ဝ ဒေသတွင် တိုက်ပိတ် နှိပ်စက်ခံနေရသည့် အမျိုးသမီးငယ်နှင့် လူငယ်များ တစ်ဦးလျှင် အနည်းဆုံးသိန်း ၄၀ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ကုမ္ပဏီကပြော

ဝဒေသ မိုင်းပေါက်မြို့ ယှီကျင်း (ငွေလိမ်နေသည့် ကုမ္ပဏီ)တွင် တိုက်ပိတ် နှိပ်စက်ခံရသည့် အသက်မပြည့်သေးသူ အမျိုးသမီးငယ်တစ်ဦးနှင့် လူငယ် ကိုးဦးတို့၏ မိသားစုဝင်တွေအနေဖြင့် တစ်ဦးလျှင် သိန်း ၄၀ မှသိန်း ၉၀ကြား ပေးမှသာ ပြန်လွှတ်ပေးမည်ဟု ကုမ္ပဏီဘက်က ပြော သည်။
မိသားစုဝင်တစ်ဦးက “သူတို့ တိုက်ပိတ်ခံထားရတာ ရက် ၂၀ရှိပြီ။ ကျဥ်စက်တွေနဲ့ နှိပ်စက်ခံရတယ်လို့ ပြောကြတယ်။ သူတို့နဲ့ ဖုန်းပြောခွင့်ရတဲ့အချိန်လည်း ဘေးမှာ သူတို့ကို စောင့်နေတဲ့ အစောင့်တွေရှိတယ်။ မေးတာတွေကို တိတိကျကျ မေပြာရဲကြဘူး။ ပိုက်ဆံပဲ ပို့ပေးခိုင်းနေတာ” ဟု ပြောသည်။
အဆိုပါ လူငယ်များသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ပွဲစား လုလုဆိုသူနှင့် ဝဒေသ မိုင်းပေါက်မြို့တွင် ကျားဖြန့်ခေါ် ငွေကြေး လိမ်လည်ရယူနေသည့် လုပ်ငန်းကို သွားရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။
“သူတို့လျော်ကြေး တောင်းတာပေါ့နော်။ ပွဲစားယူသွားတဲ့ ငွေတွေကိုလည်း ပြန်ပေးခိုင်းတယ်။ ငွေမလိမ်နိုင်ဘူး ငွေမဝင်ဘူးဆိုပြီး အချိန်ပိုတွေ လုပ်ခိုင်းတယ်။ သူတို့ဆက်မလုပ်နိုင်တော့ တိုက်ပိတ်ပြီး နှိပ်စက်တယ်။ ကျဥ်စက်နဲ့တို့ပြီး နှိပ်စက်ကြတာ” ဟု နောက်ထပ် မိသားစုဝင်တစ်ဦးကလည်း ပြောပြသည်။
၎င်းတို့တောင်းသည့် ငွေကြေးပမာဏထဲမှအချို့ကို မိသားစုဝင်ဘက်က ပေးဆောင်ခဲ့ပေမယ့် အဆိုပါ တိုက်ပိတ် နှိပ်စက်ခံထားရသည့် လူငယ်များ ပြန်လွှတ်လာရန် မသေချာမှာကို စိုးရိမ်နေရသည်ဟု ဆိုသည်။
“ကျမတို့က သိန်းနှစ်ဆယ် ပေးထားပြီ။ သိန်းလေးဆယ် တောင်းတာ။ ကျန်တဲ့ နှစ်ဆယ်ကိုတော့ မပေးရဲသေးဘူး။ ပြန်လွှတ်မလား မလွတ်ဘူးလား မသေချာသေးဘူး။ သူတို့လည်း ဘာမှမပြောလာဘူး။ ပိုက်ဆံပဲ တောင်းလာတယ်” ဟု ၎င်းက ဆက်ပြောသည်။
အဆိုပါလူငယ်များ ပြန်လွှတ်မြောက်လာရန် လားရှိုးမြို့ရှိ ဝပြည် ပြင်ပဆက်ဆံရေးရုံးသို့ တိုင်ကြားထားသော်လည်း လက်ရှိအချိန်ထိ တစုတရာ တုံ့ပြန်ခြင်း မရှိသေးဟု မိသားစုဝင်များက ဆိုသည်။
“ဝ ဆက်ဆံရေးရုံးကို တိုင်ထားတယ်။ အကြိမ်ကြိမ် ဖုန်းဆက် အကူအညီတောင်းတယ်။ ဘာမှမထူးခြားခဲ့ဘူး။ အော်ငေါက်ပြီး ပြန်ဆက်ဆံတယ်” ဟု အထက်ပါ မိသားစုဝင်တစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းကာလ အလုပ်အကိုင် ရှားပါးမှုကြောင့် လူငယ်အများစုသည် တရုတ်-မြန်မာနယ်စပ် ဝဒေသအပြင် ကိုးကန့်နှင့် မိုင်းလားသို့ အလုပ် သွားလုပ်ရင်း လူကုန်ကူးခံရခြင်း၊ လုပ်အားခ ခေါင်းပုံဖြတ်ခံရခြင်းနှင့် ပြည့်တန်ဆာအဖြစ် ခိုင်းစေတာတွေ ကြုံနေရသည်။mizzima