မန္တလေးတွင် ၁ လ နီးပါးအတွင်း ပြောက်ကျားတိုက်ခိုက်မှု ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွား

မန္တလေးမြို့တွင် ပြောက်ကျားတိုက်ခိုက်မှုများ တကျော့ပြန် အရှိန်မြင့် လာပြီး မတ်လ ၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြောက်ကျား တိုက်ခိုက်မှုပေါင်း ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုနှင့် မြို့ခံများက ပြောသည်။
စစ်ကောင်စီနှင့် ဆက်စပ်နေရာများ၊ စစ်ကောင်စီ ထောက်တိုင်များကို ပစ်မှတ်ထား သည့် ပြောက်ကျားတိုက်ခိုက်မှုကို အရှိန်မြှင့် လုပ်ဆောင်နေခြင်း ကြောင့် ပြည်သူများ အသွားအလာ သတိထားကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။
“သတိ၊ အသိနဲ့ သွားလာနေထိုင်ကြဖို့ကိုပဲ ကျွန်တော်တို့ တိုက်တွန်းချင်ပါတယ်၊ အထူးသဖြင့် စကစနဲ့ပတ်သက်တဲ့ နေရာတွေ ဒီနောက်ပိုင်း မသွားကြတာ အကောင်းဆုံးပဲ၊ PDF တွေက ဟိုတလောကလေးတင် သတင်းထုတ်ပြန် ထားတာ ရှိတယ်၊ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို အရှိန်မြှင့်သွားမှာမို့လို့ ပြည်သူတွေအနေနဲ့ စကစတွေနဲ့ ဝေးဝေးနေ ကြပါလို့ မေတ္တာရပ်ခံထုတ်ပြန်ထားတာပါ” ဟု လုံခြုံရေး အရ အမည်မဖော်ပြလိုသော တော်လှန်ရေးအင်အားစုဝင် တစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ၂၀၂၂ နှစ်ကုန်ပိုင်းမှစ၍ ပြောက်ကျားတိုက်ခိုက်မှု အထိုက် အလျောက် လျော့ကျခဲ့သော်လည်း မတ်လအတွင်း စစ်ကောင်စီနှင့် ဆက်စပ်သည့် နေရာနှင့် လူပုဂ္ဂိုလ်တိုက်ခိုက်ခံရမှု ဆက်တိုက်ဖြစ်ပွားလာနေခြင်း ဖြစ်သည်။
“ဒီတစ်လအတွင်းမှာကို ၁၀ ကြိမ်ထက်မနည်းရှိနေပြီ၊ စကစနေရာတွေ စကစ ဒလန်တွေ သစ္စာဖောက်တွေ ဗုံးနဲ့ပစ်ခံရတယ်၊ လက်ဖက်ရည်ဆိုင်ထဲထိုင်နေရင်း အိမ်ထဲနေနေရင်း သေနတ်နဲ့ပစ်သတ်ခံရတာတွေရှိတယ်၊ ဒါကိုမသိကျိုးကျွံပြုပြီး သွားလာနေရင်၊ အန္တရာယ်ကကိုယ့်အနားရောက်လာလိမ့်မယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
ပြောက်ကျားတိုက်ခိုက်မှုများ တကျော့ပြန် အရှိန်မြင့်လာနေသော မန္တလေးမြို့တွင် စစ်ကောင်စီတပ်က သေနတ်များ ပစ်ဖောက်ခြင်းနှင့် ဧည့်စာရင် ဝင်ရောက် စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။
မန္တလေးမြို့တွင် မတ်လ ၂ ရက်နေ့က မန္တလေးတောင်ခြေ အနီးဆိုင်ကယ်စီး လာသည့် တက္ကသိုလ်ကျောင်းသား တစ်ဦး လမ်းပေါ်ပစ်သတ်ခံခဲ့ရသည်။
၎င်းအ သတ်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီထံ အလင်း၀င်ပြီး တော်လှန်ရေး အင်အားစုများအား လက်ထောက်ချနေခြင်းကြောင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများဘက်က ဆိုသည်။
လက်ရှိ မန္တလေးမြို့တွင် မတ်လ ၁ ရက်နေ့မှ ယမန်နေ့ မတ် ၂၄ ရက်အထိ စစ်ကောင်စီ၏နေရာ ခြောက်ခုတိုက်ခိုက်ခံထားရပြီး စစ်ကောင်စီနှင့် ပတ်သက် သည့် လူပုဂ္ဂိုလ် တိုက်ခိုက်ခံရမှု လေးကြိမ် ဖြစ်ထားသည်။
အဆိုပါ ဖြစ်စဉ်များအနက် တော်လှန်ရေးသစ္စာဖောက်ဟု စွပ်စွဲကာ ပစ်သတ်ခံရသူ တက္ကသိုလ် ကျောင်းသားတစ်ဦး၊ အမျိုးသမီးရာအိမ်မှူး အ ပါအ၀င် ရာအိမ်မှူးသုံးဦး၊ ရဲတပ်သားတစ်ဦး သေဆုံးခဲ့ပြီး ဒု-ဦးစီးမှူး အပါအ၀င် ၀န်ထမ်းခြောက်ဦးနှင့် ရဲ တစ်ဦး ဒဏ်ရာရခဲ့သည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုများ ခပ်စိတ်စိတ်ဖြစ်လာပြီးနောက်ပိုင်း မန္တလေးမြို့တွင် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကြပ်ထားပြီး ယင်းသို့တင်းကြပ်ထားသည့် ကြားက မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ မန္တလေးတိုင်းရုံးအနီး ဗုံးကွဲမှု ဖြစ်ပွားခဲ့သည်။
ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် စစ်ကောင်စီတပ်ကို ပစ်မှတ် ထားသော ပြောက်ကျားတိုက်ခိုက်မှုများ ဆက်ရှိနေပြီး စစ်ကောင်စီ ဘက်ကလည်း မြို့အနှံ့ လက်နက်ကိုင်အစောင့် စစ်သားများချကာ ပစ်ခတ် ဖမ်းဆီးမှုများ ပြုလုပ် နေသည်။mizzima