မြဝတီတွင် ပတ်စပို့လျှောက်သူ ၉,၀၀၀ ခန့် စာအုပ်ရရန် မရေမရာဖြစ်နေ

အမည်ပျက်စာရင်းသွင်းလိုက်သည့် ကုမ္ပဏီ ၁၃၀ ကျော်ကို စစ်ဆေးနေသည်ဟုဆိုကာ ၂၀၂၂ ဒီဇင်ဘာလတွင် ကရင်ပြည်နယ် မြဝတီရုံး၌ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) လျှောက်ထားခဲ့သူ ၉,၀၀၀ ခန့်၏ စာအုပ်များကို စစ်ကောင်စီက ထုတ်မပေးကြောင်း စုံစမ်းသိရှိရသည်။

ထိုကာလက စီးပွားရေးမြို့တော် ရန်ကုန်နှင့် အခြားမြို့နယ်အချို့တွင် QR ကုတ်စနစ်သုံး၍ ရက်ချိန်းယူရန် ခက်ခဲခဲ့ရာ အမြန်လိုအပ်နေသူတို့က မြဝတီရုံးတွင် သွားရောက်လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသို့ တရားဝင်သဘောတူစာချုပ် MOU စနစ်ဖြင့် မြန်မာဘက်မှ အလုပ်သမား စေလွှတ်နေသည့် အေဂျင်စီများ၊ ပွဲစားများက ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ပတ်စပို့ရုံးမှ ဝန်ထမ်းများနှင့် ပေါင်းကာ အလုပ်သမားများထံမှ အခကြေးငွေရယူ၍ ဝန်ဆောင်မှုပေးခဲ့ကြသည်။

ထိုရုံးက ထုတ်ပေးရန် ခွင့်ပြုထားသည့် သတ်မှတ်အရေအတွက်ထက် ကျော်လွန်ထုတ်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။ အသေးစိတ်ကိုမူ မသိရပေ။ ထို့နောက်တွင် စစ်ကောင်စီက အေဂျင်စီ ၁၃၃ ခုကို အမည်ပျက်စာရင်းသွင်းခဲ့သလို ၂၀၂၂ ဒီဇင်ဘာ ၂၁ မှစ၍ မြဝတီပတ်စပို့ရုံးတွင် စာအုပ်ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်သည်။

လက်ရှိတွင် ရန်ကုန်မြို့၌ အွန်လိုင်းမှတစ်ဆင့် ငွေပေးချေ၊ ရက်ချိန်းယူ၊ မြဝတီအပါအဝင် အခြားမြို့များတွင် လူကိုယ်တိုင်တန်းစီစနစ်ဖြင့် ပတ်စပို့လျှောက်ထားရန် စစ်ကောင်စီက ခွင့်ပြုထားသော်လည်း မြဝတီတွင် လွန်ခဲ့သော သုံးလဝန်းကျင်က လျှောက်ထားခဲ့သည့် လူ ၉၀၀၀ ဝန်းကျင်၏ အခြေအနေမှာ မရေမရာဖြစ်နေခြင်းဖြစ်သည်။

နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှုအခြေအနေ မည်သို့ရှိသည်ကို မသိရကြောင်း မြဝတီရုံးတွင် ပတ်စပို့လျှောက် ထားခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

“ဒီစာအုပ်တွေကို ပေးမသုံးတော့ဘူး၊ ထုတ်မပေးတော့ဘူးဆိုရင်လည်း ကျွန်မတို့ကိုပြော။ ကျွန်မတို့က အသစ်လျှောက်မှာ။ အခုက အဲ့ဒီလိုလည်း မပြောဘူး။ သူတို့သတ်မှတ်ထားတာက စာအုပ်တွေကို ရက် ၉၀ အတွင်း ထုတ်ရမယ်လို့ ပြောတယ်။ ဒါပေမဲ့ အခု ရက် ၉၀ ပြည့်တော့မယ်။ ၈၉ ရက် ရှိပြီ” ဟု သူက ပြောသည်။ 

“ကုမ္ပဏီတွေဆိုတာလည်း သူတို့ခွင့်ပြုထားလို့ လုပ်ကြတာပဲ။ ကုမ္ပဏီတွေကို စိစစ်တယ်ဆိုရင်လည်း စိစစ်လေ။ ဘာလို့ ကြားထဲက ပြည်သူက ခံနေရတာလဲ”

အမည်ပျက် ကြေညာခံရသည့် လုပ်ငန်းများက အမည်ပြောင်း၍ လုပ်ငန်းဆက်လုပ်နေပြီဖြစ်သော်လည်း ပြည်ပသို့ အလုပ်သွားလုပ်လိုသည့် ၎င်းတို့၏ အနာဂတ်မှာ ဝေဝါးနေရကြောင်း ၎င်းက ဆက်ပြောသည်။ 

