Monthly Archives: Mar 2023

မန္တလေးမြို့တွင် လုပ်ကြံမှုများ ဆက်တိုက်ဖြစ်နေ၊ ရဲနှင့် ရာအိမ်မှူးများ သေဆုံး

မန္တလေးမြို့တွင် စစ်ကောင်စီပစ်မှတ်များကို လုပ်ကြံတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်နေရာ ယမန်နေ့ (မတ် ၂၂) တစ်ရက်တည်း၌ပင် ရဲတစ်ဦးနှင့် ရာအိမ်မှူးနှစ်ဦး သေဆုံးခဲ့သည်။

ယမန်နေ့ မွန်းလွဲပိုင်းက အမရပူရမြို့နယ်တရားရုံး ဗုံးပစ်တိုက်ခိုက်ခံရစဉ် အစောင့်ကျနေသည့် ရဲတပ်သား ဆန်းဦးဆိုသူ ပွဲချင်းပြီးသေဆုံးကာ ရဲတပ်သားလှခိုင်ဆိုသူလည်း ထိခိုက်ဒဏ်ရာရသွားသည်ဟု သိရသည်။

“လှခိုင်ဆိုတဲ့ရဲက မျက်စိထိတယ်။ သူက ပုသိမ်ကြီးမြို့နယ်စခန်းကနေ ဒီရုံးမှာ အစောင့်တာဝန် လာကျတာလို့ ပြောကြတယ်။ နောက်တစ်ဦးကတော့ ဖြစ်ကတည်းက မလှုပ်တော့ဘူး ပွဲချင်းပြီးဆုံးတယ်” ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ထိုမြို့နယ်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကိုင်း – မန္တလေးလမ်းဟောင်းပေါ်ရှိ မြို့နယ်တရားရုံးကို အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ခရိုင်အဆင့်တရားရုံးအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုတရားရုံးသည် စစ်ကောင်စီအလိုကျ မတရားဖမ်းဆီး အမိန့်ချနေမှုများကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့များ စုပေါင်းထားသည့် AST-MDY ဆိုသော အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ အဖွဲ့မှာ “အောင်စည်တော်စစ်ဆင်ရေး” အမည်ဖြင့် စစ်ကောင်စီပစ်မှတ်များကို တိုက်ခိုက်နေရာ ယမန်နေ့၌ပင် ရာအိမ်မှူးနှစ်ဦးကိုလည်း သေနတ်ဖြင့် လုပ်ကြံခဲ့သည်။

အသက် ၅၀ ဝန်းကျင်အရွယ် ရာအိမ်မှူး ဦးစိုးနိုင်နှင့် ဦးဝင်းကိုဆိုသူတို့မှာ ယမန်နေ့ နံနက်ပိုင်းက အောင်မြေသာစံမြို့နယ်အတွင်း လက်ဖက် ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးလုံးမှာ သေနတ်ပစ်ခံရပြီးနောက် ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု မြို့ခံတို့က ဆိုသည်။

ဦးစိုးနိုင်နှင့် ဦးဝင်းကိုမှာ အောင်မြေသာစံမြို့နယ် အမရဌာနနီအရှေ့ရပ်ကွက်၊ အကွက်အမှတ် ၁၉ နှင့် ၁၉/က ရပ်ကွက်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးများဖြစ်ကြောင်း ပစ်ခတ်လုပ်ကြံသည့် AST-MDY အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ပေါ်မှ ပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသော်လည်း စစ်တပ်ဝါဒဖြန့် လူမှုကွန်ရက်များ၌မူ ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေလျက်ရှိသည်။

ထိုအဖွဲ့ကပင် ယခုလ ၂၀ ရက်နေ့၌ ချမ်းအေးသာစံမြို့နယ်ရှိ ပို့ဆောင်ရေးစီမံကိန်း ဦးစီးဌာနရုံးခန်းကို ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း ဒုဦးစီးမှူး ဦးလွှမ်းမိုးဆိုသူ အပါအဝင် ရုံးဝန်ထမ်း ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ဇန်နဝါရီလကုန်ပိုင်းမှစတင်ကာ အောင်စည်တော်စစ်ဆေးရေးဖြင့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ရဲနှင့် သတင်းပေးဒလန်ဟု ယူဆရသူများကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး မန္တလေးမြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မီတာရုံး၊ ကင်းတဲနှင့် ရဲစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း AST-MDY အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးတွင် စစ်ကောင်စီက သံဃာများ၊ ဆရာဝန်နှင့် ရှေ့နေများပါမကျန် သံသယရှိသူမှန်သမျှကို ဖမ်းဆီးထားပြီး မြို့ပြပြောက်ကျားအဖွဲ့များကလည်း မကြာခဏ တိုက်ခိုက်လျက်ရှိသည်။

