Monthly Archives: Mar 2023

မရမ်းချောင်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာရှိ စစ်ကောင်စီ မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးဂိတ်ကို မတ် ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီလောက်မှာ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ဌာနပေါင်းစုံပါဝင်တဲ့ စစ်ကောင်စီ မရမ်းချောင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ PDF ပူးပေါင်းတပ်က ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ ဗုံးသီးလေးလုံးဟာ စစ်ဆေးရေးဂိတ် အဆောက်အဦနဲ့ ယာဉ်သွားယာဥ်လာ မရှိသေးတဲ့ ယာဉ်စစ်ဆေးတဲ့ နေရာအပေါ် ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဆိုပါတယ်။

တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အနီးပတ်ဝန်းကျင် နေရာတချို့ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းသမ်းပစ်ခတ်တာ‌တွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ် ထောက်ခံသူ တယ်လီဂရမ်အကောင့်တွေမှာတော့ ဒရုန်းနဲ့တိုက်ခိုက်မှုမှာ တာဝန်ကျ  ဒုရဲမှူး ကျော်သန်းဝင်းနဲ့ ရဲတပ်သား ကျော်လင်းထွန်းတို့ (မစိုးရိမ်ရ) ဒဏ်ရာတွေသာ ရရှိခဲ့တယ်လို့ ဝါဒဖြန့်ပါတယ်။

မရမ်းချောင်စစ်ဆေး‌ရေးဂိတ်ဟာ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ကားတွေကို ငွေကြေးအဆမတန် တောင်းခံတာနဲ့ ခရီးသွားပြည်သူတွေကို မကြာခဏ ရိုက်နှက်နှိပ်စက်တာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။DVB

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိနေ

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်  ၁၁ ကျော်ကာလအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုလိုငွေ  အမေရိကန်ဒေါ်လာ သန်း ၇၅၀ ကျော်ရှိနေတယ်လို့ စစ်ကောင်စီ လက်အောက်ခံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီဟာ ကုန်သွယ်ရေး ပိုငွေပြနိုင်ဖို့ ပြည်ပကနေ သွင်းကုန်ပစ္စည်းတင်သွင်းမှုကို ရနိုင်သမျှ ထိန်းချုပ် ကန့်သတ်နေပေမဲ့ အခု ဘဏ္ဍာနှစ်မှာ ပို့ကုန်တင်ပို့မှုထက် သွင်းကုန်တင်သွင်းတဲ့ ပမာဏက ကန်ဒေါ်လာသန်း ၇၅၀ ကျော် ပိုများနေပြီး ကုန်သွယ်မှုလိုငွေပြမှု အမေရိ ကန်ဒေါ်လာ သန်း ၇၅၀ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။

စီးပွားကူးသန်း ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ ကုန်သွယ်မှု စာရင်းအရဆိုရင် လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်   ဧပြီ ၁  ရက်ကနေ  မတ်လ ၁၇  ရက်နေ့အထိ  ၁၁ ကျော် ကာလအတွင်း မှာ  ပို့ကုန်ကို  ကန်ဒေါ်လာ ၁ ဒသမ ၃၆၉ ဘီလီယံဖိုး တင်ပို့ထားပြီး သွင်းကုန်ကို ကန်ဒေါ်လာ ၁၄ ဒသမ ၀၅၉ သန်းထိ တင်သွင်းထားတာ တွေ့ရပါတယ်။

အခုနှစ် သွင်းကုန်ကဏ္ဍမှာ လူသုံးကုန်ပစ္စည်းတင်သွင်းမှုကလွဲပြီး ကျန်တဲ့ရင်းနှီးမြှပ်နှံမှုကုန်ပစ္စည်း လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနဲ့ CMP ပစ္စည်း တင်သွင်းမှုတို့မှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ယှဉ်ရင် အသီးသီးမြင့် တက်နေပါတယ်။

