Monthly Archives: Mar 2023

သင်္ဃန်းကျွန်းတွင် စစ်ကောင်စီတပ်က လူငယ်နှစ်ဦးအားဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက် ၉ လမ်းက လူငယ်နှစ်ဦး မတ် ၂၅ ရက် ည ၁၀ နာရီလောက်မှာ ကွမ်းယာထွက်ဝယ်ချိန် လုံခြုံရေးကင်းလှည့်တဲ့ ကားနဲ့တွေ့ပြီး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အဲဒီလူငယ်နှစ်ဦးကို ညမထွက်ရအချိန် အပြင်ထွက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်ကုန်မှာ သတ်မှတ်ထားတဲ့ညမထွက်ရအချိန်က ည ၁၂ နာရီဖြစ်တာကြောင့် ငွေညှစ်ချင်တာကြောင့် ဖမ်းတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။

ငမိုးရိပ်ရပ်ကွက်မှာနေထိုင်သူတဦးက “ဒီမနက်ဘဲ တယောက်ငါးသောင်းနဲ့ ပြန်ရွေးထုတ်လာကြတယ်။ သူတို့ လမ်းထိပ်ထွက်တဲ့အချိန် ကင်းလှည့်တဲ့ကားနဲ့တိုးပြီး ဖမ်းခံရတာလို့ ပြောတယ်” ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူနှစ်ဦးအနက် တဦးက အဲဒီလမ်းက ဒလန်တဦးရဲ့သားဖြစ်နေလို့ ဒီလောက်ငွေပမာဏ နဲ့ ပြန်လွှတ်ပေးလိုက်ပုံရတယ်လို့ ရပ်ကွက်အတွင်း နေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့မှာ အခုနောက်ပိုင်း လူငယ်တွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက အကြောင်းမဲ့ ပစ်မှတ်ထားဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာတွေ ဆက် တိုက်ပြုလုပ်နေကြတယ်လို့ မြို့ခံတွေကပြောပါတယ်။  DVB

ဘီးလင်းတွင် အသက် ၁၈ နှစ်အရွယ် အရပ် သား လူငယ် ၂ ဦးကို စစ်တပ်က ပစ်သတ်ပြီး မိုင်းထောင်မည့်သူများဟု ဝါဒဖြန့် သတင်းထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အသက် ၁၈ နှစ်အရွယ် အရပ်သား လူငယ် ၂ ဦးကို စစ်တပ်က မသင်္ကာမှုဖြင့် ပစ်သတ်ပြီးနောက် မိုင်းထောင်မည့်သူများ ဟု ဝါဒဖြန့် သတင်းထုတ်ပြန်ကြောင်း ဒေသပြည်သူများနှင့် သေဆုံးသူ လူငယ် ၂ ဦး ၏ မိတ်ဆွေများက ပြောဆိုကြသည်။

မတ်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီအချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ရွာ ကားလမ်းဘေးတွင် ကင်းပုန်းဝပ်နေသော ဘီးလင်းမြို့ ခမရ(၈)မှ တပ်ကြပ်ကြီး မိုးဇက်နဲ့အဖွဲ့က လမ်းလျှောက်လာသော အရပ်သား လူငယ်(၂)ဦးကို အကြောင်းမဲ့ ပစ်သတ်လိုက်ကြောင်း၊ သေဆုံးသူ လူငယ် ၂ ဦး၏ လက်ထဲတွင် ဖောက်ခွဲပစ္စည်းနှင့် စကားပြောစက်များ ထည့်ကာ မိုင်းထောင်မည့်သူများဟု ဝါဒဖြန့် သတင်းထုတ်ပြန်ကြောင်း သိရှိရသည်။

သေဆုံးသူ လူငယ် ၂ ဦးမှာ စောငပြူး အသက် ၁၈ နှစ်၊ဒေါက်ရပ်ကျေးရွာ၊ စောရဲနိုင်ဝင်း အသက် ၁၈ နှစ်၊ ဒေါက်ရပ်ကျေးရွာတို့ဖြစ်ကြောင်း သိ ရှိရသည်။ khit thit

