Monthly Archives: Mar 2023

သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်တပ် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်၊ မုံရွာတွင်လည်း စစ်တပ် တပ်စွဲထားသောနေရာကို ဝင်ရောက် တိုက်ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ယနေ့မတ်လ ၂၂ ရက် နံနက် ၁၁ နာရီခန့်က သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ စကခ ၈ ရှေ့တန်းစခန်းကို KNLA၊ PDF၊ KRF နှင့် TPDF Drone ယူနစ်တို့ ပူးပေါင်းကာ ဗုံးသီး ၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်သားများ ထိခိုက် သေဆုံးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်​ပြီး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ပိန္နဲတောစခန်းကတော့ ပြန်မပစ်ဖူးဗျ၊ သူ့ဘေးမှာရှိတဲ့ လှုပ်ရှားတပ်ခွဲကတော့ လက်နက်ငယ်တွေနဲ့ ပြန် ပစ်တာရှိတယ်၊ ဒါလဲအချက်ရေနည်းနည်းလောက်ပဲ ပြန်ပစ်တာ၊ ဒရုန်းနဲ့ချတာဆိုတော့ သူတို့ရှိတဲ့နေရာ သိမှာစိုးလို့ထင်တယ်၊ ကျနော်တို့ကလည်း သူတို့ရှိတဲ့နေရာတွေ့ရင် ထပ်ချမှာပါ၊ ထိခိုက်သေဆုံးမှုတော့ မသိရသေးဘူး” ဟု သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေး အင်အားစု(TPDF) မှ တာဝန်ရှိသူ တစ်ဦး က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လယ်ဇင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့​ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မုံရွာနတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်တွင် မုံရွာမြို့နယ် လယ်ဇင်ရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် တပ်ရင်း၂၂ မုံရွာနတ်ဆိုး တပ်ရင်းနှင့် မုံရွာခရိုင် တပ်ရင်း၂၄ Monywa Ranger Group Truth Army တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၂၂ မုံရွာနတ်ဆိုး တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

မတ္တရာနှင့် စစ်ကိုင်းတွင် ရွာများ စီးနင်းခံရပြီး ဘုန်းကြီး အပါအဝင် ၄ ဦး အသတ်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းတွင် စစ်ကောင်စီတပ်က ကျေးရွာ ၄ ရွာမှ ဘုန်းကြီးတစ်ပါး၊ အမျိုးသမီးနှစ်ဦး၊ အမျိုးသားတစ်ဦးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း သတ်ဖြတ်လိုက်သည်ဟု ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များက ပြောကြသည်။

မန္တလေးမြို့ဘက်မှ စက်လှေ၊ မော်တော်များဖြင့် မြစ်ကြောင်းအတိုင်း လာသည်ဟု ယူဆရသော စစ်ကောင်စီတပ်သည် မတ် ၁၃ မှ ၁၈ ရက်အတွင်း အင်အား ၁၀၀ ဝန်းကျင်စီဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲကာ မတ္တရာမြို့နယ်အနောက်ခြမ်းနှင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာများကို စီးနင်းခဲ့စဉ် ထိုကိစ္စများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ် မဲဇလီကျေးရွာမှ သက်တော် ၅၀ ခန့်အရွယ် ရဟန်းမှာ ၆၀ မမ လက်နက်ကြီးကျည် ထိမှန်ခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“ပိုဝရွာက အမျိုးသားက ဖမ်းပြီး သတ်ခံရတာ။ မြွေခလ (ရွာ) က အမျိုးသမီးက မသန်မစွမ်း၊ မပြေးနိုင်ဘဲ အိမ်မှာ ကျန်နေတဲ့အချိန် မီးရှို့ခံရတာ။ မဲဇလီက ဆရာတော်က ကျောင်းတိုက်မှာ ရှိနေတုန်း ၆၀ တွေနဲ့ ပစ်ခံရတာမှာ ဦးခေါင်းပေါ် တည့်တည့်ကျပြီး ပျံတော်မူသွားတာ” ဟု ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဒုတာဝန်ခံ ဗိုလ်ကောင်းကင် ဆိုသူက ပြောသည်။

