Monthly Archives: Mar 2023

တိုက်ပွဲများကြောင့် ကျုံဒိုးမြို့ ဒေသခံ ၇၀၀၀ ကျော် တိမ်းရှောင်နေရ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးဒေသတွင် မတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်နှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့များက မြို့အတွင်း နေရာယူထားသည်ဟု   ဒေသခံများထံမှ သိရသည်။

ကျုံဒိုးမြို့တွင်းလမ်းမများကို  စစ်ကောင်စီနှင့် BGF တပ်ဖွဲ့များက ပိတ်ဆို့ထားကြောင်း ဒေသခံများကို မတ်လ ၂၈ ရက်နေ့ နက်ပိုင်း ၈ နာရီအချိန်အထိ ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

“မြို့ပေါ်မှာ ဒေသခံက ရာခိုင်နှုန်း ၂၀ လောက်ပဲကျန်တော့မယ်။ ဒေသခံ ၇,၀၀၀ ကျော်နေပြီ ထွက်ပြေးနေကြရတာ။ မြို့မှာ စစ်ကောင်စီနဲ့ BGF တွေပဲ ရှိတော့တာဖြစ်လို့ ပြန်လို့လည်းမရကြသေးဘူး” ဟု ကော့ကရိတ်ဒေသစစ်ရှောင်အရေးကူညီနေသည့် အမျိုးသမီးတစ်ဦးက Myanmar Now သို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျုံဒိုးမြို့ပေါ်မှ ကျွန်းကလေး ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ နှင့် ကွက်သစ် ၂ ရပ်ကွက်နှင့် ဂျိုင်းမြစ်တစ်ဖက်ကမ်း ကျေးရွာများဖြစ်သော ကမ်းနီး၊ ညောင်ရိပ်သာ၊ သရက်တော၊ ကော့ကာကော့၊ ကျိုက်ကမ်းနီ အစရှိသည့်ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“နီးစပ်ရာ ဆွေမျိုးအိမ်တွေ၊ တောနားတောင်နားတွေပဲ လိုက်ပုန်းရတာပဲ။ နှစ်ခါရှိပြီ ကျုံဒိုးကနေ စစ်ရှောင်ရတာ။ အခုထိ ကျုံဒိုးမြို့က လမ်းတွေကို စစ်ကောင်စီနဲ့ BGF တွေပိတ်ထားတုန်းပဲ။ မြို့ပေါ်ကျန်ခဲ့သူက ၂၀ ရာခိုင်နှုန်းလောက်ပဲကျန်တော့မယ်” ဟု ကျုံဒိုးမြို့စစ်ရှောင်အမျိုး သားတစ်ဦးက Myanmar Now သို့ပြောသည်။

မတ်လ ၂၅ ရက်နေ့ ကျုံဒိုးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်သားသေဆုံးမှု အနည်းဆုံး ၁၅ ဦးရှိခဲ့ပြီး ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Lion Battalion Commando Special Forces ဗျူဟာစစ်ကြောင်းက ယနေ့မွန်းလွဲ ၂နာရီခွဲတွင် သတင်းထုတ်ပြန်ထား သည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) လက်အောက်ခံ ပူးပေါင်းတပ်များနှင့်  ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူး ပေါင်းတပ်များပါဝင်သည့် စစ်ကြောင်းက ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅နှင့် ၅၄၆ တပ်ရင်းများ၊ ကျုံဒိုးရဲစခန်းနှင့် ဂျိုင်းမြစ်ကူးတံတားနှင့် ငါးတိုင် အလယ်တန်းစာသင်ကျောင်းဝင်းအတွင်း တပ်စွဲထားသည့် စစ်သားများနှင့် BGF တပ်ဖွဲ့ဝင်များကို မတ်လ ၂၅ ရက်နေ့ နံနက် ၇ နာရီခွဲတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထိုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျုံဒိုးမြို့ရဲစခန်းနှင့် အခြားနေရာများ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက အနီးအနားကျေးရွာများသို့ Mi35 ရဟတ်ယာဉ်နှစ်စင်း စေလွှတ် တိုက်ခိုက်သလို  လက်နက်ကြီးများနှင့်ပါ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ကျုံဒိုးမြို့အဝင်တွင်ရှိသည့် စစ်ကောင်စီ၏ တပ်ရင်းအမှတ် ၅၄၅ နှင့် ၅၄၆ တို့က လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် လူနေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးသည်၊ အပျက်အစီးမှာ  ကွက်သစ် ၂ ရပ်ကွက်တွင် ပိုမိုများပြားသည်ဟု ဒေသခံများက ပြောသည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် ကျုံဒိုးမြို့တွင် မတ်လ ၂၅ နှင့် ၂၆ ရက်နေ့များက  လက်နက်ကြီးဒဏ်ကြောင့် ဒေသခံ ၄ ဦးသေဆုံးခဲ့ကြောင်း  စစ်ရှောင်များကပြောသည်။