စစ်ကောင်စီက မန္တလေးမြို့အခြေစိုက် တော်လှန်ရေးအဖွဲ့များကို မနားတမ်း ဖမ်းဆီးအရေးယူလျက်ရှိရာ ပြီးခဲ့သည့်နှစ်လယ်ပိုင်းတွင် မြို့ပြပြောက်ကျားအဖွဲ့ဝင် ၄၀ ထက်မနည်း အဖမ်းခံခဲ့ရသည်။ အဖမ်းခံရသူတချို့ကို စစ်တပ်က သတ်ဖြတ်အလောင်းစွန့်ပစ်သည့် ဖြစ်စဉ်များလည်း ရှိသည်။ myanmar now

တမူးခရိုင် တပ်ရင်း ၁ စခန်းကို စစ်တပ်က ကြည်း၊ လေစစ်ကြောင်းဖြင့် ထိုး စစ် ဆင်မှု ပြည်သူနှင့် PDF ရဲဘော်များ ထိခိုက်မှုရှိ၊ စစ် တပ် အထိနာပြီး ဆုတ်ခွာ

စစ်ကိုင်းတိုင်း၊ တမူးခရိုင် တပ်ရင်း ၁ စခန်းကို အကြမ်းဖက် စစ်တပ်က ကုန်း ကြောင်း၊ လေကြောင်းတို့ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်ကာ တမူးမြို့နယ်အတွင်းရှိ တမူး ခရိုင် တပ်ရင်း ၁ စခန်းကို အကြမ်းဖက် စစ်တပ်က လူအင်အား ၂၀၀ ကျော်ဖြင့် စစ် ကြောင်းထိုး တိုက်ခိုက်ပြီးနောက် မွန်းလွဲပိုင်းတွင် Mi 35 ရဟတ်ယာဥ် ၁ စီးဖြင့် လာရောက် ပစ်ခတ်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများကိုလည်း လှည့် ပတ် ပစ်ခတ်သွား​ပြီး ပြည်သူများနှင့် PDF ရဲဘော်များ ထိခိုက်မှု ရှိပြီး အရေ အတွက် ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းများသည် တမူးခရိုင်တပ်ရင်း ၁ စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိဘဲ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ရဟတ် ယာဥ်များဖြင့် ထပ်မံ လာရောက် ပစ်ခတ်မည်ကို စိုးရိမ်နေရကြောင်း ဒေသ ပြည်သူများ ပြောဆိုချက်အရ သိရသည်။

“တမူးခရိုင် တပ်ရင်း ၁ စခန်းကို စစ်ခွေးတွေက Mi-35 ရဟတ်ယာဥ်နဲ့ ၂ ကြိမ် လာရောက် ပစ်ခတ်သွားတယ်။ ၁၂နာရီ တစ်ကြိမ်၊ ၂ နာရီကျော် တစ်ကြိမ် နံ နက် ကတည်းက တိုက်ပွဲ ဖြစ်နေတာ စစ်ခွေးတွေက အင်အား ၂၀၀ ကျော် လောက်နဲ့ တမူးခရိုင် တပ်ရင်း ၁ စခန်းကို တိုက်ခိုက်နေတာ မနိုင်တော့ မနိုင်လို့ ပြန်ဆုတ်သွားတယ်လို့ ကြားရတယ်။ ထိခိုက်မှုရှိတယ် ကြားတယ်။ ပြည်သူ တွေ ကော PDF ရဲဘော်တွေကော ဘယ် လောက် ထိခိုက်မှု ရှိလဲ ဆိုတာ မသိ ရသေးဘူး” ဟု ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။khit thit

စစ်ကောင်စီလက်အောက်ခံ ကော်မရှင်ထံ မှတ် ပုံပြန်တင်သည့် နိုင်ငံရေးပါတီ ၃၈ ပါတီရှိလာ

မတ်လ ၂၈ ရက်နေ့နောက်ဆုံးထားပြီး နိုင်ငံရေးပါတီတွေအနေနဲ့ ပြန်လည်မှတ်ပုံတင်ခွင့်ပြုမယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အသိပေးထားပြီးတော့ လက်ရှိ  မှတ်ပုံတင် ပြန်လည်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၃၈ ပါတီရှိလာပြီလို့ စစ်ကောင်စီက မတ် လ ၂၃ ရက် ဒီကနေ့ထုတ် သတင်းစာတွေမှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ပုံတင် ပြန်လည်လျှောက်ထားတဲ့ ပါတီ ၃၈ ပါတီထဲမှာ ပြည်ထောင်စုတဝန်းလုံး စည်းရုံးမယ့်ပါတီ ၉ ပါတီ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်တခုမှာ စည်းရုံးမယ်ဆိုတဲ့ ပါတီ ၂၉ ပါတီ ဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် အချက်လက်တွေအရ သိရပါတယ်။