KNDF ဗျူဟာ(၄)မှ ဦးဆောင်ပြုလုပ်သော “စည်းရိုး” ပရောဂျက်အား ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၁၂ ဖွဲ့ ပါဝင် အားဖြည့်မည်

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗျူဟာ(၄)မှ ဦးဆောင်ပြုလုပ်သော “စည်းရိုး” ပရောဂျက်အား ရန်ပုံငွေရှာဖွေရေးအဖွဲ့ ၁၂ ဖွဲ့မှ ပါဝင်အားဖြည့်မည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ UAs fundraising teamအစုအဖွဲ့ကနေ စည်းရိုးပရောဂျက်အတွက် ပါဝင်ရှာဖွေကြမယ့် Fundraising teamက ၁၂ ဖွဲ့ရှိပါတယ်။ အဲဒီ ၁၂ ဖွဲ့ကနေ ပုံစံမျိုးစုံရှာဖွေကြမှာဗျ။ တချို့အဖွဲ့တွေက မဲဖောက်မယ်၊ တချို့အဖွဲ့တွေက ဒီတိုင်းထောက်ပံ့ငွေခံမယ်ပေ့ါ စသဖြင့် ပါဝင်အားဖြည့်ပေးကြမှာပါ” ဟု UAs အဖွဲ့ဝင်ဖြစ်သည့် To Comrades’ Fundraising Team ၏ ဒု-ဒါရိုက်တာ ရဲဘော်အာလူးက မဇ္ဈိမကို ဖြေကြားသည်။

KNDF ဗျူဟာ(၄)၏ လှုပ်ရှားမှုနယ်မြေသို့ စစ်ကောင်စီတပ်သားများ ဝင်မလာနိုင်ရန်၊ ပြည်သူများထိခိုက် ဆုံးရှုံးမှုမရှိအောင် စည်းကာရန်အ တွက်ပြင်ဆင်မည်ဖြစ်သောကြောင့် ပရောဂျက်အမည်အား “စည်းရိုး” ဟုပေးထားခြင်းဖြစ်ကြောင်းဆိုသည်။

ပရောဂျက်မှရရှိငွေများကို KNDFဗျူဟာ(၄)ထဲမှတပ်ရင်းများဖြစ်သည့် တပ်ရင်း(၁)၊ တပ်ရင်း(၅)၊ တပ်ရင်း (၆)နှင့် တပ်ရင်း(၇)မှ ရဲဘော်များကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ KNDFဆိုတာကလည်း မြေပြင်မှာတကယ်တိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေထဲက တခုဖြစ် တယ်။ တိုက်ပွဲတစ်ပွဲရယ်လို့ဖြစ်လာရင် လက်နက်၊ ကျည်၊ ခဲယမ်းလိုအပ်ချက်တွေက အလွန်များပါတယ်။ ယခုလည်း ကရင်နီပြည်ကို ခွေးတွေကျူးကျော်လာပြီး စိုးမိုးမှုတွေမလုပ်နိုင်အောင်လုပ်မှာဆိုတဲ့အတွက် လက်နက်အဓိကဖြည့်ပေးဖို့ ဒီပရောဂျက်ကို ပြုလုပ်တာဖြစ်တယ်” ဟု ရဲဘော်အာလူးက မဇ္ဈိမကို ပြော သည်။

ပရောဂျက်အတွက် KNDF ဗျူဟာ (၄)မှ ကျပ်သိန်း ၁၀,၀၀၀ သတ်မှတ်ထားသော်လည်း UAs မှ ရန်ပုံငွေ ရှာဖွေရေးအဖွဲ့များကမူ ပြည်သူ များ၏ အခြေအနေကိုကြည့်ရှု၍ အတိုင်းအတာပမာဏ သတ်မှတ်ကာ ကူရှာပေးမည်မဟုတ်ဘဲ ရသလောက်ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ပုံငွေရှာဖွေရေးအဖွဲ့အစည်းများ ဝိုင်းဝန်းကူညီထောက်ပံ့ကြမည့် KNDF ဗျူဟာ(၄) သည် စစ်ကောင်စီ တပ်၏ လက်နက်ကြီးများဖြင့်ပစ် ခတ်ခြင်း၊ လေယာဉ်ဖြင့် ကင်းထောက်ခြင်း၊ ဂျက်လေယာဉ် ရဟတ်ယာဉ် များအသုံးပြုပြီး တိုက်ခိုက်ခြင်းကို နေ့စဉ်ခံနေရသည်။