မတ်လ ၂၅ ရက်နေ့ နံနက်တွင်ပင် ကျုံဒိုးနှင့် ၃၅ မိုင်ကျော်ကွာဝေးသော မြဝတီကုန်သွယ်ရေးဇုန်နှင့် သင်္ကန်းညီနောင်ရဲစခန်းတို့ကို  ပူးပေါင်းတပ်များက  တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီလက်နက်ကိုင်  ၁၁ ဦးသေဆုံးခဲ့ကြောင်း တိုက်ခဲ့မှုတွင်ပါဝင်ခဲ့သည့် စစ် ကြောင်းတာဝန်ခံတစ်ဦးက ဆိုသည်။

ဒုတပ်ကြပ်တစ်ဦး၏ ဇနီး၊ ရဲမှူးတစ်ဦးနှင့် ဒုရဲအုပ်တစ်ဦးအပါအဝင် စုစုပေါင်း ၈ ဦးကို ဖမ်းခေါ်ခဲ့သည်ဟု  သိရသည်။

“စစ်သားတွေရော ရဲတွေရော ၁၁ ယောက်ရှိမယ် အကျအဆုံးစာရင်းက။ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၁ ဦး ကျတယ်” ဟု  ကုန်သွယ်ရေးဇုန်တိုက်ပွဲတွင် ပူးပေါင်းတပ်ဖွဲ့တွင်ပါဝင်ခဲ့သည့် စစ်ကြောင်း တာဝန်ခံတစ်ဦးက Myanmar Now ကို ယမန်နေ့ (မတ်လ ၂၇ ရက်နေ့) ညက ပြော သည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် AK ၇ လက်၊ G3 ၇ လက်၊ UZI ၁ လက်၊ AK စက်လက် ၁ လက်၊ ပစ္စတိုသေနတ် ၁ လက် ပါဝင်သည်ဟု  သူက ဆက်ပြောသည်။

စစ်ကောင်စီကမူ အဆိုပါ အချက်အလက်များနှင့်ပတ်သက်၍ သတင်းအမှောင်ချထားပြီး ကုန်သွယ်ရေး စခန်းအတွင်းရှိ X-ray စက်များ မီးရှို့ဖျက်ဆီးခံရကြောင်းသာ   ပြောဆိုထားသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်ကို ဝင်ရောက်တိုက်ခိုက်မှုကို  KNLA နှင့် လက်အောက်ခံပူးပေါင်းတပ်များဖြစ်သည့် ကော်ဘရာစစ်ကြောင်း၊ ကျား သစ်နက်စစ်ကြောင်းနှင့် Federal Wings နှင့် Eagle ဒရုန်းတပ်ဖွဲ့ နှစ်ဖွဲ့တို့ ပါဝင်ခဲ့ကြသည်။

ထိုင်း မြန်မာနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်အပါအဝင် အာရှလမ်းမနှင့်နီးစပ်သည့် ကော့ကရိတ်၊ ကျုံဒိုးဒေသများတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၂ ရက်နေ့ကမှ ပြန်လည်ဖွင့်လှစ်ခဲ့သည့် မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကို မတ်လ ၂၅ ရက်နေ့တွင် နာရီပိုင်းမျှ ပိတ်ခဲ့ရသည်။