ထိုစစ်ကြောင်း နှစ်ကြောင်းသည် မတ် ၁၃ ရက်မှ ယနေ့ (မတ် ၂၂) အထိ ပိုဝ၊ မြွေမြစ်ရိုး၊ မြွေခလ၊ ရွှေဂဲပြန်၊ မြွေရေယဉ်၊ မြွေပုသိမ်၊ မြွေကတို့ဆိပ်၊ စိန်ပန်းကုန်း ကျေးရွာများအပြင် ဧရာဝတီမြစ်တစ်ဖက်ကမ်း စစ်ကိုင်းမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရွှေဂဲပြန်ကျေးရွာတွင် မတ်လ ၁၄ ရက်နေ့က ပစ်သတ်ခံရသော အမျိုးသမီးမှာ ၁၀ နှစ်အရွယ် ကလေးတစ်ဦး၏ မိခင်ဖြစ်ကြောင်း၊ မုဒိမ်းကျင့်ခံထားရသည်ဟု ယူဆကြောင်း ဗိုလ်ကောင်းကင်က ဆိုသည်။

“ဒီအမျိုးသမီးရဲ့အလောင်းကို ပြန်တွေ့ချိန်မှာ ကုတ်ဖဲ့ထားတဲ့ ဒဏ်ရာတွေ၊ အဝတ်အစားတွေ ဆွဲချွတ်ခံထားရတာ၊ အပေါ်ပိုင်း (အဝတ်) တွေကို ဆွဲဖြဲထားတဲ့ ဒဏ်ရာတွေလည်း တွေ့ခဲ့ရတယ်။ တော်တော် ရုပ်ပျက်ဆင်းပျက်နဲ့ ပြန်တွေ့ရတာပါ” ဟု သူက ပြောသည်။

ကာကွယ်ရေးအဖွဲ့ထံမှ ရရှိသည့် ဓာတ်ပုံတွင် တံခါးအနီး လဲကျနေသည့် အသက် ၃၀ အရွယ် အမျိုးသမီး၏ ရုပ်အလောင်းကို လုံခြည်အစင်းနှင့် အစိမ်းရောင်အကျီ၊ အပေါ်ထပ်တို့ဖြင့် တွေ့ရသည်၊ အမြင်မသင့်တော်သဖြင့် အလောင်းကို အဝတ်များ ပြန်ဝတ်ပေးကာ ဓာတ်ပုံမှတ်တမ်းယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းနှစ်ခုကို ဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းပြီး အကြိမ်ကြိမ် ခုခံရာ စစ်သား ၁၂ ဦး သေဆုံးသည်ဟု အထက်ပါ ခရိုင်ပကဖ ဒုတာဝန်ခံက ပြောသည်။

“ကျွန်တော်တို့ကလည်း ဒီစစ်ကြောင်းနှစ်ခုကို ခုခံတိုက်ခိုက်တာမှာ ထိတွေ့တိုက်ပွဲ လေးကြိမ်အထိ ဖြစ်ပွားပြီးတော့ လေးကြိမ်အတွင်းမှာ စစ် xx ၁၂ ကောင် ရခဲ့ပါတယ်” ဟု ဗိုလ်ကောင်းကင်က ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်သေဆုံးမှု အရေအတွက်ကို Myanmar Now အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ထို ၅ ရက်တာ စီးနင်းမှုအတွင်း စစ်တပ်က ပိုဝရွာမှ စာသင်ကျောင်းနှစ်ကျောင်း၊ စိန်ပန်းကုန်းရွာမှ နေအိမ်တစ်လုံး၊ မြွေမြစ်ရိုးရွာ မှ နေအိမ် ၂၉ လုံး၊ မြေခလမှ နေအိမ်၂၇ လုံး၊ မြွေရေယဉ်မှ နေအိမ် ၄၅ လုံး၊ မြွေပုသိမ်မှ နေအိမ်တစ်လုံး၊ မြွေကတို့ဆိပ်ရွာမှ နေအိမ်တစ်လုံးတို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခရိုင်ပကဖ၏ စာရင်းများအရ သိရသည်။

ထို့နောက် မတ် ၁၈ တွင် စစ်ကြောင်းများ မြစ်ကြောင်းအတိုင်း ပြန်ထွက်သွားကာ ရုပ်အလောင်းများကို ဒေသခံကာကွယ်ရေးအဖွဲ့များက ကောက်ယူသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ယနေ့ (မတ် ၂၂) တွင် အင်အား ၅၀ စီဖြင့် စစ်ကြောင်း နှစ်ကြောင်းခွဲကာ မတ္တရာအနောက်ခြမ်း မြစ်ကမ်းဘေးကျေးရွာများအနီး ရောက်ရှိလာပြီး နံနက် ၇ နာရီခန့်တွင် စစ်ကြောင်းတစ်ခုက ပိုဝကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကာ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။