စစ်ရှောင်ပြည်သူများလည်း များပြားသည့်အပြင် ပြည်သူများကို အကူအညီပေးနေသော၊ တော်လှန်ရေး အရှိန်အဟုန်ကို အထောက်အပံ့ဖြစ်စေသော အဆောက်အအုံများစွာလည်း ရှိနေပြီဖြစ်သောကြောင့် လိုအပ်သည်များကိုဖြည့်တင်းပြီး စစ်ကောင်စီတပ်နှင့် ပြည်သူများအကြား စည်းခြားနိုင်အောင် ရည်ရွယ် ထားကြောင်း သိရသည်။mizzima

KNU ကျိုက်ထိုမြို့နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုး၊ ကျေးရွာ ၄ ရွာက ဒေသခံများ ထွက်ပြေး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေ ကျိုက်ထိုမြို့နယ်ထဲကို မနေ့ မတ် ၂၅ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စစ်ကြောင်း ၃ ကြောင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ပြီးခဲ့တဲ့ မတ် ၂၁ ရက်နေ့မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကောင်စီ စစ်ကြောင်းဟာ လက်ရှိမှာတော့ ကျိုက်ထိုမြို့နယ် ငှက်ပျောတောနဲ့ ကရဝေးဆိပ်ကျေးရွာအနီး ရောက်ရှိနေပြီး ထပ်မံဝင်ရောက် လာပါက တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ငှက်ပျောတောကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၄ ရွာလောက်က ဒေ သခံတွေဟာ ဘေးလွတ်ရာ ဥယျာဉ်ခြံတွေနဲ့ တောတောင်တွေထဲ ထွက်ပြေးနေရသလို တချို့ဒေသခံတွေကတော့ အခြေအနေ စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မှာ နယ်မြေခံ ခြေမြန်တပ်ရင်း ခလရ(၂)၊ ဘားအံအခြေစိုက်တပ်ရင်းတွေနဲ့ ကမ်းရိုးတန်းတိုင်း တပ်ရင်းတွေလည်း ပါဝင်ပြီး တပ်အင်အား ၁၀၀ ကျော် ပါဝင်ပါတယ်။

ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ KNU ကျိုက်ထိုမြို့နယ်ရှိ ကျေးရွာတွေထဲကို နေ့စဉ်နဲ့အမျှ လက်နက်ကြီး ပစ်ခတ်နေသလို အရပ်သားထိခိုက်ဒဏ်ရာရတာတွေလည်း ရှိပါတယ်။

အခုမတ်လအတွင်း စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျိုက်ထိုမြို့နယ်မှာ ဒေသခံ ၅ ဦးထက်မနည်း ထိခိုက်ဒဏ် ရာရရှိထားတယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ DVB

စစ်ကောင်စီတပ်အား စားနပ်ရိက္ခာ ထောက်ပံ့နေသည့် ဝမ်ပေါင်ကုမ္ပဏီကို သတိပေးတိုက် ခိုက်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီဝင်းအတွင်း စစ်သားများစောင့်သည့်ဂိတ်အား မတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဒရုန်းနှင့် ဗုံးနှစ်လုံးချကာ သတိပေးတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီထဲသို့ စစ်ကောင်စီတပ်စစ်ကြောင်းများ မကြာခဏဝင်ရောက်မှုရှိနေပြီး ကုမ္ပဏီဘက်ကလည်း လက်ခံကာ စားနပ်ရိက္ခာ ထောက်ပံ့နေသည့်အတွက် သတိပေးတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ဝမ်ပေါင်ကုမ္ပဏီကိုရည်ရွယ်ပြီးလုပ်တဲ့အပိုင်းမဟုတ်ပါဘူး။ဝမ်ပေါင်ကုမ္ပဏီထဲကို စစ်ကြောင်းဝင်လို့ ကျွန်တော်တို့တိုက်ခိုက်တဲ့သဘောမျိုးပေါ့နော်။ ဝမ်ပေါင်ကုမ္ပဏီအနေနဲ့လည်း နောက်နောင်