သို့သော် ယမန်နေ့ (မတ်လ ၂၇ ရက်) နေ့အထိ အမှတ် (၁) ချစ်ကြည်ရေးတံတား ထိုင်းနိုင်ငံဘက်အခြမ်း တွင် ထိုင်းရဲတပ်ဖွဲ့က လုံခြုံရေးယူစောင့်ကြပ်နေဆဲဖြစ်သည်။ myanmar now

ဂျပန်အာဏာရပါတီကို မြန်မာနိုင်ငံသားများ ဆန္ဒပြ

ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌ ဝါတာနာဘေးမှတဆင့် စစ်ကောင်စီက ပေးအပ်တဲ့ဘွဲ့ကို လက်ခံခဲ့တဲ့ လက်ရှိ ဂျပန်အာဏာရပါတီလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ် ဟောင်း မစ္စတာ Taro Aso အနေနဲ့ မြန်မာစစ်ကောင်စီအား  အားပေးပတ်သက်နေမှုကို တာဝန်ယူဖြေရှင်းပေးဖို့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက တိုကျိုမြို့ နခတချိုရှိ LDP  ပါတီရုံးကို ဒီနေ့ သွားရောက်ဆန္ဒပြခဲ့ကြပါတယ်။

အကြမ်းဖက်စစ်ကောင်စီကပေးတဲ့ဘွဲ့ကို ဂျပန်အာဏာရပါတီ ထိပ်တန်းခေါင်းဆောင် ဝန်ကြီး ချုပ်ဟောင်းက လက်ခံရယူခဲ့တာက မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ခေါင်းဆောင်တွေကို အားပေးလက်ခံတဲ့ သဘောဖြစ်နေတာကြောင့် ‌အခုလို လာရောက်ဆန္ဒပြရတာလို့ မသီရိသစ္စာက ဒီဗွီဘီကို ပြောပါတယ်။

ဆန္ဒပြပွဲကို ဂျပန်ရောက် မြန်မာနိုင်ငံသားများသာမက မြန်မာ့နွေဦးတော်လှန်ရေးကို အားပေးနေတဲ့ ဂျပန်လူမျိုးတွေပါ လာရောက်ပူးပေါင်းခဲ့ကြပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကို အမြဲအားပေးကူညီနေသူ ဂျပန်လူမျိုး ဥပဒေအကျိုးဆောင်မစ္စတာ Kumazawa က “ပါတီထိပ်တန်းခေါင်း ဆောင်တဦးက အခုလို အကြမ်းဖက်စစ်ကောင်စီက ပေးတဲ့ဘွဲ့ကို လက်ခံတာက ဂျပန်လူမျိုးတဦးအနေနဲ့ ရှက်မိပါတယ်။ ဂျပန်ပြည်သူတွေက အာဏာသိမ်းစစ်ကောင်စီကို လက်မခံဘူး၊ နောက်ပြီး လက်ရှိမြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးနေကြောင်း ပြသချင်လို့ ဒီနေ့ အခုလို ဂျပန်အာဏာရပါတီလစ်ဘရယ်ဒီမိုကရက်တစ်ပါတီကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေနဲ့အတူ လာရောက်ပူးပေါင်းဆန္ဒပြတာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

LDP ပါတီရဲ့ ဥက္ကဋ္ဌဖြစ်သူ လက်ရှိဝန်ကြီးချုပ် မစ္စတာ Fumio Kishida အနေနဲ့  မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင် စီရဲ့ဘွဲ့ကို လက်ခံခဲ့တဲ့အပေါ် ဖြေရှင်းပေးဖို့၊ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားကို သေချာနားထောင်ပေးဖို့ ရေးသားထား တဲ့ တောင်းဆိုစာကိုလည်း တိုကျိုမြို့ နခတချို မှာရှိတဲ့ LDP ပါတီရုံး တာဝန်ခံမှတဆင့် ပေးအပ်ခဲ့ပါတယ်။