စီးပွားရေး လုပ်ငန်းလုပ်ကိုင်သူတွေကတော့  စစ်ကောင်စီလက်ထက်မှာ ငွေကြေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းအပြောင်းအလဲတွေ များတာကြောင့် လုပ်ငန်းဆောင်ရွက်ရာမှာ မရေရာမှုတွေ ၊ လုပ်ငန်းစဉ် ကြန့်ကြာမှုတွေ ဖြစ်စေတယ်လို့ ဆိုကြပါတယ်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက “မြန်မာပြည်မှာ အလုပ်လုပ်ရတာက အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ပြောင်းတတ်တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ လိုက်လုပ်နေရတာနဲ့ ရှေ့မရောက်ဘူး။ သွင်းကုန်လိုင်စင် တစ်စောင်ရဖို့ကို တော်တော်လေး ခက်ခဲတယ်။ ပို့ကုန်သမားလည်း ပို့ကုန်သမားအရောက် ဒီမူဝါဒ အပြောင်းအလဲ တွေကြောင့် အခက်အခဲရှိနေတာပဲ”လို့ ပြောပါတယ်။

အခုနှစ် ပို့ကုန်ကဏ္ဍမှာတော့ လယ်ယာထွက်ကုန်တင်ပို့မှု စုစုပေါင်းက ကန်‌ဒေါ်လာ ၃.၈ ဘီလီယံ၊ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ သန်း ၇၀၀ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ  ၃၂၈ သန်း၊ အခြားပစ္စည်း တင်ပို့မှုက ကန်ဒေါ်လာ သန်း ၄၀၀ ကျော် အသီးသီးရှိခဲ့ပြီး  ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူ အခြေအနေနဲ့ နှိုင်းယှဉ်ရင် လယ်ယာထွက်ကုန်မှာ ကန်ဒေါ်လာ သန်း ၄၀ကျော်၊ ရေထွက်ပစ္စည်း တင်ပို့မှုမှာ ကန် ဒေါ်လာ သန်း၆၀ကျော်၊ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာသန်း ၃၀၀ ကျော်နဲ့ အခြားပစ္စည်း တင်ပို့မှုမှာ ကန်ဒေါ်လာ သန်း ၃၄၀ ကျော် ကာလတူထက်  အသီးသီး လျော့ကျနေပါတယ်။

စက်မှုကုန်ချောပစ္စည်းနဲ့ တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုတို့မှာတော့ ပြီးခဲ့တဲ့ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှု ထက် ပိုမြင့်တက်နေတာတွေ့ရပြီး စက်မှုကုန်ချောပစ္စည်းက ကန်ဒေါ်လာ   ၂ ဒသမ ၁ ဘီလီယံ ကျော်၊ တိရတ္ဆန် ထွက်ပစ္စည်းက ကန်ဒေါ်လာ ၁၂ သန်းကျော် ပိုတင်ပို့ထားပါတယ်။

ပို့ကုန်ကဏ္ဍမှာလည်း  နိုင်ငံခြားငွေကို ကျပ်ငွေမဖြစ်မနေ လဲလှယ်ရမယ်ဆိုတဲ့ မူဝါဒအပြင် လုပ်ထုံး လုပ်နည်း စည်းမျဉ်း အပြောင်းအလဲများစွာကြောင့် လုပ်ငန်းစဉ် နှောင့်‌နှေးမှုတွေရှိနေပြီး၊ လမ်းပိုင်းလုံခြုံရေး အခြေအနေအခက်အခဲ‌‌တွေကြောင့်လည်း ကုန်စည်သယ်ယူပို့ဆောင်ရေးမှာ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပါတယ်။  ဒါ့အပြင်  လျှပ်စစ်မီးပြတ်တောက်မှုကလည်း  လုပ်ငန်းလည်ပတ်မှုတွေအပေါ် ကြီးမားတဲ့ အဟန့်အ တား ဖြစ် နေပါတယ်။

ပို့ကုန်လုပ်ငန်းရှင်တယောက်က “မူဝါဒအပါအဝင် ပြဿနာတွေက အများကြီးပဲ။ လမ်းပိုင်းလုံခြုံရေး ပြဿနာလည်းပါတယ်။ သတိထားပြီး သွားလာနေရတယ်၊ အချိန်ကြန့်ကြာတာပေါ့ ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍ အခြအနေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံ ကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၃၆ ဘီလီယံကျော်   ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ဘီလီယံ  ၃၀ ကျော်အသီးရှိခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ် ၁၁ လကျော် ကာလမှာ အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံကျော် ရှိထားပါတယ်။ 

