ထားဝယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မဟာမိတ်အဖွဲ့များတိုက်ခိုက်၊ စစ်ကောင်စီဘက်က ၃ ဦးသေဟုဆို

တနင်္သာရီတိုင်း၊ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေး ဂိတ်ကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦး သေဆုံးခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က သတင်းထုတ်ပြန်သည်။
မောင်မယ်ရှောင်ရွာအနီးရှိ ဘုရားမဲစစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မတ်လ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်)၊ DGRF (ထားဝယ်-ပကဖ) နှင့် ဧဒင်မှူးတပ်ဖွဲ့ (ထားဝယ်-ပကဖ)တို့ ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ယမန်နေ့ မတ်လ ၂၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
“စစ်တပ်ဖက်က သုံးဦးသေတယ်။ထိခိုက်ဒဏ်ရာရရှိတဲ့ သူတွေလည်း ရှိတယ်။ အရေးပေါ်လူနာတင် ယာဉ်ကားနဲ့ လာတင်သွားတာ တွေ့ရတယ်”ဟု ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)မှ တာဝန်ရှိသူတဦးက မဇ္ဈိမကိုပြောသည်။
တိုက်ပွဲသည် ၁နာရီခန့်ကြာခဲ့ပြီး ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက လက်ဦးမှုရယူကာ ၄၀ မမ၊ ၈၁ မမ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်ခဲ့သည်ဟု ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲအတွင်း ထိခိုက်မှုများနှင့်ပတ်သက်၍ မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက်မရသေးပေ။
” အတိုက်ခံရပြီး စစ်တပ်က ဂိတ်ကိုပိတ်ထားခဲ့တယ်။ ညနေကျမှ ပြန်ဖွင့်ပေးတာ”ဟု ဒေသခံတဦးကပြောသည်။
လတ်တလောတွင် စစ်ကောင်စီတပ်အား တိုက်ခိုက်မှုအရှိန်မြှင့်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတိပေးချက်များကို တသွေမတိမ်းလိုက်နာဆောင်ရွက်ကြရန်၊ စစ်ဘက်ဆိုင်ရာ လူ၊အဆောက်အအုံ၊ ရဲကား၊ စစ်ကားများနှင့် အဝေးဆုံးမှ ရှောင်ကြဥ်သွားလာပေးကြရန် ဥဩစစ်ကြောင်း (ထားဝယ်မြို့နယ်)က မေတ္တာရပ်ခံထားသည်။mizzima