မတ္တရာမြို့နယ်အတွင်း စစ်ကြောင်းများဖြင့် ထိုးစစ်ဆင်နေသလို မြို့နယ်အတွင်းရှိ စကျင်တောင်တန်းများပေါ်တွင် လက်နက်ကြီးများ တပ်ဆင်၍ ကျေးရွာများအတွင်း ချိန်ရွယ်ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကာ  စစ်ကြောင်းများကိုလည်း ပြင်ဦးလွင်ခရိုင်ပကဖ၏ တပ်ဖွဲ့များ၊ ဒေသတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များက စုပေါင်းကာ ခုခံတိုက်ခိုက်နေသည်။

ယမန်နှစ် ဒီဇင်ဘာအတွင်းကလည်း စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နှင့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေးကျေးရွာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မန္တလေးမြို့အခြေစိုက်တပ်များက ဝင်ရောက်စီးနင်းခဲ့၍ အနည်းဆုံး ကျေးရွာ ၂၀ ခန့်မှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဒီဇင်ဘာ ၂၇ က ဧရာဝတီမြစ်အရှေ့ဘက်ရှိ ပိုဝရွာ စီးနင်းခံရပြီး စစ်ကောင်စီစစ်ကြောင်းကို ကင်းထောက်နေသည့် ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် သက် ၁၉ အရွယ် ကိုပြည့်ပြည့်ကျော်နှင့် ကိုနိုင်းနိုင်တို့ နှစ်ဦး ဖမ်းဆီးသတ်ဖြတ် မီးရှို့ခံရသည်။ myanmar now

စစ်တပ် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၅၄ ဦးထိရှိ

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၇၉၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၉၂၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၁၆၃ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက် အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း အယောက် ၁၅၀ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၄ ယောက်ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၀ ရက် ည ၇ နာရီလောက်က မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရဝေးဆိပ်(အထက်)ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ လက်နက်ကြီးကျည်ဟာ ကျေးရွာအတွင်းက နေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဦးကုလားမှာ ကျည်စထိမှန်ကာ နေရာတင်သေဆုံးခဲ့ပြီး သူ့ရဲ့သားဖြစ်သူ ကိုအောင်လွင်မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဘီးလင်းမြို့နယ်ဆေးရုံဆီ ပို့ဆောင်နေချိန် လမ်းမှာသေဆုံးခဲ့တယ်လို့ အေအေပီပီက ပြောပါတယ်။

ဒါ့အပြင် မတ် ၁၈ ရက်ကလည်း မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းက ဆေးမင်းတောကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် ဒေသခံ ၂ ယောက် သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ သေဆုံးသူတွေကတော့ ဦးဘိုတင်နဲ့ စိတ်ကျန်းမာရေးမကောင်းသူ ဦးသန်းမင်းအောင်တို့ ဖြစ်ကြပြီး အဆိုပါစစ်ကြောင်း ပြန်လည်ထွက်ခွာခဲ့ပြီးနောက် သူတို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့ရတာလို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB

ကျိုက်ထိုက်၊ ဘီးလင်းနှင့် သံဖြူဇရပ်ရှိ တပ်မ ၄၄ ဌာနချုပ် အပါအဝင် စစ်တပ် တပ်စွဲထားသော နေရာများကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်တိုက်ခိုက်မှုနှင့် ဘီလင်းမြို့နယ်၊ သံတံတားဂိတ် တိုက် ခိုက်မှုတွင် အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင် အားစု(TPDF) မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည်။

မတ်၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်၊ တပ်မ ၄၄ ဌာနချုပ်ရုံးနှင့် တပ်မမှူး ၏ နေအိမ်တို့ကို KNLA၊ PDF၊ KRF နှင့် TPDF Drone ယူနစ်တို့ ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး ၈ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီး ၇ လုံး ပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“၂ နေရာကို ၄ ကောင်သေတာပါ၊ တခြားထိခိုက်ပျက်စီးမှုတော့ မကြားသေးဘူး၊ ကျိုက်ထိုနဲ့ ဘီးလင်း ကြား သံတံတားဂိတ်ကို တိုက်ခိုက်မှု နှစ်ကြိမ်မှာက တစ်ကောင် ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့သူတွေ ထဲက ဆေးရုံမှာ တစ်ကောင် ထပ်သေတယ်၊ တပ်မ ၄၄ ဌာနချုပ်ကို တိုက်ခိုက်မှုမှာလည်း ၂ ကောင် သေတယ်” ဟု သထုံ ပြည် သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု(TPDF) မှ ရန်ကုန်ခေတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၂၀ ရက် နံနက် ၁၀ နာရီခန့်က တစ်ကြိမ်၊ ညနေ ၆ နာရီခန့်က တစ်ကြိမ် အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ဖြင့် တပ်စွဲထားသည့် မွန်ပြည် နယ်၊ ဘီးလင်းမြို့နယ်နှင့်ကျိုက်ထိုမြို့နယ်ကြားရှိ သံတံတားဂိတ် ကို KNLA ၊PDF ၊ KRF နှင့် TPDF Drone ယူနစ် ပူးပေါင်းတပ်ဖွဲ့မှ လက် နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာနှင့် ရွာသာအေးကျေးရွာကြားတွင် လမ်းကင်းယူနေ နေသာအကြမ်းဖက်စစ်သားများတိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့ထံမှ သိရသည်။