မတ်လ ၂၂ ရက်မှာ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီနဲ့ စစ်ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဆွေဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီတို့ မှတ်ပုံတင်ပြန်လျှောက်ခဲ့ပါတယ်။

မတ်လ ၂၁ ရက်မှာ လူ့ဘောင်သစ်ပါတီ (NSP)၊ မတ်လ ၂၀ ရက်မှာ ကချင်အမျိုးသားကွန်ဂရက်ပါတီ၊  ရခိုင်အမျိုးသားပါတီ (ANP) နဲ့ အမျိုး သားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ မတ်လ ၁၇ ရက်နေ့မှာ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ ပြည်သူ့အလုပ်သမားပါတီတို့ ပါတီမှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ခဲ့ပါတယ်။

လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းကိုစည်းရုံးမယ့် ပါတီအနေနဲ့ ဝင်ယှဥ်ပြိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ပါတီဥက္ကဋ္ဌကလည်း ပါ တီထဲမှာ စည်းရုံးနေတာတွေရှိတယ်လို့ ရန်ကုန်မြို့က လူ့ဘောင်သစ်ပါတီ(NSP) ဝင်တဦးက ဒီဗွီဘီကို ပြောပါတယ်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ အရ  စစ်အာဏာမသိမ်းခင်က မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ အခု ရက်ပေါင်း ၆၀ အတွင်း ပြန်လည် မှတ်ပုံပြန်မတင်ဘူးဆိုရင် ပါတီအဖြစ်ကနေ အလိုအလျာက် ပျက်ပြယ်မယ်ဆိုပြီး စစ်ကောင်စီက ရေးဆွဲပြဋ္ဌာန်းထားတာပါ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) အပါအဝင် ပါတီတချို့ကတော့ ပါတီပြန်မှတ်ပုံတင်ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပြင်ဆင်နေပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို အသိမှတ်မပြုသလို ပါတီကို မှတ်ပုံတင် ပြန်လျှောက်မှာ မဟုတ်ဘူးလို့လည်း ပြောထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ပါတီကလည်း အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ထပ်မံကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေး ကောက်ပွဲသစ်ကို လုံးဝ အသိအမှတ်မပြုတဲ့အကြောင်းနဲ့ နည်းမျိုးစုံနဲ့ ဆန့်ကျင်သွားမယ်လို့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တရားမဝင်စစ်ကောင်စီကိုရော  သူတို့ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကို လက်မခံ အသိအမှတ်မပြုဘူးလို့လည်း   ကြေညာထားပါတယ်။DVB

စစ်ကောင်စီဒုခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ပင်းတယဒေသခံ စီးပွားရေးလုပ်ငန်း (၆)ခုကိုသပိတ်မှောက်ကြရန် ဒေသခံများတောင်းဆို

စစ်ကောင်စီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်စိုးဝင်း၏ ပင်းတယခရီးစဥ်တွင် သွားရောက်တွေ့ဆုံခဲ့သည့် မြို့ခံ စီးပွားရေးလုပ်ငန်းများကို စားသုံးသူများအနေဖြင့် သပိတ်မှောက်ကြရန် ပင်းတယဒေသခံများကတောင်းဆိုသည်။

စစ်ကောင်စီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်စိုးဝင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယ​မြို့သို့ မတ်လ ၁၈ရက်နေ့က လာရောက်စဉ် ပင်းတယမြို့မှ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံအချို့တက်ရောက်ခဲ့သည့်အပေါ် မြို့နေလူထုက ဝေဖန်နေကြောင်းဒေသတွင်းသတင်းများဖော်ပြနေသည့် Voice of Pindaya (VOP) က ရေးသားဖော်ပြထားသည်။