ဖေဖော်ဝါရီလဆန်းက ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးတစ်ဦးဖြစ်သူ ဗိုလ်ချုပ်စိုးတင့်နိုင်နေရာတွင် ဗိုလ်ချုပ်တိုးရီကို ပြောင်းလဲလိုက်ပြီးနောက်တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် လုပ်ငန်းစဉ်နှင့် မူဝါဒများ အပြောင်းအလဲဖြစ်လာသည်။ 

၂၀၂၂ ဒီဇင်ဘာတွင် တန်းစီစောင့်ဆိုင်းစနစ် QR Code ထုတ်ပေးခြင်းကို ရပ်ဆိုင်းသလို ပတ်စ်ပို့ရုံးများကိုလည်း ယခုနှစ် ဇန်နဝါရီ ၂ မှ ဖေဖော်ဝါရီ ၂၃ ရက်အထိ စစ်ကောင်စီက ပိတ်ထားခဲ့ဖူးသည်။

ပတ်စပို့ အမြန်လိုအပ်နေသဖြင့် ငွေကျပ်သိန်းချီ ကုန်ကျခဲ့သော်လည်း စာအုပ်မထုတ်ပေးပေးသလို အသစ်ပြန်လျှောက်ခွင့်လည်း မရှိသဖြင့် အခက်ကြုံနေကြောင်း မြဝတီရုံးတွင် ကြန့်ကြာမှု ကြုံနေရသည့် အမျိုးသားတစ်ဦးကလည်း ပြောသည်။

“ဘာလုပ်ရမှန်း မသိတာဗျာ။ cancel (ပယ်ဖျက်) ဆိုလည်း ပြောပေါ့ဗျာ၊ အသစ်လုပ်တာပေါ့။ အခုက ဟိုမကျဒီမကျနဲ့ ယူထားတဲ့ငွေတိုးတွေက ရှိသေးတယ်။ တစ်လတစ်လ (အတိုးက) တက်နေတယ်။ စာအုပ်လုပ်ဖို့တောင် ခြံပေါင် အိမ်ပေါင်တွေနဲ့လုပ်ရတာဗျ” ဟု သူက ဆိုသည်။

အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေချိန်တွင် မြဝတီသို့ သွား၍ ပတ်စပို့လျှောက်ထားမှုတစ်ခုတည်းအတွက် ကုန်ကျစရိတ် ကျပ် ၁၀ သိန်းကျော် ရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် ဆေးစစ်ခြင်း၊ အင်တာဗျူးဖြေဆိုခြင်း၊ ပြည်ဝင်ခွင့် လျှောက်ထားခြင်း စသည့် လုပ်ငန်းစဉ်များ အဆင်သင့်ဖြစ်နေသော်လည်း ပတ်စ်ပို့မရသေးသဖြင့် အချိန်နှင့် ငွေ ရင်းနှီးထားရသည်တို့မှာ အလဟဿဖြစ်နေရကြောင်း ထိုအမျိုးသားက ပြောသည်။

မြဝတီရုံးတွင် လွန်ခဲ့သည့် နှစ်ကုန်ပိုင်းက ပတ်စပို့လျှောက်ထားခဲ့ပြီး မရဘဲဖြစ်နေသူများထဲတွင် အခွင့်အလမ်းကောင်းများရှိသည့် ဂျပန်၊ ကိုးရီးယားကဲ့သို့ နိုင်ငံများသို့ အလုပ်သွားလုပ်ခွင့်ရပြီးသူများ ပါဝင်သည်ဟု စုံစမ်းသိရှိရသည်။

အထက်ပါဖြစ်စဉ်များကို အသေးစိတ် အတည်မပြုနိုင်သေးသလို ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ရုံးချုပ်ထံ Myanmar Now က ဖုန်းဖြင့် မေးမြန်းသော်လည်း လက်ခံဖြေဆိုခြင်းမရှိပါ။

စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း နိုင်ငံအနှံ့ စစ်ဖြစ်နေခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်၍ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် ပြည်ပထွက်လိုသူများနေရာ ပတ်စပို့လျှောက်ထား၊ ထုတ်ပေးသည့် အစီအမံများပါ မကြာခဏ ကမောက်ကမဖြစ်ခဲ့သည်။

ထိုအခြေအနေတွင် နယ်စပ်မှတစ်ဆင့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်နေကြရာ ဖမ်းဆီးခံရခြင်း၊ ယာဉ်များအတွင်း ပုန်း လျှိုး၍ လိုက်ပါရသဖြင့် အသက်သေဆုံးခြင်းများ မကြာခဏ ဖြစ်နေသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s