စစ်ကြောင်းတွေကိုလက်ခံမယ်၊စားနပ်ရိက္ခာ ထောက်ပံ့မယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပြောမယ်။ဝမ်ပေါင်ကုမ္ပဏီကို စစ်ကောင်စီဒေါက်တိုင်အနေနဲ့ စစ်ကောင်စီစခန်းပုံစုံမျိုးတိုက်ခိုက်ရမယ့်

အနေအထားမျိုးပါဗျ”ဟု Salingyi Special Task Force တာဝန်ခံ ကိုဖိုးဇေက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းသည် မတ်လ ၂၄ ရက်နေ့တွင် ဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်း ဝင်ရောက်ညအိပ်ခဲ့သည်ဟုသိရသည်။ စစ်ကောင်စီစစ် ကြောင်းများသည် ဝမ်ပေါင်ကုမ္ပဏီအတွင်း ဝင်ရောက်ကာ

ကုမ္ပဏီအနီးဝန်းကျင်ရှိ ကျောက်ဖြူတိုင်၊ မိုးကြိုးပြင်၊ ဖောင်းကတာ ကျေးရွာများကိုမီးရိူ့ဖျက်ဆီးနေသည့်အတွက်သတိပေးတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မူကို ရှိမရှိမသိရသေးကြောင်း Salingyi Special Task Forceကဆိုသည်။

Salingyi Special Task Force သည် မတ်လ၂၅ရက်က တိုက်ခိုက်မှုအပြီး ယနေ့ မတ်လ ၂၆ရက်တွင်လည်း ဆားလင်းကြီးမြို့အတွင်းသို့ အင် အား(၁၅၀)ခန့်ဖြင့် ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းကို ဗုံးသီး ငါးလုံးဖြင့် ဒရုန်းမစ်ရှင်ဖော်ဆောင်ခဲ့ကြောင်း သိရသည်။ ထိုတိုက် ခိုက်မူကြောင့် စစ်ကောင်စီတပ်ဖွဲ့တင် လေးဦးဒဏ်ရာရသွားပြီး နှစ်ဦးသည် သေ‌နိုင်လောက်သည်အထိဒဏ်ရာပြင်းထန်ကြောင်း Salingyi Special Task Force တာဝန်ခံကပြောသည်။

မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီ(Myanmar Wanbao Mining Copper Limited)သည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ကြေးစင်တောင်၊ စံပယ်တောင်၊ စံပယ်တောင် (တောင်ပိုင်း) နှင့် လက်ပံတောင်းတောင် ကြေး နီစီမံကိန်း လေးခုအား မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဖက်စပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံကရင်းနှီးမြှုပ်နှံထားသည့် ကုမ္ပဏီတခုဖြစ် သည်။

စစ်ကောင်စီစစ်ကြောင်းများသည် မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီဝင်းထဲတွင် ‌ခြေကုပ်ယူကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်ခြင်း၊ အ နီးပတ်ဝန်းကျင်ကျေးရွာများကို ဖျက်ဆီးခြင်းများပြုလုပ်နေသည်ဟုဆိုကာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဇွန်လတွင် ဒေသကာကွယ်ရေတပ်ဖွဲ့များက ပထမဆုံးအကြိမ်တိုက်ခိုက်ခဲ့သည်။ ယင်းတိုက်ခိုက်မှုကို ရှတ်ချကြောင်း မြန်မာဝမ်ပေါင်ကြေးနီကုမ္ပဏီက ကြေညာချက်ထုတ်ပြန်ခဲ့ဖူး သည်။ တော်လှန်ရေးအင်အားစုများကလည်း ဝမ်ပေါင်ကုမ္ပဏီအနေဖြင့် စစ်ကောင်စီစစ်ကြောင်းများနှင့် ပတ်သက်နေ၍ ယင်းသို့တိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် စစ်ကောင်စီနှင့် မပတ်သက်ရန် တုံ့ပြန်ထားသည်။mizzima