ယနေ့မတ်လ ၂၂ ရက် နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က လမ်းကင်းလုံခြုံရေးယူနေသော အကြမ်းဖက်စစ် သားများကို တောင်ညိုပြည်သူ့ပြောက် ကျားတပ်ဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။khit thit

စစ်တပ်နှင့်ပျူရန်ကြောင့် ထောင်ချီသော ဆိပ်ခွန်ရွာခံများ အိမ်မပြန်ရဲဖြစ်နေ

ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ စစ်တပ်နှင့် ပျူစောထီးရန်ကြောင့် အိမ်မပြန်ရဲဖြစ်နေကြသည်။

ရွှေဘိုမြို့အနောက်ဘက် ၈ မိုင်အကွာရှိ ဆိပ်ခွန်ရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက ယခုလ ၁၈ ရက်တွင် ဝင်ရောက်တိုက်ခိုက်စဉ် စစ်တပ်က စစ်ရဟတ်ယာဉ်ဖြင့် ပြန်လည်ပစ်ခတ်သဖြင့် ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။

ရွှေဘို-မုံရွာကားလမ်းမဘေးရှိ ဆိပ်ခွန်ရွာမှ လူ ၂၀၀၀ ကျော်နှင့် ရွှေဘိုမြို့နယ်မှ ဒေသခံ ၁၀၀၀ ခန့် မူးမြစ်တစ်ဖက်ကမ်းရှိ ဒီပဲယင်းမြို့နယ်အတွင်း ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

ဒေသခံအချို့ ရွာပြန်ဝင်ကြပြီဖြစ်သော်လည်း အများစုမှာ အိမ်မပြန်ရဲသေးကြောင်း ဆိပ်ခွန်ရွာမှ အမျိုးသားတစ်ဦးက ယနေ့ (မတ် ၂၂) ပြော သည်။

“အချို့ကတော့ ပြန်ဝင်ကြပြီဗျ။ စခန်း (ဆိပ်ခွန်ရဲစခန်း) နဲ့ နီးတာတွေကတော့ ဒီပဲယင်းနယ်ထဲက ဘုန်းကြီးကျောင်းတွေနဲ့ ရွာတွေမှာ ရှောင်နေကြတာဗျ။ လောလောဆယ်တော့ မပြန်ရဲကြဘူး”

ရဲစခန်းအတိုက်ခံရသည့်အပေါ် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ဖမ်းဆီးစစ်ဆေးမည်ကို ကြောက်သဖြင့် မပြန်ရဲခြင်းဖြစ် ကြောင်း ထွက်ပြေးတိမ်းရှောင်နေရသည့် ဆိပ်ခွန်ရွာသူတစ်ဦးကလည်း ဆိုသည်။

“ပျုရွာတွေ များတဲ့အခါကျတော NLD နဲ့ ပတ်သက်တဲ့လူတွေ၊ တော်လှန်ရေးသမားမိသားစုတွေကတော့ စစ်ကြောင်းတွေ မရှိတော့လည်း ရွာမှာ နေလို့မရတဲ့အဆင့် ဖြစ်သွားပြီ။ ဝေဟင်က ပစ်တော့ ပျူတွေက အားတက်ပြီး တိုက်ခိုက်တာတွေ လုပ်လာပြီ။ မည်းမည်းမြင်ရာ အကုန်ဖမ်းဆီးနှိပ်စက်ကြတော့မှာပဲ၊ ကြောက်တာ”

အခြား ဆိပ်ခွန်ရွာခံများနည်းတူ ၎င်းမှာ ဒီပဲယင်းမြို့နယ်အတွင်း မိသားစုနှင့်အတူ လက်ရှိအချိန်ထိ တိမ်းရှောင်နေရသည်။​