ဒီကိန်းဂဏန်တွေအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးဟာ ဘီယီယံနဲ့ချီပြီး လျော့ကျနေဆဲ ဖြစ်ပါတယ်။DVB

ဘုတလင်မြို့အနီးတွင်ကျဆုံးခဲ့သည့် ချင်းကာ ကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးကို သင်္ဂြိုဟ်ပြီးစီး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသော ရဲဘော်နှစ်ဦးကို ကောင်းမွန်စွာသင်္ဂြိုဟ်ပြီးစီးကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ ချင်းအမျိုးသားကာကွယ် ရေးတပ်မတော် (CNO/CNDF)က ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၅ ရက်နေ့က တာဝန်ဖြင့်ခရီးသွားနေသည့် ရဲဘော်သုံးဦးအနက် ဆလိုင်းဇာနည်အောင်(၂၀နှစ်) နှင့် ဆလိုင်းဒေးဗစ်လာလ်ထန်လျန်(၂၁နှစ်)တို့ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်းဖြစ် သည်။

အာဇာနည်နှစ်ဦး၏ ကြွင်းကျန်သောရုပ်အလောင်းများကို ခရစ်ယာန်ထုံးတမ်းအရ ကောင်းမွန်စွာသင်္ဂြိုဟ် ပြီးစီးကြောင်းနှင့် ရဲဘော်တို့ ၏ ပေးဆပ်မှုကို ပြည်သူများနှင့် CNO/CNDF မှ ဂုဏ်ပြုတမ်းတင် အမှတ်ရ လျက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

ကလေးဝတွင် စစ်ကောင်စီစစ်ကြောင်း အတိုက်ခံရပြီး လေကြောင်းမှ ဗုံးချ

စစ်ကိုင်းတိုင်း၊ ကလေးဝမြို့နယ်အတွင်း အင်အား ရာဂဏန်းရှိ စစ်ကောင်စီ စစ်ကြောင်းကို မတ် ၂၆ တွင် ကြားဖြတ်တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးသည်၊ တိုက်ပွဲအပြီးတွင် လေတပ်ကလည်း လာရောက် ပစ်ခတ်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့က ပြောသည်။

ပြည်သူ့စစ် ခေါ်  ပျူစောထီး အခြေစိုက်ရွာများကို ရိက္ခာလာပို့သည်ဟု ယူဆရသည့် ထိုစစ်ကြောင်း မုံရွာ-ယာကြီး-ကလေးဝ လမ်းအတိုင်း ချီတက်လာစဉ် ကလေးဝမြို့မှ ၃ မိုင်ခန့်အကွာ တီးတုန်းရွာအနီးအရောက် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ် ရေးတပ်မတော် (PDF) ၏  ကလေးဝမြို့နယ် အခြေစိုက် ကလေးခရိုင်  တပ်ရင်း ၉၊ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပက ဖ) တို့ ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်။

နံနက် ၁၀ နာရီဝန်းကျင်မှ စ၍ နှစ်နာရီကြာ တိုက်ပွဲဖြစ်ပြီး မွန်းလွဲ ၁ နာရီဝန်းကျင်တွင် လေယာဉ်ဖြင့် နာရီဝက်ခန့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ကလေးဝမြို့နယ် ပကဖ ဒုတာဝန်ခံက ပြောသည်။ 

“ နေ့လယ် ၁ နာရီနီးနီးလောက်မှာ အလောင်း တစ်လောင်း တွေ့ တယ်။ လက်နက် တစ်လက် ရခဲ့တယ်။ ကျွန်တော်တို့ ပြန်ဆုတ်တဲ့အချိန်မှာ လေယာဉ်နဲ့ လာပြီးတော့ထပ်ပစ်တယ်။ ကျွန်တော်တို့ဘက်က အထိခိုက်တော့ မရှိဘူး၊ ရှောင်ပြီးတော့နေတာပေါ့။  …..လေယာဉ်လာပြီး ပစ်ပြီးတော့ နောက်ထပ် ရှင်းလင်းရေး ဝင်တော့ အလောင်း လာကောက်သွားပြီ” ဟု ပကဖ ဒုတာဝန်ခံက ဆိုသည်။

တိုက်ပွဲအတွင်း သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ပတ်သက်၍ အသေးစိတ် မသိရသော်လည်း ၎င်း၏  MA 3   သေနတ်ဒင်တွင် ခလရ ၈၉ ဟု ရေးသား ထားကြောင်း သိရသည်။

