ကိုးကန့်-တရုတ်နယ်စပ်သို့သွားမယ့် ကွမ်းလုံတံတားသစ် ယခုနှစ် အပြီးတည်ဆောက်ကာ နယ်စပ်ကုန်သွယ်ရေး တိုးမြင့်လာနိုင်ဖွယ်ရှိ

ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံတံတားသစ်ကို ယခုနှစ်ထဲ အပြီးတည်ဆောက်သွားမည်ဖြစ်ပြီး တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး တိုးမြင့်လာနိုင်ဖွယ်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ကွမ်းလုံတံတားသစ်သည် တရုတ်-မြန်မာကုန်သွယ်ရေး၏ ပင်မလမ်းကြောင်းတစ်ခုဖြစ်သည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်မှ အချက်အချာကျသည့် မြစ်ဖြတ်တံတားကြီးဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၁ ဒီဇင်ဘာလက တရုတ်အကူအညီဖြင့် စတင်တည်ဆောက်ခဲ့ခြင်းဖြစ် သည်။
ချင်းရွှေဟော်-မိန်းတိန် နယ်စပ်ဂိတ်မှ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့မှု၊ အသားစားနွားများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း၊ ပိုး ကောင်မွေးမြူခြင်းနှင့် တရုတ်ယွမ်ဖြင့် စာရင်းရှင်းမှု စသည့်အကြောင်းအရာနှင့် ပတ်သက်လို့ မတ်လ ၇ ရက်မှ ၉ ရက်အထိ မြန်မာနိုင်ငံဆိုင် ရာ တရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu က သွားရောက်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။
လားရှိုး-ချင်းရွှေဟော်သို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “တံတားပြီးရင်တော့ တရုတ်ဘက် လမ်းတွေ ပွင့်တော့မယ်။ ကုန်တင်ကားကြီးတွေ များများဖြတ်တော့မယ်လို့တော့ ကြားတယ်။ အခုက ကြိုးတံတားနဲ့ တန်ချိန်အများကြီးမှ မနိုင်တာ။ မီးသွေးတွေ ကြံတွေ တရုတ်ဖက် ပို့နေကြတာလည်း ရှိနေတာဘဲ” ဟု ပြောသည်။
လက်ရှိမှာ ကွမ်းလုံတံတားအစားထိုး ကြိုးတံတား ပြုလုပ်ထားပြီး အလေးချိန်အရ တန်ချိန်အတွက် ခံနိုင်မှု နည်းပါးသောကြောင့် ကုန်တင်ကားကြီး ဖြတ်သန်းသွားလာမှု မပြုလုပ်နိုင်ဟု ကွတ်ခိုင်-လောက်ကိုင်သို့ ပြေးဆွဲနေသည့် ကားသမားတစ်ဦးက ယခုလို ပြောသည်။
“မီးသွေးကားတွေဆိုရင် ကြိုးတံတားမှာ ဖြတ်သွားလို့မရဘူး။ ကားသေးလေးတွေနဲ့ ဒီဘက်က မီးသွေးတွေပြန်ယူပြီး ဟိုဘက်ကို အကြိမ်ကြိမ်ပြန်ပို့ရတယ်။ တခါတလေဆို ၃၀ မိနစ်လောက်ကြာတယ် တခြားကားတွေက စောင့်နေရတာ”
ကွမ်းလုံတံတားသစ် ပြီးစီးသွားပါက ကုန်သွယ်မှု လမ်းအသွားအလာ အဆင်ပြေမှုနှင့် စီးပွားရေး အဆင်ပြေလာနိုင်ရန် ကားသမားနှင့် ဒေသခံများက မျှော်လင့်နေကြသည်။
နယ်စပ်ကုန်သွယ်ရေး တိုးမြှင့်လာနိုင်ဖွယ်ရှိသည်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသို့ ဖုန်းဖြင့် ဆက်သွယ်သော်လည်း မရရှိခဲ့ပေ။ mizzima