မန္တလေးတွင် လက်ဘက်ရည်ဆိုင်ထိုင်နေသည့် ရာအိမ်မှူး ၂ ဦး ပစ်ခတ်ခံရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း(၈၀)၊ (၇)လမ်းနှင့်(၈)လမ်းကြားရှိ လက်ဘက်ရည်ဆိုင်တစ်ခုတွင် လက်ဘက်ရည်ထိုင်သောက်နေသည့် ရာအိမ်မှူး ၂ ဦး ယနေ့ (မတ်လ ၂၂ ရက်) တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု မြို့ခံများက ပြောသည်။
အသက်(၅၀)ဝန်းကျင်အရွယ်များဖြစ်သော ရာအိမ်မှူးဦးစိုးနိုင်နှင့် ဦးဝင်းကိုတို့အား ဆိုင်ကယ်ဖြင့်ရောက်လာသော အမည်မသိသေနတ်သမားများက ပစ်ခတ်သွားသည်ဟု ဒေသခံအမျိုးသားကပြောသည်။
“တစ်ဦးက သေသွားပြီကြားတယ်။ သေတာက ဘယ်သူလဲတော့ အတိအကျမပြောနိုင်သေးဘူး။ နောက်တစ်ဦးကလည်း မသေမရှင်ပဲ ဒဏ်ရာအတော်ပြင်းကြတယ်လို့ ပြောတယ်။”ဟု မျက်မြင်များကို ကိုးကားပြီး ဒေသခံအမျိုးသားကပြောသည်။
၎င်းတို့နှစ်ဦးစလုံးကို ဌာနီအရှေ့လူမှုရေးအသင်းကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်၊ ဖြစ်စဉ်နေရာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ကာ ပိုက်စိပ်တိုက်စစ်ဆေးခဲ့သည်ဟု အထက်ပါ အမျိုးသားကဆက်ပြောသည်။
ရာအိမ်မှူးဦးစိုးနိုင်ဆိုသူသည် အမရဌာနီအရှေ့ရပ်ကွက်၊ အကွက်(၁၉)၏ ရာအိမ်မှူးဖြစ်ပြီး ရာအိမ်မှူးဦးဝင်းကိုသည် အမရဌာနီအရှေ့ရပ်ကွက် (၁၉/က)၏ ရာအိမ်မှူးဖြစ်သည်။
၎င်းတို့နှစ်ဦးစလုံးကို လမ်း၈၀အတိုင်း မောင်းနှင်လာသည့် CZIအမျိုးအစား ဆိုင်ကယ်ဖြင့် ရောက်ရှိလာသည့် လူငယ်(၃)ဦးက ပစ်ခတ်သွားခြင်းဖြစ်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်စာမျက်နှာများက ဆိုကြသည်။ အဆိုပါ ပစ်ခတ်မှုကို မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်ကြောင်း ထုတ်ပြန်ခြင်းမရှိသေးပေ။myanmar now