နင်းမိုင်း ၃ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဘောက် ၉ ခု၊ ကျည်ဆန် ၅၀၀ ကျော်နှင့် လက်ကိုင်ဖုန်း ၃ လုံးလည်း သိမ်းဆည်းရမိသည်ဟု ဆို သည်။

“အကျအဆုံးတော့ အဲ့ဒီတစ်ယောက်ပဲ တွေ့ပါတယ်။ သာမန်တော့မဖြစ်နိုင်ဘူး၊ သူ့ဖုန်းကို ကြည့်ရတဲ့အတိုင်း အတာအရတော့ လေယာဉ်ပေါ်မှာ ရိုက်ထားတဲ့ပုံလည်း ပါတယ်ဆိုတော့လေ။ ဖုန်းက အလောင်းမှာတွေ့ရတာ။ သူကိုင်တဲ့ (ကျည်)ဘောက် ၄ ဘောက်လည်းတွေ့တယ်” ဟု ပကဖ ဒုတာဝန်ခံက ပြောသည်။

ကလေးမြို့ အခြေစိုက် ခလရ ၈၉ သည် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ- ကလေး) လက်အောက်ခံ တပ်ရင်း ၄ ခု အနက် တစ်ခု ဖြစ်သည်။အဆိုပါ စစ်ကြောင်းသည် မင်းကင်းမြို့နယ်မှ ချီတက်လာစဉ် ကလေးဝမြို့နယ်အတွင်း အတိုက်ခံရခြင်း ဖြစ်သည်။

မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အခြေချ တပ်စွဲထားသည်။

ပျူစောထီး အင်အားများသဖြင့် ပျူရွာ ဟု လူသိများသည့် ကျော်ရွာနှင့် ကြာပင်ရွာကို ကလေးဝမြို့နယ်မှ တဆင့် စစ်ကြောင်းဖြင့် လက်နက်ခဲယမ်း ထောက်ပံ့ပို့ဆောင်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မင်းကင်းမြို့နယ်သည် စစ်ကောင်စီနှင့်နီးစပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မြင့်၏ ဇာတိဖြစ်ပြီး ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲများတွင် ၎င်းက နှစ်ကြိမ်ဆက် အနိုင်ရ ထားသောဒေသဖြစ်သော်လည်း တောင်တွင်းချောင်ဒေသသည် လက်နက်ကိုင်ခုခံမှု အားကောင်းသည်။

တောင်တွင်းချောင်ဒေသမှာ မင်းကင်းမြို့နယ် အနောက်ခြမ်း တောင်နှစ်ခုကြားတွင် တည်ရှိပြီး ကျေးရွာ ၄၂ ရွာ ပါဝင်သည်။

ခုခံမှု အားကောင်းပြီး တိုက်ပွဲပြင်းထန်သည့်ဒေသများတွင် စစ်တပ်က လေကြောင်းကို အားပြုပြီး တိုက်ခိုက်လေ့ရှိရာ  ယနေ့ (မတ် ၂၇) နံနက် ၄ နာရီခန့်ကလည်း လေတပ်က  ကန့်ဘလူမြို့နယ်မြောက်ပိုင်း ကျေးရွာ နှစ်ရွာအနီး  ဗုံးနှစ်လုံးကျဲချခဲ့သည်။

ကန့်ဘလူမြို့မြောက်ဘက် မိုင် ၂၀ ကျော်အကွာရှိ ပင့်သာကြီးရွာနှင့်အုပ်ခင်းရွာကြားတွင် ထိုဗုံးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ထိခိုက် ဒဏ်ရာရမှု မရှိကြောင်း ဒေသခံများက ဆိုသည်။

သို့သော်လည်း ဒေသခံအများစုမှာ ရွာတွင် မနေထိုင်ရဲ တော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြ ကြောင်း ပင့်သာကြီးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“လေယာဉ်က ဝေါဝေါနဲ့အသံကြားတော့ ဂျက်ဖိုက်တာလာပြီဆိုတာတော့ သိလိုက်တယ်။ ဂျက်ဖိုက်တာ လာပြီ ပြောနေတုန်း ကျဲသွားတာဆိုတော့ ဒေသခံတွေကတော့ ကျဲသွားမှသိလိုက်တာ။ ဒေသခံတွေကတော့ ကြောက် အားကြီးပြီး ထွက်ပြေးကြတယ်။ ရွာထဲ မနေရဲကြတော့ဘူး” ဟု သူက ဆိုသည်။