ပြည်ပကုန်ပစ္စည်းသွင်းခွင့် ဟာကွက်မရှိ ထိန်း ချုပ်ခံနေရ

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားဝင်ငွေကျဆင်းလာချိန်တွင် စစ်ကောင်စီက ပြည်ပကုန် တင်သွင်းခွင့်လိုင်စင် ချပေးခြင်း မရှိသလို    အခြားကုန်သွယ်မှု လမ်းကြောင်းကိုလည်း ထပ်မံပိတ်ပင်လိုက်သည်။

ယခင်က ပြည်တွင်းရှိ အာမခံသိုလှောင်ရုံများတွင် ထားရှိဖြန့်ဖြူးမည့် ကုန်ပစ္စည်းကို လိုင်စင်ခွင့်ပြုချက်မကျမီ တင်သွင်းခွင့်ပြုခဲ့သည်။ သို့သော် ယခုနှစ် ဧပြီ ၁ ရက်မှစ၍ ထိုအစီအစဉ်ကို ၆ လကြာ ရပ်ဆိုင်းမည်ဟု စစ်ကောင်စီ၏ စီးပွားကူးသန်းဝန်ကြီးဌာနက မတ် ၂၂ ရက်စွဲဖြင့် ကြေညာသည်။ 

ကုန်ပစ္စည်းများတင်သွင်းလိုပါက လိုင်စင်လျှေက်ထားရန် လိုအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ လိုင်စင် လိုအပ်သော ကုန် ပစ္စည်းများတွင် အမျိုးအစား ထောင်နှင့်ချီသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ပါဝင်ပြီး စာမျက်နှာ ၅၀၀ နီးပါးဖြင့် စာရင်းပြုစုထားသည်ကို တွေ့ရသည်။

ထိုအထဲတွင် သားငါးရေထွက် ပစ္စည်း၊ နို့နှင့် နို့ထွက်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း၊ အလှကုန်နှင့် လူသုံးကုန် ပစ္စည်း၊ စက္ကူပစ္စည်း၊ ဆောက် လုပ်ရေးသုံး ပစ္စည်း၊ ပလတ်စတစ်ပစ္စည်း၊ ကော်ဇောကဲ့သို့သော ကြမ်းခင်းများ၊ ချည်ထည်ပစ္စည်းများ၊ လူသုံး၊ အိမ်သုံးပစ္စည်းများ၊ စက်ဘီးနှင့် မော်တော်ယာဉ် အပိုပစ္စည်းများ ပါဝင်သည်။

ကုန်သွယ်မှုကိုထိန်းကြောင်းရန်၊ ကာလရှည်သိုလှောင်မှုကြောင့် ကုန်ပစ္စည်းအရည်အသွေး မထိခိုက်စေရန် လိုင်စင်လျှောက်ပြီးမှ သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ဌာနဆိုင်ရာများမှာ နေပြည်တော်တွင် ရုံးစိုက်ထားသဖြင့် စီးပွားရေးမြို့တော် ရန်ကုန်တွင် စီစဥ်ရသည့် လုပ်ငန်းများကို အခက်တွေ့စေသည်။