အင်အား ၃၀ ခန့်ရှိ ဆိပ်ခွန်ရွာရဲစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် နှစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ခဲ့ကာ ဒေသကာကွယ်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်တွင် စစ်ရဟတ်ယာဉ်တစ်စီး လာရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ရဲစခန်းကို ဝင်တိုက်သည့်နေ့က စစ်ရဟတ်ယာဉ်ဖြင့် အပစ်ခံရသဖြင့် ဆိပ်ခွန်ရွာမှ အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ဝင်းနှင့် ၂၂ နှစ်အရွယ် ကိုတိုးတိုးဆိုသူတို့ သေဆုံးခဲ့ကာ အခြားသုံးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

“တစ်စီးတည်းနဲ့ လေးငါးကြိမ် ဝိုက်ဝိုက်ပစ်သွားတာ။ သေတဲ့သူတွေကတော့ အိမ်ထဲမှာ ပုန်းနေရင်း ထိခိုက်သေသွားတာ။ အိမ်တစ်ချို့ အမိုးတွေ ပျက်စီးသွားတာတွေ ရှိတယ်။ သူတို့ ပစ်တဲ့အချိန် ကာကွယ်ရေးအဖွဲ့တွေက ဘေးလွတ်ရာကို ရောက်နေပါပြီ” ဟု ဒေသကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းတို့ ဝင်မတိုက်မီ ရွာအတွင်းမှ ထွက်ခွာရန် ကြိုတင်သတိပေးခဲ့ကြောင်း၊ ရဲစခန်းကို သိမ်းမည်ဆိုသော ချဲ့ကားပြောဆိုမှုများကြောင့် လေကြောင်းမှ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းလည်း ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တစ်ဦးက ဆိုသည်။

“စခန်းသိမ်းဆိုတဲ့ စကားတစ်ခွန်းကြောင့်မို့လို့ တူတယ်။ တကယ်တမ်းက ကာကွယ်ရေးတပ်ဖွဲ့တွေက အဝေးပစ်လက်နက်တွေနဲ့ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ ပစ်တာ။ စခန်းသိမ်းဖို့ မဟုတ်ဘူး။ စခန်းသိမ်းက တစ်ယောက်ပြော၊ တစ်ယောက်ပြောနဲ့ ကြီးကျယ်သွားတာနဲ့တူပါတယ်”

ရဲစခန်းကို ဝင်တိုက်စဉ် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိနှင့် လက်ရှိ ဆိပ်ခွန်ရွာအခြေအနေကို မသိရပေ။

ရွှေဘိုမြို့နယ်ရှိ ဆိပ်ခွန်ရွာသည် အိမ်ခြေ ၁၇၀၀ ခန့်ရှိ ရွာကြီးတစ်ရွာဖြစ်ကာ ရက်ကန်းလုပ်ငန်းဖြင့် ကျော်ကြားသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းက ဆိပ်ခွန်ရွာကို စစ်တပ်က ညအချိန် ဝင်ရောက်စီးနင်းကာ ရွာအတွင်း ကင်းစောင့်နေသည့် လူငယ်လေးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ဆိပ်ခွန်ရွာ ရဲစခန်းဝင်အတိုက်ခံရပြီးနောက် ထွက်ပြေးတိမ်းရှောင်လာသူ များလွန်းသဖြင့် စားနပ်ရိက္ခာ လိုအပ်နေသည်ဟု ဒီပဲယင်းမြို့နယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ရွှေဘိုနယ်ထဲက စစ်ရှောင်တွေက အလုံးအရင်းလောက် ဝင်လာတာ။ ငါးနေရာလောက်မှာ ခွဲထားရတာ၊ ထောင်ချီတယ်ဗျ။ စားနပ်ရိက္ခာတွေက လိုတာပေါ့ဗျ။ ဒီပဲယင်းဘက်မှာ စစ်ကြောင်းမရှိလို့သာ တော်တော့တာ” ဟု ၎င်းက ဆိုသည်။ myanmar now