မစ္စတာဝါတာနာဘေးဟာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း အနည်းဆုံး ၄ ကြိမ်မက စစ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့ပြီး ပြီးခဲ့တဲ့ ဖေ ဖော်ဝါရီ ၂၁ ရက်နေ့က စစ်ကောင်စီရဲ့ ဆုဘွဲ့တံဆိပ်ကို နေပြည်တော်အထိလာယူခဲ့ပြီး ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Taro Aso အတွက်ပါ လက်ခံယူဆောင်ခဲ့တာဖြစ်ပါတယ်။ DVB

NLD ပါတီ နှင့် SNLD ပါတီ အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီ လက် အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေ ညာ

NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ) နှင့် SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီပါတီ) အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယနေ့ မတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ပြန်လည်လျှောက်ထားခြင်းမပြုသည့်အတွက် ဖျက်သိမ်းကြောင်း တစ်ဖက်သတ်ကြေညာခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီအဖြစ် ပြန်လည်လျှောက်ထားသည့် ပါတီ ၅၁ ပါတီရှိကြောင်း၊ NLD ပါတီအနှင့် အတူ တိုင်းရင်းသားပါတီများထဲတွင် အကြီးဆုံးတိုင်းရင်းသားလူနည်းစုပါတီတစ်ခုဖြစ်သည့် SNLD အပါအဝင် ပါတီ ၄၀ က ပြန်လည် လျှောက်ထားခြင်းမရှိသည့်အတွက် မတ်လ ၂၉ ရက်နေ့မှ စ၍ ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက် စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာ MRTV တွင် ကြေညာခဲ့ခြင်းဖြစ်သည်။khit thit

သပိတ်ကျင်းတွင် အာဏာသိမ်းတပ်  ၃ ကြိမ် တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီတပ်ကို   ယမန်နေ့ (မတ် ၂၇) က နေရာ သုံးခုတွင်  တိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) ထံမှ သိရသည်။

ကချင်ပြည်နယ်အခြေစိုက်တပ်များထံမှ ပြန်လာသည့် ၄၁ စီးပါ စစ်ယာဉ်တန်းကို တကောင်းတိုက်နယ် အတွင်း လုံခြုံရေးလာယူပေးနေသော စစ်သားများ တိုက်ခိုက်ခံရခြင်းဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်း ကား ၃ စီးဖြင့် ရောက်လာသော အင်အား ၅၀ ခန့်ရှိ စစ်သားများကို သပိတ်ကျင်းမြို့နယ်အဝင် နောင်လုံသံတံတားအနီး မိုင်းဆွဲတိုက်ခိုက်ပြီး  လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ရာ စစ်သား ၄ ဦး သေဆုံးသည်ဟု တိုက်နယ်ပကဖ တာဝန်ရှိသူ ဗိုလ်ကောင်းဆိုသူက ပြောသည်။

“ကချင်ထဲကို ထောက်ပို့သွားတဲ့ ယာဉ်တန်းက အခု ကျောက်စိမ်းတွေသယ်ပြီး ပြန်ဆင်းလာတာ၊ ထီးချိုင့် ရောက်နေပြီ၊ အဲ့ဒီယာဉ်တန်းကို လုံခြုံရေးပေးဖို့ တကောင်းထဲကနေ ထွက်ပြီး မိုင်းရှင်းတာ၊ လမ်းဘေးဝဲယာက တောတွေကို ရှင်းလင်းတာတွေလုပ်တဲ့အချိန် တိုက်ခိုက်ခဲ့တာ” ဟု သူက ပြောသည်။

ထို့နောက် တကောင်းတိုက်နယ် ပေါ်တော်မူဘုရားဝင်းအနီး မိုင်းလာရှင်းသည့် အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို ကြိုတင်ထောင် ထားသည့် မိုင်း ၉ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊  စစ်သား ၈ ဦးခန့် သေသည်ဟု ပူးပေါင်းဆောင်ရွက်ခဲ့သည့် တကောင်း ပကဖနှင့် လျှပ် စီးပြောက်ကျားအဖွဲ့ တို့ထံမှ သိရကြောင်း သူက ဆိုသည်။