“တွေ့ဆုံပွဲကိုသွားရောက်ခဲ့တဲ့ လုပ်ငန်းရှင်တွေကို ဒေသခံတွေအချင်းချင်းလည်း သပိတ်မှောက်ကြဖို့လိုတယ်။ ဘာအကြောင်းပြချက်နဲ့ပဲသွားတွေ့ပါစေ။ ဒေသခံတွေဘက်ကလည်း သူတို့ရဲ့ထုတ်ကုန်တွေကို မသုံးစွဲခြင်းအားဖြင့် သပိတ်မှောက်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပင်းတယမြို့မှ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီဒုတိယခေါင်းဆောင်ကို ဒေသခံစီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ချယ်ရီတောင်တန်းလက်ဖက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ် ငန်းသမအသင်းမှ ဦးဘစီ ၊ ရွှေတက်လမ်းအာလူးအစုအဖွဲ့မှ ဦးအောင်ဆုထိုက်၊အမေ့အိမ်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ် ငန်းရှင် ဒေါ်ဟန်နီကို ၊ဓနုညီနောင်ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးအောင်သန်း ၊ ရွှေတောင်တန်းကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မျိုးနိုင်နှင့် Holidayကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်နှင်းနွယ်စိုးတို့က သွားရောက်တွေ့ဆုံခဲ့ကြကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ လုပ်ငန်းရှင်အမျိုးသားတဦးကလည်း စစ်ကောင်စီနှင့် ပူးပေါင်းသူများသည် ဒေသခံလူထုအပြင် စားသုံးသူများကိုပါ စော်ကားလိုက်ခြင်းဟု မှတ်ချက်ပြုသည်။

” ကိုယ့်နယ်မြေမှာတင် ထောင်ချခံရသူတွေရှိတယ်။အိမ်တွေ ချိပ်ပိတ်ခံရသူတွေရှိတယ်။ အရင်တုန်းက သူတို့ကို Boycott List ထဲမထည့်ခဲ့ဘူး။ အခုကတော့ ထည့်ကိုထည့်ရတော့မယ်။ စားသုံးသူတွေလည်း ဒီတံဆိပ်‌‌တွေကို Boycott လုပ်ပေးဖို့တောင်းဆိုပါတယ်”ဟု ပြောသည်။

“သူတို့(‌ဗိုလ်ချုပ်စိုးဝင်းကို သွားရောက်တွေ့ဆုံသူများ)က အွန်လိုင်းကနေရော၊ ရန်ကုန်မှာရော ဆိုင်ခွဲတွေနဲ့ ဖြန့်ချီရေးကိုယ်စားလှယ်တွေကနေတဆင့် ဖြန့်နေတာတွေလည်းရှိတယ်။ တရားမျှတမှုအပေါ်မှာ မြတ်နိုးတယ်၊ ခုံမင်တယ်ဆိုရင် boycott လုပ်သင့်တဲ့ပစ္စည်းတွေကို အားမပေးစေချင်ဘူး။ ဒီလိုလူတွေနဲ့ပေါင်းမိပြီး တရားမမျှတတဲ့ကိစ္စတွေကိုဆောင်ရွက်မယ်ဆိုရင် social punishment တွေခံရမယ်ဆိုတာ ပြတ်ပြတ်သားသားသိစေချင်တယ်”ဟု ဒေသခံတဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်းတယနှင့် ရွာငံမြို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်ပါဝင်သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် ကြံ့ခိုင်ရေးပါတီဝင်များဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီ၏ ရုပ်သေးရုပ် ဒေသဦးစီးအဖွဲ့အဖြစ် လူထုက ‌မှတ်ချက်ပြုသည်။ စစ်ကောင်စီဒုတိယခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းကို သွားရောက်တွေ့ဆုံခဲ့သည့် ဒေသခံလုပ်ငန်းရှင်များအား ဆက်သွယ်ရန်ကြိုးစားသော်လည်း မရခဲ့ပေ။mizzima

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” နှင့် “ရှိခဲ့သည်” ရုပ်ရှင်တို့ကို အမေရိကန် နိုင်ငံတွင် မတ် ၂၆ ရက်နေ့တွင် စပြမည်

ဒါရိုက်တာ ဏကြီးရိုက်ကူးထားပြီး ပိုင်ဖြိုးသု၊ အောင်မြင့်မြတ်တို့ ခေါင်းဆောင် ပါဝင်ထားသည့် “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ရုပ်ရှင်နှင့် Voice of PDF မှ ဒါရိုက်တာ ဂိဒေါင် ရိုက်ကူးပြီး ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် “ရှိခဲ့သည်” ဇာတ် လမ်းတိုတို့ကို ပူးတွဲ၍ အမေရိကန်နိုင်ငံတွင် မတ် ၂၆ ရက်နေ့မှ စတင်ပြသသွားမည် ဖြစ်ကြောင်း ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြုလုပ်သည့် Movie Press Conference တွင် ပြောကြားသည်။