ကျိုက်ထိုတွင် စစ်တပ်က လက်နက်ကြီးပစ်သဖြင့် ဒေသခံထောင်ချီ တိမ်းရှောင်နေရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ မတ် ၂၁ ရက် ည ၉ နာရီကနေ ၁၂ နာရီထိ သိမ်ဇရပ် စစ်ကောင်စီအ‌ေမြာက်တပ် ၃၁၀ နဲ့ ကင်မွန်းစခန်း ရဲကုန်းတို့ကနေ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဒေသခံထောင်ချီ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးနဲ့ပစ်နေတာက ၁၆ ချက်လောက်ရှိပါမယ်၊ ဘာတိုက်ပွဲလဲ မရှိဘဲ အခုလို အကြောင်းမဲ့ ပစ်နေခဲ့တာ၊ ကျိုက်ထီးရိုးတောင်ခြေဘက် ကင်မွန်းစခန်း အရှေ့ဘက်က ရွာတကေးချောင်းဖျား၊ ငှက်ပျောတော၊ ဇီးကုန်း၊ ပိတောက်တော၊ ချမ်းမြေ့ကရဝေးဆိပ် ရွာတွေက ပစ်ခတ်ခံရတာ၊ ဒေသခံ ၇,၀၀၀ ကျော် ညတွင်းချင်း ပြောင်း‌ေရွှ့ရတယ်” လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ငှက်ပျောတောကျေးရွာထဲသို့ ၇ လုံး၊ ကရဝေးဆိပ် အထက်စုကို ၅ လုံးနဲ့ တခြားနေရာဘက်တွေမှာပါ ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်မ ၄၄ ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ညနေ ၄ နာရီလောက်က လက်နက် ကြီး ၅ လုံး ပစ်ခတ်ခဲ့ရာ ငှက်ပျောတောကျေးရွာထဲကျပြီး နွားတကောင် ထိမှန်သေဆုံးခဲ့ပါတယ်။

စစ်တပ်က ကင်မွန်းစခန်း အရှေ့ဘက်ခြမ်းကို လက်နက်ကြီး ပစ်ခတ်နေတာဟာ ညတိုင်းနီးပါးရှိနေပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရေးတင်းမာနေပါတယ်။

စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေကို ကုသဖို့ ဆေးဝါးအကူအညီနဲ့ အရေးပေါ် လူသားချင်းစာနာထောက်ထားတဲ့ စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။DVB

မုံရွာမြို့နယ်အတွင်း စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ကျေးရွာများ ပြန်လည်ထူထောင်ရေး “အညာဒေသအတွက် နှမ်းတစ်စေ့” ကမ်ပိန်း ပြုလုပ်မည်

မုံရွာမြို့နယ်တွင် အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးသွားသော ကျေးရွာများ ပြည်လည် ထူထောင်ရေး “အညာဒေသအတွက် နှမ်းတစ်စေ့” ကမ်ပိန်း ပြုလုပ်မည်ဖြစ်​ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ ကမ်းပိန်းဖြင့် မတ်လ ၁၅ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် မုံရွာ-အမြင့်လမ်းဘေးရှိ ထနောင်းတော တောင်နှင့် မြောက်ရွာမှ မီးဘေးသင့် ပြည်သူများကို စတင်ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်း ကမ်းပိန်းကို မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့သားများနှင့် We Are People အဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်သွားမည် ဖြစ်​ကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းရှိ အလှူရှင်များ၊ ပြည်ပရှိ အလှူရှင်များ အ​နေဖြင့် “အညာဒေသ အတွက် နှမ်းတစ်စေ့ကမ်ပိန်း” တွင် မြန်မာငွေ ၁၀၀၀ ကျပ်မှ စတင်၍ လာရောက် လှူဒါန်းပေးကြရန် မေတ္တာရပ်ခံကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားသည်။

” ကမ်ပိန်းက ၃ လတိတိ ပြုလုပ်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Target က အိမ်ထောင်စု များတဲ့ အတွက် သိန်း ၁၀၀ သတ်မှတ်ထားပါတယ်။ မိဘပြည်သူများရဲ့ ကူညီလှူဒါန်းပေးမှုရမှ ထူထောင်ရေး လုပ်နိုင်မှာပါ အဓိက လိုအပ်တာကတော့ နေထိုင်စရာတဲပါ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ ကမ်ပိန်းအမြန်ပြည့်ရင်တော့ ယာယီ​တဲဆောက်ပေးဖို့ပါ။ တဲဆောက်တာမမှီတော့ရင်လည်း လိုရာသုံးဖို့ ငွေသားချည်းပြန်လည် လှူဒါန်းသွားမှာပါ​။ ယာယီတဲတစ်လုံးကို ခုနေ ခန့်မှန်းခြေ ၃သိန်းနဲ့အထက်ကျမှာပါ။ ဆန်၊ ဆီ တွေလည်းလှူဒါန်းဖို့လျာထား ထားပါတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။khit thit

ပုလဲမြို့ ပျူရွာတိုက်ပွဲတွင် PDF လေးဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး

ယမန်နေ့ (မတ် ၂၁) က စစ်ကိုင်းတိုင်းတောင်ပိုင်း ပုလဲမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသည့်ရွာကို ပူးပေါင်းတိုက်ခိုက်ခဲ့စဉ် ဒေသကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးနှင့် ဒေသခံ​အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဒေသခံများအကြား ပျူရွာဟု ထင်ရှားသည့် ပုလဲမြို့အနောက်ဘက် ၉ မိုင်ခန့်အကွာမှ ဇီးဖြူကုန်းရွာကို တိုက်ခိုက်စဉ် စစ်ကောင်စီဘက်က လက်နက်ကြီးများပစ်ခတ်ရာ တစ်မိုင်ခန့်အကွာရှိ သရက်ရွာမှ အမျိုးသမီးတစ်ဦး ထိမှန်သေဆုံးကာ ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦးမှာမူ စစ်ရဟတ်ယာဉ်ဖြင့် အပစ်ခံရခြင်းဖြစ်သည်။

ဇီးဖြူကုန်းရွာတွင် လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းက စစ်တပ်က အထိုင်ချတပ်စွဲကာ စစ်သင်တန်းပေးပြီး ပျူစောထီးအဖွဲ့ဝင်များ စု ဆောင်းနေခြင်းဖြစ်သည်။ ထိုရွာကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်၌ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) အပါအဝင် ဒေသကာကွယ်ရေးအဖွဲ့များ ပူးပေါင်းကာ စီးနင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

နံနက် ၇ နာရီကျော်တွင် ဇီးဖြူကုန်းရွာအတွင်းရှိ စစ်တပ်နှင့် ပျူစောထီးအဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း၊ ထို့နောက် တိုက်ပွဲဆက်ပြင်းထန်နေချိန် စစ်ရဟတ်ယာဉ်တစ်စီး ရောက်လာကာ ပစ်ခတ်ကြောင်း တစ်မိုင်ခန့်အကွာရှိ ဒေသခံများက ဆိုသည်။

လက်နက်ကြီးထိမှန် သေဆုံးခဲ့သည့် အမျိုးသမီးမှာ သရက်ရွာမှ အသက် ၆၀ အရွယ် ဒေါ်ခင်ဝင်းဖြစ်သည်ဟု ရွာခံအမျိုးသားတစ်ဦးက ပြော သည်။

“ရွာခံတွေက ရှောင်ကြတိမ်းကြဖို့ ပြင်ကြဆင်ကြတာပါ့။ ၇ နာရီကျော်လောက် ရှိပြီ။ သူက အိမ်ထဲမှာ ရှိနေတုန်း မှန်သွားတာ။ ရင်ညွန့်ကို မှန်သွားတာ။ ၁၅ မိနစ်လောက် အကြာမှာ ဆုံးသွားတယ်။ အဖွဲ့တွေ လာတိုက်တော့ ပျူတွေ ရွာထဲကနေ ပြန်ပစ်တာ”

ဒေသကာကွယ်ရေးအဖွဲ့များက ဝိုင်းဝန်းတိုက်ခိုက်နေစဉ် နံနက် ၈ ခန့်တွင် စစ်ရဟတ်ယာဉ်တစ်စီး လာရောက်လာကာ နာရီဝက်ကြာ ပစ်ခတ်ခဲ့သည်ဟုလည်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၄ ဦး သေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရသည်ဟု MRDA က သတင်းထုတ်ပြန်သည်။ ဇီးဖြူကုန်းရွာရှိ စစ်တပ်ကို လက်နက်ကြီး အလုံး ၂၀၀ နီးပါးဖြင့် တိုက်ခိုက်ခဲ့ပြီး ပစ္စည်းသိုလှောင်သည့် အဆောက်အအုံအများစုကို ဖျက်ဆီးနိုင်သည့်အပြင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိသည်ဟု ဆိုသည်။

စစ်ကောင်စီလက်နက်ကိုင်တို့ ထိခိုက်သေဆုံးသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

ချင်းပြည်နယ်၊ မကွေးတိုင်းတို့နှင့် ထိစပ်နေသော ပုလဲနယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသခံ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များစွာ ပေါ်ပေါက်ခဲ့ရာ ထိုအထဲတွင် ဗိုလ်နဂါးဦးဆောင်သည့် MRDA လည်း အပါအဝင်ဖြစ်သည်။

ထိုဒေသကာကွယ်ရေးအဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ပုလဲနယ်တွင် ပြီးခဲ့သည့်နှစ်အတွင်း တိုက်ပွဲများ အကြီးအကျယ်ဖြစ်ပွားခဲ့သည်။