ဗုံးကျသည့် နေရာတွင် မည်သူမျှ မရှိဟု ရွာသူရွာသားများက ပြောသည်။ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း အလားတူ ပြောကြားပြီး  ဗုံးကျပေါက်ကွဲသည့်နေရာကို လုံခြုံရေးအခြေအနေအရ သွားရောက်မစစ်ဆေးနိုင်သေးကြောင်း   ပြောသည်။

“ဘာစခန်းမှရှိလို့ ကျဲတာမဟုတ်ဘူး။ ဘာတိုက်ပွဲမှလည်းမရှိဘဲ ကျဲသွားတာ။ ရွာပေါ်မကျတာကို ကံကောင်းတာ၊ ကင်းထောက်လေယာဉ်တွေ ဝဲတာတော့ သုံး၊ လေးရက်လောက်ရှိပြီ” ဟု ၎င်းက ဆိုသည်။

ဗုံးကျဲခံရသည့် ရွာများ၏ အနောက်ဘက် ၂ မိုင်အကွာတွင် စစ်သားအင်အား ၆၀ ခန့် တပ်စွဲထားသည့် ပျူစောထီး အားကောင်းရာ ချပ်ကြီးကျေးရွာရှိသည်။

ထိုရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းကို မတ်လ  ၂  ရက်နေ့တွင် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်မီးရှို့ပြီးနောက် အဆိုပါစစ်သား ၆၀ ဖြင့် အင်အားဖြည့်ထားသည်။

ချပ်ကြီးရွာရှိ ပျူစောထီးများ တိုက်ခိုက်ခံရစဉ်ကလည်း စစ်တပ်က လေကြောင်းမှ နှစ်ကြိမ် ပစ်ကူခဲ့သည်။

လက်နက်ကိုင်တော်လှန်ရေးကောင်းသည့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ချင်း၊ ကယား (ကရင်နီ)တို့မှ မြို့နယ် ၄၀ ကို ဖေဖော်ဝါရီအတွင်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီးနောက် စစ်ရေးပိုမိုပြင်းထန်လာပြီး တိုက်ပွဲများ ခပ်စိတ်စိတ် ဖြစ်ပွားနေကာ ဒေသတွင်း စစ်ရေးပြင်းထန်နေသည်။ myanmar now

ကလေးမြို့တွင် စသုံးလုံးရုံး တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ  မတ် ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့  စစ်ကောင်စီတပ်သားတွေက မြို့တွင်း နေရာအနှံ့အပြားမှာ လုံခြုံရေးရယူထားတဲ့ကြားက မြို့တွင်းနေရာတချို့မှာလည်း ပေါက်ကွဲသံတွေ၊ လက်နက်ကြီးသံတွေ ကြားခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကလေးမြို့ပြစစ်ဆင်ရေး Special Underground တပ်ဖွဲ့က တောင်ဇလပ်ရပ်ကွက်ရှိ စသုံးလုံးရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် ကလေးမြို့တွင်းမှာရှိတဲ့ စစ်တပ်တွေကနေ မြို့နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တယ်လို့ SUG က အဖွဲ့ဝင်တဦးက ပြောပါတယ်။

“စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအ‌ခြေအနေကိုတော့ မသိခဲ့ရဘူး။ သူတို့က ကျနော်တို့ လက်နက်ကြီးနဲ့ပစ်ပြီး သိပ်မကြာခင် လက်နက်ကြီး‌တွေနဲ့ ထုတာ။ ကျနော်တို့အထင်တော့ စစ်သားဘက်က အကောင်ကြီးတစ်ကောင်လောက်ကျလို့ အဲဒီလောက် လုပ်နေတာလို့ ခန့်မှန်းရတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး။”

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် မြို့နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်း ကျေးရွာက ဒေသခံတွေအနေနဲ့ ထိတ်လန့်ကြောက်ရွံ့နေကြရတယ်လို့ ကျေးရွာဒေသခံတွေက ပြောပါတယ်။