အဆိုပါ ဇာတ်ကားနှစ်ကားကို ပူးတွဲ၍ အမေရိကန်၊ ကိုရီးယား၊ ဂျပန်၊ မလေး ရှား၊ ထိုင်း စသည့် နိုင်ငံများအပါအဝင် အနည်းဆုံး နိုင်ငံ ၅ နိုင်ငံတွင် ပြသသွား မည်ဖြစ်ပြီး ပြသမည့် နေရာများကို “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” Facebook စာမျက်နှာဖြစ်သည့် https://web.facebook.com/ourturnshortfilm တွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အဆိုပါ ဇာတ်ကားများနှင့် ပတ်သက်၍ ပြည်တွင်းရှိ ပြည်သူများ ကြည့်ရှု နိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း သတင်းစာရှင်း လင်းပွဲတွင် ပြောကြား သည်။

“မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” ဇာတ်ကားကို တော်လှန်ရေး ကာ လ အတွင်း ကြုံတွေ့ရသည့် အဖြစ်အပျက်များကို အခြေခံ၍ ရိုက်ကူး ထားခြင်း ဖြစ်ကြောင်းနှင့် ပြည်သူဆီမှ လာသည့် အားပေးမှုဖြင့် ဇာတ်လမ်းအမည် ပေးဖြစ်ခဲ့ ကြောင်း ဒါရိုက်တာ ကိုဏကြီးက ပြော ဆိုသည်။

“ဒီခေါင်းစဉ်ကတော့ ပြည်သူကပဲ လာတယ်လို့ပဲ ယူဆတယ်။ ဒီခေါင်းစဉ်နဲ့ စာတွေ ရေးတဲ့ ကိုနေသန်မောင်လည်း ပြောတယ်။ ဒါက တော် လှန်ရေးထဲမှာ ပြည်သူတွေထဲက ထွက်လာတဲ့ ကြွေးကြော်သံတစ်ခုဆိုပြီး ။ ကျွန်တော် အဲဒါကို အားလေးတစ်ခုယူပြီးတော့ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုပြီး ပေးဖြစ်တာပါ။ ဇာတ်လမ်းကတော့ တော်လှန်ရေးကြီးအထဲမှာ တကယ်ဖြစ် နေ တဲ့ အဖြစ်အပျက်တွေက အမြဲကြားနေရတယ်။ ဒီဇာတ်လမ်းကလည်း Inspiration ယူပြီးတော့ ဇာတ်လမ်းလေး တစ်ခုဖြစ်အောင် လုပ်လိုက်တယ်။ သတင်းတွေ၊ Social Media တွေမှာ မြင်ရတာကို Reflect ပြန်လုပ်ဖြစ်တဲ့ Inspiration ယူပြီးတော့ ရိုက်ဖြစ်တာပါ” ဟု ဇာတ်ကား၏ ဒါရိုက်တာ ဏကြီးက ဇာတ် ကားရိုက်ကူးဖြစ်ပုံနှင့် ခေါင်းစဉ်ပေးဖြစ်ပုံကို ရှင်းပြသည်။

ထို့ပြင် ကော်ဘရာစစ်ကြောင်းမှ တော်လှန်ရေးရဲဘော်များ ပါဝင် သရုပ်ဆောင် ထားသည့် “ရှိခဲ့သည်” ရုပ်ရှင်ဇာတ်လမ်းတိုမှာလည်း ရဲဘော်များ ကြုံတွေ့ရ သည့် အဖြစ်အပျက်များကို အခြေခံ၍ ရိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲနားချိ န်ရိုက်ကူး ရသည်ဖြစ်၍ အခက်အခဲများစွာကြုံရကြောင်း ဒါရိုက်တာ ဂိဒေါင်က သတင်း စာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဆိုပါ ဇာတ်ကားရိုက်ကူးရန်အတွက် ကိရိယာ အစုံအလင်မရှိဘဲ ဖုန်းတစ်လုံး တည်းနဲ့ ရှုထောင့်ပေါင်းစုံမှ ရိုက်ကူးရသည့်အတွက် ကတ် တစ်ကတ် တည်းနှင့် တစ်နေကုန် ရိုက်ကူးရသည်များလည်း ရှိကြောင်း၊ မြို့ပေါ်နေရာများအတွက် ရိုက်ကူးရန် နေရာရှာရမှုနှင့် ဇာတ်ဆောင်အမျိုးသမီး၏ မြို့သူ ဇာတ်ရုပ် အတွက် အဝတ်အစားရှာဖွေရသည့် အခက်အခဲများလည်း ကြုံတွေ့ခဲ့ရကြောင်း သတင်း စာရှင်းလင်းပွဲတွင် ဒါရိုက်တာ ဂိဒေါင်က ပြောဆိုသည်။

ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်၍ ရရှိလားသည့် ရန်ပုံငွေများကို မြေပြင်ရှိ တော် လှန် ရေး အဖွဲ့များကို တိုက်ရိုက်စီးဆင်းသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် လှူဒါန်း ခဲ့မှုများကို စာရင်းများနှင့် တကွ “မပြီးသေးဘူး ငါတို့အလှည့် ကျန်သေး တယ်” Facebook စာမျက်နှာတွင် ကြေညာပေးသွားမည် ဖြစ် ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီသည် လက်ရှိအချိန်တွင် Normalize (ပုံမှန် အခြေအနေ) ဖြစ်နေသည်ကို ပြသလိုသည့်အနေနှင့် ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ ပျော်ပွဲရွှင်ပွဲများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ၊ မင်းအောင်လှိုင် သမီးပိုင် 7th sense ထုတ်လုပ်ရေးသည် လက်ရှိအချိန်တွင် ဆက်လက် လုပ်ကိုင် ခြင်း မရှိသော်လည်း တခြားအမည်များ၊ ကုမ္ပဏီခွဲများအသွင်ဖြင့် ငွေများ ပုံအော၍ အကျိုးအမြတ်မရရှိသော်လည်း ဇာတ်လမ်းတွဲ များရိုက် ကူးခြင်း၊ ရုပ်ရှင်များ ရိုက်ကူးခြင်းဖြင့် Normalize ဖြစ်သယောင် ဖန်တီးနေခြင်း ဖြစ်၍ အနုပညာရှင်များအနေနှင့် ပါးနပ်ရန် လိုကြောင်း ဒါရိုက်တာ ဏကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ကျင်းပမည့် အကယ်ဒမီပေးပွဲတွင် သရုပ်ဆောင် ပိုင်ဖြိုးသူ၏ ဇာတ်ကားများကို ထည့်သွင်းထားခြင်းများ တမင် တကာ လုပ်ဆောင်ထားခြင်းဖြစ်ဟန်တူပြီး လက်တွေ့တွင် ၎င်း သရုပ်ဆောင် ထားသည့် ကြော်ငြာများကိုပါ လုံးဝ ပြသခွင့် မရှိအောင် တားမြစ်ထားကြောင်း၊ လက်ရှိတွင် အခက်အခဲများ ရှိသော်လည်း လက်မှတ်ထိုး၍ စစ်ကောင်စီ လက် အောက် သို့ ပြန်သွားရန် လုံးဝလုပ်ဆောင်မည်မဟုတ်ကြောင်း သရုပ်ဆောင် ပိုင်ဖြိုးသုက ပြောကြားသည်။ khit thit

အိုင်စီစီတရားရုံးအနေဖြင့် မြန်မာစစ်တပ်ကို အရေးယူရန် အချိန်ကျပြီဟု အေအေပီပီပြော

အခုအချိန်ဟာ အပြည်ပြည်ရာဇဝတ်ခုံရုံး(အိုင်စီစီ)နဲ့ တခြားဖြစ်နိုင်တဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများအားလုံးကတဆင့် မြန်မာအကြမ်းဖက်စစ်တပ်ကို အရေးယူဖို့ အချိန်ကျရောက်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောလိုက်ပါတယ်။

မတ် ၂၃ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “တရားမျှတမှုအတွက် တာဝန်ခံမှု- မြန်မာနိုင်ငံတွင် စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို နိုင်ငံတကာ၏ ပြန်လည်အာရုံစိုက်မှု အရေးတကြီးလိုအပ်ချက် အစီရင်ခံစာ” မှာအခုလိုပြောထားတာပါ။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အေအေပီပီဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာ နေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို မှတ်တမ်းပြုစုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုပြီး ခေါ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ စစ်တပ်ဟာ အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲပါ။ အခုအချိန်ဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ တခြားဖြစ်နိုင်တဲ့ ယန္တရားတွေအားလုံးမှတဆင့် စစ်တပ်ကို အရေးယူဖို့ အချိန်ကျရောက်နေပြီ”လို့ ပြောပါတယ်။

အေအေပီပီအစီရင်ခံစာထဲမှာတော့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်က စတင်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများဆိုင်ရာ အထောက်အထားတွေကို ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ရပ်တွေကို အဓိကထား အသေးစိတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ 

အေအေပီပီရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ “အဖွဲ့အစည်း ထူထောင်ခဲ့တဲ့ ၂၃ နှစ်တာ ကာလအတွင်း အေအေပီပီဟာ လူ့အခွင့်အရေး ကျူး လွန်မှု အမှုပေါင်းများစွာကို သက်သေ အထောက်အထားခိုင်လုံစွာနဲ့ ကောက်ယူမှတ်တမ်းတင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာ ဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများဟာ အကြမ်းတမ်းဆုံးနဲ့ အရက်စက်ဆုံး စံချိန်တင်ကျူးလွန်ခဲ့ကြောင်း ဒီအစီရင်ခံစာက သက်သေပြုနေတာကို တွေ့ရမှာဖြစ်ပါတယ်။  နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများက မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် ထိရောက်တဲ့ အရေးယူမှုတွေကို ချက်ချင်းမဆောင်ရွက်နိုင်ရင် အခုထက်ဆိုးတဲ့ ရာဇဝတ်မှုပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာမှာ အသေအချာပါ။ ဒါကြောင့် အပြစ်မဲ့ လူသားတွေရဲ့ အကျိုးကို ရှေးရှုပြီး လက်တွေ့ကျတဲ့ ပြစ်ဒဏ်စီရင်ခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (SAC-M)ကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ  ရာဇဝတ်ခုံရုံး(အိုင်စီစီ) ကနေ အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေပြီး ၂ဝ၂၂ ခုနှစ် တလျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက်ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်နိုင်မှ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဖို့  အိုင်စီစီတရားရုံးအနေနဲ့ အရေးယူနိုင်တဲ့ အခွင့်အလမ်းရှိသလို အရေးယူလည်း ယူရမယ်လို့ အကြံပေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး ကျူးလွန်နေမှာဖြစ်ပြီး ဒါတွေ ရပ်တန့်အောင် မလုပ်နိုင်မချင်း ကျူး လွန်နေမှာဖြစ်လို့ နိုင်ငံတကာ အသိုက်အဝန်းကနေ ဒီစစ်ဗိုလ်ချုပ်တွေကို အိုင်စီစီတရားရုံးမှာ တရားစွဲနိုင်ရေး လုပ်နိုင်တာအားလုံး လုပ်ဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ကိစ္စနဲ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှာ အိုင်စီစီ တရားရုံးကနေ အချက်အလက်ရှာဖွေ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအ ထောက်အထားတွေ အများအပြားရှိတယ်လို့ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ကလည်း ပြောဆိုနေပေမယ့် အခုအချိန်အထိ တမှုတလေတောင် တရားရုံးတင် လက်တွေ့အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

အေအေပီပီရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၇၉၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။ DVB

မတူပီမြို့နယ်မှ ၃ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ယောက် သေဆုံး

ချင်းပြည်နယ်၊ မတူပီမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့် သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သား ၁၈ ယောက်သေဆုံးခဲ့ကြောင်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)(CDF–Matupi) က ထုတ်ပြန် ထားသည်။

မတ်လ ၂၀ ရက်နေ့က မတူပီမြို့အခြေစိုက် ခလရ (၃၀၄) တပ်မှ ကားသုံးစီး ၊ အင်အား ၈၀ ခန့်ဖြင့် မတူပီ – ပလက်ဝလမ်းပေါ်ရှိ ထယ်ဘွေ့အခြေစိုက် စစ်ကောင်စီတပ်စခန်းသို့ ရိက္ခာနှင့်အင်အားဖြည့်တင်းရန် ထွက် ခွာလာသည့်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

နံနက် ၁၀ နာရီအချိန် မတူပီ – ပလက်ဝလမ်း (၆)မိုင်တွင် ထိတွေ့မှုတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီအချိန်၌ (၇)မိုင်နှင့် (၈)မိုင်အကြားတွင် တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မတ်လ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် (၉)မိုင်နှင့် တွီရှစ်ရွာအဝင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ရာ နှစ်ရက်ပေါင်း စစ်ကောင်စီတပ်မှ ၁၂ ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိ သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အဓိက က သူတို့ကထိုးစစ်ဆင်တဲ့သူ၊ ရွေ့နေတဲ့ပစ်မှတ်ဆိုတော့ သူတို့ဘယ်လမ်းကလာမလဲဆိုတာ သိနေရတဲ့အတွက် ချုံခိုတိုက်လို့ရတာပေါ့။ ကိုယ်ကစောင့်ပြီး တိုက်ရတာဆိုတော့ အသာစီးရတာပေါ့” ဟု CDF – Matupi ပြန်ကြားရေးတာဝန်ခံ Aaron က မဇ္စျိမကိုပြောသည်။