ကင်းလွတ်ခွင့်အချို့ရနေသည့် သီလဝါအထူးစီးပွားရေးဇုန်အတွင်းမှ သွင်းကုန်များအတွက်ပါ လိုင်စင်လျှောက်ရန် လိုအပ်မည်ဖြစ်ကြောင်း ရန်ကုန်မှအမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လိုင်စင်လျှောက်ရတယ်ဆိုတာက နေပြည်တော်မှာ သွားလျှောက်ရတာ၊ လွယ်တာမဟုတ်ဘူး။ အွန်လိုင်းက လျှောက်တာက မကျတာတွေရှိတယ်၊ ခက်ခဲတာပေါ့။ ပြီးတော့ လိုင်စင်လျှောက်ရင် Export  လုပ်ထားတာ (ပို့ကုန်ဝင်ငွေ) ပြရတာမျိုးရှိတယ်။ ဟိုးအရင်ခေတ်ကလိုဖြစ်သွားတာပေါ့” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် အာမခံသိုလှောင်ရုံငှားရမ်းခြင်းကို ဟောင်ကောင်အခြေစိုက် Kerry Logistic ကုမ္ပဏီနှင့် အခြားကုမ္ပဏီတစ်ခုက ရန်ကုန်နှင့် မန္တလေးတွင် ဝန်ဆောင်မှုပေးနေပြီး စီးပွားရေးကော်ပိုရေးရှင်းများက ကုန်ပစ္စည်းများတင်သွင်းရန် အဓိကအသုံးပြုနေကြောင်း ၎င်းက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရ လက်ထက်က ကုန်သွယ်မှုချော့မွေ့ရန်နှင့် ကုန်ပစ္စည်းများ လွတ်လပ်စွာတင်သွင်းရန် လိုင်စင်များဖြေလျှော့ခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် ဆေးဝါးနှင့် ကျန်းမာရေးအရေးပေါ်ပစ္စည်းများအထိ လိုင်စင်ဖြင့်ပြန်လည်ထိန်းချုပ်လာသည်။

လိုင်စင်ဖြင့်သွင်းကုန်ထိန်းချုပ်ရာတွင် ၁၉၉၇ ခုနှစ်က ကျင့်သုံးခဲ့သည့် ပို့ကုန်ဝင်ငွေ (Export Earning) ရှိမှသာ ကုန်ပစ္စည်းတင်သွင်းခွင့်ရှိစနစ်ကို ပြန်လည်ကျင့်သုံးခဲ့သည်။

စစ်ကောင်စီက စီမံခန့်ခွဲရာတွင် သွင်းကုန်နှင့်ပတ်သက်၍  ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်နေသဖြင့် ရှုပ်ထွေးနေပြီး လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နယ်စပ်မှ သွင်းကုန်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

“ပိုဆိုးဖို့ပဲရှိတယ်။ သူတို့က Import (သွင်းကုန်)ကို ဘာမှပေးမလုပ်စေချင်တာ။ ပြည်တွင်းမှာ ထုတ်နိုင်တယ်လို့ပဲထင်နေတာ။ ပြည်တွင်းဖြစ်ကို အားပေးပါတို့ ဘာတို့လုပ်ချင်တာ။ ဒါပါပဲ” ဟု အမည်မဖော်လိုသည့် ထိုလုပ်ငန်းရှင်က ဆိုသည်။

သွင်းကုန်များကို ကန်သတ်ပိတ်ပင်ထားသည့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ၎င်းတို့ စီမံခန့်ခွဲနေသည့် ကာလတွင် ကုန်သွယ်ရေးလိုငွေမပြကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို ဦးစားပေးကြောင်း မကြာခဏ ပုံဖော်ပြောဆိုလေ့ရှိသည်။

မြန်မာနိုင်ငံသည် စားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးနှင့် အထည်ချုပ်ကဲ့သို့ စက်မှုကုန်ကြမ်းပစ္စည်းကို ပြည်ပမှ အဓိကတင်သွင်းရပြီး သွင်းကုန်များထိန်းချုပ်မှုကြောင့် ပစ္စည်းရှားပြီး ဈေးတက်လာကြောင်းလည်း စီးပွားရေးအသိုင်းအဝိုင်းကဆိုသည်။

တစ်ပြိုင်တည်းတွင် သွင်းကုန် ဆက်လက်ပိတ်ပင်ထားပါက နယ်စပ်မှ မရရသည့်နည်းဖြင့် ကုန်ပစ္စည်းများတင်သွင်းလာနိုင်သဖြင့် မှောင်ခိုဈေးကွက်လည်း ကြီးလာနိုင်ကြောင်း ကုန်သည်များက သုံးသပ်သည်။ myanmar now