ကလေးမြို့တွင်းမှာလည်း စစ်ကောင်စီက ဒေသခံပြည်သူတွေကို မတ် ၂၆ ရက်က ၇၈ နှစ်မြောက် တပ်မတော်နေ့အကြိုအဖြစ် စစ်တပ်ဝါဒဖြန့် လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့ပါတယ်။DVB

ဟားခါးမြို့တွင် မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု HCC သတိပေး

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် လျှပ်စစ်မီတာခကောက်ခံပါက ပစ်ခတ်ဖမ်းဆီးမည်ဟု ဟားခါး မြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (Hakha Circle Council) မှ ယနေ့ မတ်လ ၂၇ ရက်တွင် ထုတ်ပြန် ထားသည်။

၂၀၂၃ ခုနှစ်၊ ဧပြီလမှစတင်ကာ ဟားခါးမြို့ပေါ်တွင် မီတာခကောက်ခံရန် ချင်းပြည်နယ်ရှိ စစ်ကောင်စီခန့် ဝန်ကြီးချုပ်မှ ၎င်း၏လက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ ညွှန်ကြားထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတော်အာဏာကို ဥပဒေမဲ့သိမ်းယူပြီးနောက်တွင် မြန်မာနိုင်ငံရှိ ဥပဒေအားလုံးသည် ပျက်ပြယ်သွားသည်ဟု HCC အနေဖြင့်ခံယူကြောင်း ဆိုသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မီတာခ ကောက် ခံမှုတွင် မပါဝင်ကြရန်နှင့် မီတာခကို (လုံးဝ) ပေးသွင်းခြင်းမပြုကြရန် ထုတ်ပြန်ချက်၌ အသိပေး ထား သည်။

ထို့ပြင် တော်လှန်ရေးကာလအတွင်း ကျင့်သုံးရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများအရ ဟားခါးမြို့ပေါ်ရှိ ပြည်သူလူထုမှ ပြည်သူ့အုပ်ချုပ်ရေးကောင်စီ (HCC) ၏ အသိပေးအကြောင်းကြားခြင်းမပါရှိဘဲ မည်သည့် အခွန်အခများကိုမှ ပေးသွင်းရန်မလိုအပ်ကြောင်း ဆိုသည်။

လျှပ်စစ်မီတာခ ကောက်ခံဆောင်ရွက်ရန် လမ်းညွှန်ချက်များပေးသော ဝန်ကြီးချုပ်အပါအဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ လျှပ်စစ်ဝန်ထမ်းများကိုပါ လိုအပ်သလို အရေးယူဆောင်ရွက်သွားမည်ဟုလည်း HCC ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

မီတာခကောက်ခံခြင်းအပြင် ပြည်သူလူထုအားနှောက်ယှက်ခြင်းများ ပြုလုပ်ပါကလည်း ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်းအားဖြင့် လိုအပ်သကဲ့သို့ အရေးယူဆောင်ရွက်သွားမည် ဟုလည်းဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ချင်းပြည်နယ်မှ မြို့နယ်အချို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ဟားခါးမြို့နယ်လည်း ပါဝင်ခဲ့သည်။ mizzima

နေပြည်တော် အနီးရှိ ရဲကင်းစခန်းကို တော် လှန်ရေးအဖွဲ့တိုက်ခိုက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော် မြောက်ဘက် မိုင် ၆၀ ဝန်းကျင်အကွာ၊ မန္တလေးတိုင်း ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်းကို ယနေ့ (မတ် ၂၇) မွန်းလွဲပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ အလယ်ပိုင်းတိုင်းတော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစု (CRC-PLA) အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်။

မောင်းပြန်သေနတ် ငါးလက်ဖြင့် မိနစ်ပိုင်းမျှ တရစပ်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြောင်း၊ တော်လှန်ရေးအဖွဲ့ဝင်များ ဘေးကင်းကြောင်း CRC-PLA တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့ပစ်ခွင့်မရအောင် စခန်းရဲ့ အပေါက်ဝကနေပြီးတော့ သူတို့ရဲ့ဘန်ကာတွေရော၊ အထဲတွေရော ပစ်တာဗျ။ အဲ့ဒီမှာ ဘန်ကာထဲက ခုန်ချပြေးနေတာတွေကို ကျွန်တော်တို့ လိုက်ပစ်တာရှိတယ်” ဟု ၎င်းက ဆိုသည်။

