှစ်ယောက် လောက်ရှိတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းကို စလစ်မိုင်း နှစ်လုံး၊ရှေ့ထွက်မိုင်းတလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း နတ်ဆိုးမြေအောက်တော်လှန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မတ္တရာမြို့နယ်၊ကျောက်တံတားကျေးရွာမှ မြို့အရှေ့ပိုင်းသို့ အင်အားတိုးမြှင့်ချထားပြီး နယ်မြေစိုးမိုးနိုင် ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။ ယမန်နေ့ကလည်း စစ်ကောင်စီတပ်က စပ်ပြင်ကျေးရွာအတွင်းမှနေ၍ အနီးပတ်၀န်းကျင်ကျေးရွာများသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗိုလ်နတ်ဆိုးက ဆိုသည်။
“လက်ရှိအခြေအနေကတော့ သူတို့ ရွာတွေမှာပတ်ပြီးအထိုင်ချတဲ့အခြေအနေတွေရှိနေတယ်။ သူတို့ နယ်မြေစိုးမိုးရေးပုံမျိုး လာတာတွေ့ရတယ်။ အင်အားက တော်တော်များတယ်။ စစ်ကြောင်းက လေးကြောင်း ခွဲချထားတာ” ဟုပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် မတ္တရာမြို့အနောက်ခြမ်းရှိ ကျေးရွာများသို့ လှည့်လည်စစ်ကြောင်းထိုးခြင်း၊ မီးရှို့ ခြင်းနှင့်ပြည်သူများအား သတ်ဖြတ်ခြင်းတို့လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။ mizzima