မုံရွာတွင် စစ်မှုထမ်းဟောင်းရပ်ကွက်ကို တိုက်ခိုက် ၂ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် အောင်ဇေယျရပ်ကွက်ရှိ စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် အကျိုးကုန်းပေါ်နှင့် အခြားကင်းစခန်းများကို မတ်လ ၂၄ ၇က်နေ့ မနက်အစောပိုင်းတွင် လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်တွင် နှစ်ဦးသေ ဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း Salingyi Border Task Force -(SBTF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “၆၀မမ၊ ၈၀မမ၊ ၁၂၀မမ လက်နက်ကြီးတွေ နဲ့ အလုံး ၁၀၀ ခန့် နဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ၊ သူတို့ဘက် လက်နက်ကြီး ၆၀မမ စက်လတ်တွေနဲ့ တရစပ်ပြန်ပစ်တယ်ဗျ။ ကျတော်တို့ဘက် လက်လုပ်တစ်တောင့်ထိုး၊ ရှော့ဂန်းတွေ မောင်းပြန်အချို့ပါမယ်၊ ဂန်းသမားတွေက ခံပစ်ပေးထားပြီး လက်နက်ကြီးသမားတွေ ပြန်လည်ဆုတ်ခွာခဲ့တယ်။ ဂန်းသမားတွေက ပစ်ရင်းဆုတ်ခဲ့တာ ၊ သူတို့ဘက် က နှစ်ဦးသေပြီး တစ်ဦးပြင်းထန်ဒဏ်ရာရတယ်”ဟု ပြောသည်။
တိုက်ခိုက်မှုများ အပြန်အလှန်ဖြစ်ပွားခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း SBTF အဖွဲ့ က ဆိုသည်။
မုံရွာမြို့ အောင်ဇေယျရပ်ကွက်သည် ချင်းတွင်းတံတားအနောက်ဘက်တွင် အသစ်ဖော်ထုတ်ထားသည့် ရပ်ကွက်တစ်ခုဖြစ်ပြီး စစ်မှုထမ်း ဟောင်းများ အများစုနေထိုင်သည့် ရပ်ကွက်တစ်ခုဖြစ် ကြောင်းသိရ သည်။
“အဲ့မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ ခရီးသွားပြည်သူတွေဆီက ဆက်ကြေးကောက်ခံတာတွေပြုလုပ်ပြီး စစ်ကြောင်းထိုးပြီဆိုလည်း အဲ့က စစ်သားတွေနဲ့ စစ်မှုထမ်းဟောင်းမိသားစုတွေပါ စစ်ကြောင်းနဲ့အတူပါလာတတ်ပြီး ကျေးရွာများရှိ ပြည်သူတွေရဲ့နေအိမ်များကို ဝင်မွှေပြီးခိုးယူသယ်ဆောင်တာတွေ လုပ်လေ့ရှိတယ်” ဟု SBTF အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုတိုက်ခိုက်မှုကို Salingyi Border Task Force (SBTF) အဖွဲ့ နှင့် ယင်းမာပင်-ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုမှ တပ်ဖွဲ့ ဝင်များဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း SBTF အဖွဲ့ ကထုတ်ပြန်ထားသည်။mizzima