ဆားတောင်ရဲစခန်းမှထွက်လာသည့် စစ်ကောင် စီတပ်ဖွဲ့ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း ၊စစ်ကိုင်းမြို့နယ်၊ ဆားတောင်ရဲစခန်းမှထွက်လာသည့် သံချပ်ကာကားနှစ်စီးကို ယနေ့ မတ်လ ၂၆ ရက် နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တစ်စီးပျက်စီးသွားပြီး ထိခိုက်သေဆုံး မှုများရှိနိုင်ကြောင်း နယ်စည်းမခြားစစ်ကိုင်းသားအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုတာနောက ပြောသည်။

“အုန်းတောနဲ့ ဆားတောင်ကြားအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ကားတစ်စီးပျက်စီးသွားပြီး ထိခိုက် သေဆုံးမှုတွေလည်းရှိတယ်လို့ သိရတယ် အတိအကျကိုတော့ မသိသေးဘူး” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်ဖွဲ့သည် အနီးအနားရှိကျေးရွာများသို့ လက်နက်ကြီးလက် နက်ငယ်များဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့သော်လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

“ရမ်းသန်းပစ်ခတ်မှုတွေကြောင့် ပြည်သူတွေအထိအခိုက်မရှိသော်လည်း ကြောက်လန်ပြီး နေ့လယ် ၁၂ နာရီလောက်ထိ စစ်ဘေးရှောင်ပြီးမှ ပြန်လာရတာမျိုးတွေ ရှိတယ်” ဟု ကိုတာနောကပြောသည်။

ယင်းသံချပ်ကာကားနှစ်စီးသည် အုန်းတောရှိ စစ်ကောင်စီတပ်စခန်းသို့ သွားရောက်နေခြင်းဖြစ်ပြီး တပ်မတော်နေ့အတွက် ပြင်ဆင်ရန်ရှိသည်များကိုလုပ်ဆောင်ရန် စေလွှတ်ခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

နယ်စည်းမခြားစစ်ကိုင်းသားတပ်ဖွဲ့အနေဖြင့် မြေပြင်တွင် စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်မှု များ အဓိကပြုလုပ်နေသည့်အဖွဲ့တစ်ခုဖြစ်ပြီး လက်နက်များရှိသော်လည်း ခဲယမ်းမလုံလောက်သည့် အတွက် တိုက်ပွဲများ မဖော်ဆောင်နိုင်သေးကြောင်း၊ ပြည်သူများအနေဖြင့် ခဲယမ်းလိုအပ်ချက်များကို ကူညီဖြည့်ဆည်းပေးရန်အတွက်ကိုလည်း ၎င်းအဖွဲ့က တောင်းဆိုထားသည်။

နယ်စည်းမခြားစစ်ကိုင်းသားတပ်ဖွဲ့သည့် LPDF အဖြစ်ရပ်တည်နေသည့်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အဖွဲ့ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက် သည့် တိုက်ပွဲ ပေါင်း ၁၅ ကြိမ်နှင့် မိုင်းဆွဲတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်ထားသည်။

အဖွဲ့အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်းကို အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ခြင်း နှင့် တော်လှန်ရေးအောင်မြင်ပြီး ဒီမိုကရေစီရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ mizzima

စစ်ကိုင်း-ရွှေဘိုလမ်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်၊ မြောင်မြို့နယ် တိုက်ပွဲတွင် PDF ၅ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မန္တလေး-ရွှေဘိုကားလမ်းမပေါ် သစ်ကုန်း ကျေး ရွာ အနီး တွင် အကြမ်း ဖက်စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီး ပျက်စီး ခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသား တပ်ဖွဲ့မှ ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ မတ်လ ၂၆ ရက် နံနက် ၅ နာရီ ၄၇ မိနစ်အချိန် ဆားတောင်ရဲစခန်းမှ စစ် ကိုင်း တပ်မ ၃၃ သို့ ပြန်လာ သောအကြမ်းဖက် သံပြားကာ အကြမ်း ဖက် စစ် ကား ၂ စီးကို နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့နှင့် ဆား တောင်မိုးကြိုးတပ်ဖွဲ့က ပဒေသာ မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားတစ်စီး နောက်ဘီးပွင့်ထွက်သွားပြီး ကွယ်ပုံရွာ ထိပ်အရောက်ထိုးရပ်သွားကြောင်း သိရ သည်။

