ဒါရိုက်တာစတီးကို စစ်ကောင်စီတပ်က ဖမ်း ဆီး

ရုပ်ရှင်ဒါရိုက်တာစတီး (ဒွေးမေတ္တာ)ကို မတ်လ ၂၀ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သူနဲ့ နီးစပ်သူက ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်မြို့၊ သန်လျင်မြို့နယ်ရှိ ဒါရိုက်တာ စတီးရဲ့ နေအိမ်ကို အရပ်ဝတ်လက်နက်ကိုင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီနေ့မနက် ၉ နာရီလောက်မှာ ဦးစွာလာရောက်ရှာဖွေခဲ့တာလို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်ဖမ်းဆီးချိန် ဒါရိုက်တာစတီးဟာ နေအိမ်မှာ မရှိတာကြောင့် နေအိမ်ကို ချိပ်ပိတ်မယ်လို့ ခြိမ်းခြောက်ဖုန်းဆက်ခေါ်ခိုင်းပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
မိသားစုနဲ့ နီးစပ်သူတွေက “ဦးစတီးလ်က သူ့ကလေးတွေကို မြို့ထဲကို ကျောင်းသွားပို့နေတဲ့အချိန် အိမ်ကို စစ်သားတွေရောက်လာပြီး ရှာတာပေ့ါ။ ဖုန်းဆက်ခေါ်ပေး ရှောင်တာတွေပါတွေလုပ်ရင် အိမ်ကို ချိပ်ပိတ်မယ် ပြောတယ်တဲ့။ အဲဒါနဲ့ ဖုန်းဆက်ခေါ်ပြီး ပြန်လာတော့ နာရီစင်နားမှာ ဖမ်းပြီး စစ်ကြောရေးကို ခေါ်သွားကြတယ်။ အဝတ်အစား သုံးစုံနဲ့ ဆေးဝါးတွေတောင်းလို့ သွားပို့ပေးကြတယ်၊ လာရှာတုန်းက ဘာကိစ္စလဲ ဆိုတာတော့ မပြောဘူး”လို့ ပြောပါတယ်။
ဒါရိုက်တာစတီးဟာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပုတ်ခတ်တဲ့ ခေတ်သစ်မီဒီယာရဲ့ သတင်းကို ပြန်လည်မျှဝေထားတာကြောင့် အရေးယူဖို့ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်ကနေ မကြာခဏဖော်ပြခဲ့ပြီးနောက် အခုလိုဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ DVB