လက်ရှိတွင် ပုလဲနယ်မြို့နယ်အတွင်း အချက်အချာကျသော နေရာများ၌ စစ်တပ်က အထိုင်ချ တပ်စွဲထားသည်။ ဇီးဖြူကုန်းရွာအပြင် ပုလဲ – ဂန့်ဂေါလမ်းပေါ်ရှိ ကန့်ဒေါင့်နယ်မြေရဲစခန်းတွင် စစ်တပ်နှင့် ရဲ အင်အား ၄၀ ခန့်၊ ထိုစခန်းမှ နှစ်မိုင်ခန့်အကွာ အင်မထီးရွာတွင် စစ်သားနှင့် ပျူ အင်အား ၈၀ ခန့် တပ်စွဲထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်နှင့် ပျူစောထီးများ စခန်းချထားသည့် ဇီးဖြူကုန်းရွာကို တော်လှန်ရေးအဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိရာ ပြီးခဲ့သည့်နှစ် မေလအတွင်းက ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ကူပေးရသည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ဗျူဟာအရ အရေးပါသော ပုလဲ – ဂန့်ဂေါ လမ်းပေါ်ရှိ ကမ်းဒေါင့်ရဲစခန်းလုံခြုံရေးအတွက် အင်မထီးနှင့် ဇီးဖြူကုန်းရွာ မကျစေရေး စစ်တပ်က လေကြောင်းဖြင့် ခုခံကာကွယ်နေခြင်းဖြစ်သည်ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် ဦးဇော်ထက်က မှတ်ချက်ပြုသည်။

“ဒီပျူရွာနှစ်ရွာ ကျသွားရင် အဓိက စစ်ရေးဗျူဟာအရ အဓိကကျတဲ့ ပုလဲ – ဂန့်ဂေါလမ်းပေါ်မှာရှိတဲ့ နယ်မြေခံစခန်းကလည်း မလုံခြုံတော့ဘူးလေ။ အဲ့ဒါကြောင့် ဒီဟာတွေ လုံခြုံဖို့ရာက ပျူရွာတွေ အထောက်အခံရှိနေမှဆိုတော့ သူတို့က ပျူရွာနှစ်ရွာကို တတ်နိုင်သမျှတော့ သေချာကို ထောက်ပေးနေတာပေါ့”

စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်များကို ဒေသခံတို့က ပျူစောထီးဟု ခေါ်ကြသည်။

ဇီးဖြူကုန်းရွာရှိ စစ်တပ်နှင့် ပျူစောထီးများရန်ကြောင့် အနီးဝန်းကျင်ရွာများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လစ်ဟင်းကာ စားဝတ်နေရေး အခက်ကြုံနေရသည်ဟု ဇီးဖြူကုန်းအနီး သရက်ရွာမှ ရွာသားက ဆိုသည်။

“တောင်သူလုပ်ကွက်တွေက ဇီးဖြူကုန်းနဲ့ သရက်ကြားတင်ကိုး။ အဲ့တော့ စိုက်ရေးပျိုးရေးလည်း မလုပ်နိုင်ဘူး။ ကျပန်းလုပ်နေရတာပါ့။ ဈေးလေးဘာလေးလည်း ရောင်းချစားနေရတာပါ့။ ရွာကို ခဏခဏ လာခံရတာဗျ။ စစ်ကြောင်းရှိရင်တော့ သတိထားနေရတာပါ့။ စစ်ကြောင်းလာရင်တော့ တစ်ရွာလုံး ရှောင်ကြ တိမ်းကြရတာပါ့”

အာဏာသိမ်းကာလ နှစ်နှစ်ပြည့်ချိန်တွင် စစ်ကောင်စီက ၎င်းတို့ ထိန်းချုပ်နိုင်ခြင်း မရှိသော မြို့နယ်များကို စစ်အုပ်ချုပ်ရေးကြေညာကာ အ ပြင်း အထန် ဖိနှိပ်ဖြိုခွင်းနေသည်။ ခုခံတော်လှန်မှု ပြင်းထန်သော စစ်ကိုင်းတိုင်း၌ မြို့နယ်ပေါင်း ၁၄ ခုအထိ စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်းမြို့တော် မုံရွာသို့ အာဏာသိမ်းခေါင်းဆောင် ပထမဆုံးအကြိမ် ရောက်လာကာ တပ်တွင်းစည်းလုံးရေးကို အလေးထားတိုက်တွန်းခဲ့သည်ကို တွေ့ရသည်။  

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ရွာများတွင် စစ်တပ်က နေ့စဉ်နှင့်အမျှ စစ်ကြောင်းထိုး စီးနင်းတိုက်ခိုက်နေသည့်နည်းတူ ဒေသခံ တော်လှန်ရေးအဖွဲ့များကလည်း ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။  myanmar now

« Older Entries