စစ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်တပ်က လက် နက် ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း၊ ပျက်စီး သွားသော အကြမ်းဖက်စစ်ကားကို လမ်းပေါ်ရှိ ပြည်သူ့ကားများကို အကာ အကွယ်ယူ ကာ ပြင်ဆင်မောင်းနှင်သွားကြောင်း၊ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ များက လိုက်လံတိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း ပြည်သူ့ကားများ ကပ်ပါ လာသည့်အတွက် ရှောင်တိမ်းပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတိုက်ပွဲတွင် ရဲဘော် ၅ ဦးကျဆုံးခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)က ယနေ့ သတင်းထုတ်ပြန်သည်။

မတ်လ ၂၄ ရက်နေ့ မြောင်မြို့နယ်အတွင်းလှည့်လည်စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်ကောင်စီ ဘီလူးစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ မြောင်မြို့ နယ်တော်လှန်ရေးတပ် (MRA) တပ်ဖွဲ့မှ ရဲဘော်ဖေကြီး၊ ရဲဘော် ပွကြီး၊ ရဲဘော် အရှည်ကြီး၊ ရဲဘော် ဘီလူး၊ ရဲဘော်ကျောက်ဆည် တို့သည် တိုင်းပြည်နှင့် ဒီမိုက ရေ စီ တိုက်ပွဲအတွက် မြင့်မြတ်စွာကျ ဆုံးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်၏ သတင်းထုတ်ပြန်ချက်တွင်မူ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် မြောင်မြို့နယ်၊ လက်ယက်မကျေးရွာအနီးတိုက် ပွဲဖြစ်သဖြင့် PDF အလောင်း ၅ လောင်း၊ M 22 သေနတ် ၅ လက်၊ ကျည်အိမ်၊ ကျည်ဆန်၊ လက် လုပ် သေနတ်၊ လက်လုပ်စိန်ပြောင်း၊ ဘက် ထရီ၊ ဆိုလာပြား၊ ကားတစ်စီး တို့ကို သိမ်း ဆည်းရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။khit thit

မန္တလေးတိုင်း ဝန်ကြီးချုပ်ယာဉ်တန်း တိုက် ခိုက်ခံရ၊ စစ်သား ၁၂ ဦးအပါအဝင် ၁၄ ဦးသေ ဆုံး

စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၂ ယောက်နဲ့ ဝန်ထမ်းအကြီးအကဲ ၂ ယောက် သေဆုံးတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

မတ် ၂၄ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့တွေဟာ မန္တလေးမြို့ထဲကို ဝင်ရောက်ပြီး မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့ ယာဉ်တန်းကို မိုင်းခွဲခဲ့တာပါ။

မန္တလေးမြို့လယ်ခေါင် တိုင်းအစိုးရအဖွဲ့ရုံးနားမှာပဲ ပဒေသာမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယာဉ်တန်းက မော်တော်ယာဉ်တွေ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ကြေညာချက်ထုတ်ပြန်တဲ့ အချိန်အထိ စစ်သား ၁၂ ယောက်၊ ဝန်ထမ်းအကြီးအကဲ ၂ ယောက် ပွဲချင်းပြီးသေဆုံးတာကို အတည်ပြုနိုင်တယ်လို့လည်း ဆိုပါတယ်။

“စစ်ဆင်ရေးမှာတော့ ကျနော်တို့ဘက်က ထိခိုက် ဒဏ်ရာရတာ တစုံတရာမရှိခဲ့ပါဘူးဗျ။ လောလောဆယ် အတည်ပြုပြီး ရန်သူ ၁၂ ယောက်ကျပါတယ်။ ထပ်သိရတာတော့ မရှိသေးပါဘူးဗျ” လို့  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမျိုးအောင်ရဲ့ နောက်ဆုံးအခြေအနေကိုလည်း စုံစမ်းထောက်လှမ်းနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး) ရဲ့ စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။DVB

« Older Entries