ရန်ကုန်တွင် စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်အချို့ စတင်ဆောက်လုပ်

ရန်ကုန်မှာ အာဏာသိမ်းစစ်ကောင်စီလက်ထက် ဒုတိယအကြိမ်မြောက် သင်္ကြန်ကျင်းပဖို့အတွက် စစ်ကောင်စီက ပြင်ဆင်လာတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
အဲ့ဒီလိုပြင်ဆင်တဲ့နေရာမှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ မဏ္ဍပ်တခုကို စတင်တည်ဆောက်နေပြီး ရန်ကုန်ပြည်သူ့ရင်ပြင်အတွင်းမှာလည်း မဏ္ဍပ်တခုနဲ့ စတိတ်စင်တခုကိုလည်း တည်ဆောက်နေတယ်လို့သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မှာ သက်ြန်မဏ္ဍပ်တွေ တည်ဆောက်ခွင့်ပြုတယ်လို့ ကြေညာခဲ့ပေမယ့် ဒီနေ့အချိန်အထိ ရန်ကုန်မှာ ပုဂ္ဂလိကမဏ္ဍပ်တွေ တည်ဆောက်တာမျိုး မရှိသေးပါဘူး။
ယခင်နှစ်ကလည်း ရန်ကုန်မှာ မြို့တော်ခန်းမ မဏ္ဍပ်တခုနဲ့ ပြည်သူ့ရင်ပြင်မဏ္ဍပ်တခုပဲရှိခဲ့ပြီး အဲ့ဒီမဏ္ဍပ်တွေမှာ ငါးထောင်စားတွေနဲ့ စစ်ကောင်စီအသိုက်အဝန်းက လူတွေနဲ့ပဲ သင်္ကြန်ကျင်းပခဲ့ပါတယ်။
ပြည်သူတွေကတော့ အာဏာသိမ်းပြီးနောက်ပိုင်းမှာ သင်္ကြန်ကို မိမိတို့ရပ်ကွက်အတွင်းမှာပဲဖြတ်ကျော်ခဲ့ကြပြီး တော်လှန်ရေးအင်အားစုတွေ တိုက်တွန်းတဲ့အတိုင်း စစ်ကောင်စီရဲ့သင်္ကြန်ကို ပူးပေါင်းပါဝင်တာမျိုးမရှိခဲ့ကြပါဘူး။
ဒီနှစ်မှာကျင်းပမယ့် စစ်ကောင်စီရဲ့ သင်္ကြန်ကိုလည်း ပူးပေါင်းပါဝင်တာမျိုးမလုပ်ဖို့နဲ့ သတိပေးထားတဲ့ကြားက ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ တာဝန်မယူဘူးလို့ ရန်ကုန်ပြောက်ကျားအဖွဲ့ဖြစ်တဲ့ Dark Shadow က သတိပေးထားပါတယ်။DVB