CRC-PLA က ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် ကာကွယ်ရေးအဖွဲ့များက ဆိုင်ကယ်ဖြင့် စခန်းအနီး ချဉ်းကပ်မောင်းနင်ပြီး ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။ အသေးစိတ်ကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီက နှုတ်ဆိတ်နေဆဲဖြစ်သည်။

နေပြည်တော်တွင် စစ်ခေါင်းဆောင် ကိုယ်တိုင်တက်ရောက်သည့် တပ်မတော်နေ့အခမ်းအနား ကျင်းပသည့်နေ့တွင် အာဏာသိမ်းမှုကို ဆန့် ကျင်သည့် အင်အားစုများက တော်လှန်ရန် အသင့်ရှိကြောင်း ပြသခြင်းဖြစ်သည်ဟု အထက်ပါ CRC-PLA တာဝန်ရှိသူက ပြောသည်။

CRC-PLA အဖွဲ့ကို မိတ္တီလာခရိုင်နှင့် နိုင်ငံအလယ်ပိုင်းမှ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသူများဖြင့် စုဖွဲ့ထားခြင်းဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အားကောင်းသည့် ပျော်ဘွယ်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့တို့က စစ်ယာဉ်တန်းများကို ရံဖန်ရံခါ မိုင်းဆွဲတိုက်ခိုက်သည့် ဖြစ်စဉ်များ ရှိခဲ့သည်။ သို့သော် ယခုကဲ့သို့ ရဲစခန်းကို တော်လှန်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

အာဏာသိမ်းပြီး နှစ်နှစ်နီးပါးအတွင်း စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံနေကြရာ စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့အများအပြား အခြေစိုက်ပြီး လမ်း ပန်းဆက်သွယ်ရေး ကောင်းသည့် မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံနှင့် ကျောက်ဆည်ဒေသများလည်းပါဝင်သည်။

တောတောင်ထူထပ်မှုမရှိသည့် ထိုဒေသတွင် တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီကို ပြောက်ကျားနည်းဖြင့်သာ တိုက်ခိုက်နိုင်ကြသည်။myanmar now

၂ နှစ်ကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ပြည်သူ ၃၁၆၆ ဦးကို သတ်ဖြတ်၊ ၂၀၈၀၀ ကျော်ကို ဖမ်းဆီး

မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၆၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၈၇၇ ယောက် ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၇ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၇,၀၀၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၅,၂၂၈ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

တော်လှန်ရေးနဲ့ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၈ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၁၅၀ ရှိလာခဲ့ပြီဖြစ်ပါတယ်။

လတ်တလောအချိန်ထိ ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၈၄၄ ယောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်က တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုကို အကြမ်းဖက်စစ်အုပ်စုတပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းလာပြီးနောက် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် မတ် ၂၅ ရက်မှာတော့ အကြမ်းဖက်စစ်အုပ်စုက ပုလောမြို့နယ်အတွင်းက ပုလောကုန်းကျေးရွာသား ဦးတင်ဦးကို ဖမ်းဆီးသတ်ဖြတ် ခဲ့တဲ့အပြင် ပုလောမြို့နယ်၊ နတ်အိမ်တောင်ကျေးရွာသား ကိုမျိုးမင်းသူဟာလည်း စစ်ဘေးရှောင်နေချိန် အကြမ်းဖက်စစ်အုပ်စုတပ်နဲ့ ထိပ်တိုက်တွေ့ကာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ အေအေပီပီက ပြောပါ တယ်။

ဒါ့အပြင် မတ် ၂၃ ရက်ညနေ ၄ နာရီကျော်လောက်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်ထဲက ညောင်ဇင်ကြီးကျေး ရွာကို အင်အား ၁၅၀ လောက် ပါဝင်တဲ့ အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီးနောက် စိတ်ကျန်းမာရေးမကောင်းသူ ကိုထွန်းမင်းဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃၂ လုံး၊ ဆိုင်ကယ် ၁၇ စီးအပြင် လယ်ယာသုံးစက်ပစ္စည်းတွေနဲ့ စပါးတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။DVB

« Older Entries