ယခုစစ်ကြောင်းသည် ယာဉ်များဖြင့်တက်လာသည့်အတွက် လမ်းမကြီးများကိုသာအသုံးပြုနေရပြီး တော လမ်းမှမလာနိုင်သောကြောင့် နယ် မြေကျွမ်းကျင်သည့် ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့အတွက် အားသာ ချက်ဖြစ်ကြောင်း ဆိုသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မတူပီ-ပလက်ဝလမ်း မိုင်တိုင် (၁၂) တွီရှစ်ရွာတွင် ညအိပ်ရပ်နားခဲ့ ပြီး မတ်လ ၂၂ ရက်နေ့တွင် ဆက် လက်ထွက်ခွာလာရာ တွီရှစ်ရွာအထွက် သင်္ချိုင်းကုန်းနှင့် ပန်းတွီလမ်းခွဲ တွင် နံနက် ၆ နာရီ ၅၀ မိနစ်မှ ၈ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ ဘက်မှ အထိအခိုက်မရှိ ခုခံကာကွယ်နိုင်ကြောင်း မတ်လ ၂၃ ရက် ယနေ့တွင် CDF – Matupi မှ ထုတ်ပြန် ထားသည်။

မွန်းလွဲ ၂ နာရီနှင့် ၃ နာရီအကြားတွင် မတူပီဘက်မှ စစ်ကူ အယောက် ၃၀ ရောက်ရှိလာပြီး တိုက်ပွဲအတွင်း ဒဏ်ရာရရှိသူများကို ရဟတ်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း ဆိုသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ဆက်လက်ခုခံတိုက်ခိုက်နေသဖြင့် စစ်ကောင်စီတပ်သားများ ရှေ့ဆက်မတိုး နိုင်ဘဲ တွီရှစ်ရွာသို့ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။

မတ်လ ၂၃ ရက် ယနေ့တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ကြောင်းနှင့် မြေပြင်အခြေအနေများ ကို သိရှိရခြင်းမရှိသေးကြောင်း ပြန် ကြားရေးတာဝန်ခံမှ ဆက်လက်ပြောဆိုသည်။

စစ်ကောင်စီတပ်မှအထိနာလျှင် လေယာဉ်များအသုံးပြုနိုင်သဖြင့် မိဘပြည်သူများအနေဖြင့် ဘေးကင်း ရာသို့ပြောင်းရွေ့ကြပါရန်နှင့် က တုတ်ကျင်းများ အဆင့်သင့်ထားရှိကြပါရန် CDF – Matupi မှ အသိပေး ထားသည်။

စစ်ကောင်စီတပ်ဖွဲ့များ ရိက္ခာနှင့် စစ်အင်အားဖြည့်တင်းရန်သွားရောက်မည့် ထယ်ဘွေ့စခန်းသည် မတူပီ နှင့် ပလက်ဝနယ်စပ်တွင်တည်ရှိပြီး ၎င်းစခန်းအနီးရှိ ထယ်ဘွေ့ရွာမှဒေသခံများသည် ယမန်နှစ်ကတည်း က နေရပ်စွန့်ခွာ ရှောင်တိမ်းနေရကြောင်း သိရသည်။mizzima

ပေါက်မြို့ အဝင်ရှိ အိမ်တွင်းမှုကျောင်း၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်

မကွေးတိုင်း၊ ပေါက်မြို့အဝင်ရှိ အိမ်တွင်းမှုကျောင်း၌ တပ်စွဲထားသော စစ်သားများကို RPG ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” ၂၂ ရက်နေ့က ပေါက်မြို့အဝင် အိမ်တွင်းမှုကျောင်းမှာ တပ်စွဲ အခြေချနေတဲ့ စစ်ခွေးတွေကို ကာကွယ်ရေးအဖွဲ့တွေက အလစ်အငိုက်ယူပြီး ပစ်ခတ် တိုက်ခိုက်ခဲ့တယ် စစ်ခွေး ၅ ကောင် အပြင်းအထန် ဒဏ်ရာရပြီး သေဆုံးမှုတွေ ရှိနိုင်တယ်” ဟု မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ပေါက်ကာကွယ်ရေး ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက် ကျေးရွာ ကာကွယ်ရေး အဖွဲ့များ၊ မြိုင် ပကဖ ရင်း ၁ ခွဲ ၃ စိတ် ၄ တို့ မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။khit thit

« Older Entries