“ကျွန်တော်တို့ရဲ့ သတင်းထောက်တွေ ရှိတယ်၊ နေရာတွေ ဖြန့်ခွဲထားတာပေါ့။ သူတို့က သူတို့မြင်တာကို ပြန်ပြောပြတာ။ တိုက်ခိုက်မှုအချက် အလက်တွေကို သူတို့က ပြန်သတင်းပို့တာကနေ သိရတာပါ” ဟု သူက ပြောသည်။

ထိုအချိန်တွင်  တကောင်းမြို့တွင်းမှ စစ်ကူလာသည့် ကား ၃ စီးကို ပေါက်တောချောင်းအနီး ပကဖအဖွဲ့ က တိုက်ခိုက်ခဲ့ရာ ကား ၁ စီး မိုင်း တိုက်ရိုက်ထိမှန်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၆ ဦးခန့် သေဆုံးသည်ဟု တိုက်နယ်ပကဖတာဝန်ရှိသူ အထက်ပါအမျိုးသားက ဆက်ပြောသည်။

အခြားကား ၂ စီးပေါ်မှ စစ်သားများက တိုက်ခိုက်မှု ဖြစ်ပွားသည့် ပတ်ဝန်းကျင်ကို ပစ်ခတ်ခဲ့ပြီး  ထိုနေရာအနီးရှိ ဆင်ညှပ်ကုန်းကျေးရွာမှ အိမ်တစ်လုံးကို မီးရှို့သွားကြောင်း သိရသည်။

တကောင်းတိုက်နယ်ပကဖ ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် စစ်သားများလိုက်ပါလာသည့် နောက်ခန်း အမိုးပွင့် Double Cub ကားများ မိုင်းဆွဲခံရစဉ် တစ်စီး မိုင်းထိမှန်သွားသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများကို Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသလို၊ စစ်ကောင်စီတပ်ကလည်း ၎င်းတို့၏ ထိခိုက်မှုများကို ထုတ်ပြန်လေ့ မရှိပေ။

မန္တလေးမြို့မြောက်ဘက်တွင်ရှိသည့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် ထီးချိုင့်၊ ကသာ၊ ကောလင်းနှင့် ကချင်ပြည်နယ်အတွင်း ကုန်းလမ်း အသုံးပြုကာ မန္တလေးမြို့ဘက်မှ သွားသည့် စစ်ကောင်စီယာဉ်တန်းများကို ကြားဖြတ်တိုက်ခိုက်နေသည်။

မတ်လ ၁၀ ရက်နေ့က မန္တလေးမြို့မှ ထွက်ခွာသွားသည့် အဆိုပါ ၄၁ စီးပါ ယာဉ်တန်းသည် ကချင်ပြည်နယ်သို့ ရောက်ရှိပြီးနောက် ပြန်ဆင်းလာ ရာ ယမန်နေ့ (မတ် ၂၇) တွင် ထီးချိုင့်မြို့၌ ရောက်ရှိနေပြီး သပိတ်ကျင်းမြို့နယ်၊ တကောင်းတိုက်နယ်အတွင်း ဖြတ်သန်းသွားရန် ပြင်ဆင်နေကြောင်း သိရသည်။myanmar now

ကျိုက်ထိုတွင် စစ်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ခြံလုပ်သား ၂ ဦးသေဆုံး၊ ၅ ဦးဒဏ် ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မဲရုံလေးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် ဒေသခံခြံလုပ်သား ၂ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မနေ့ မတ် ၂၇ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ မရမ်းချောင်းအမြဲတမ်း စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က အဲဒီနေ့ ည ၇ နာရီအချိန်လောက်မှာ မဲရုံလေးကျေးရွာထဲကို လက်နက်ကြီး ၁၀ ချက်ထက်မနည်း ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မဲရုံကျေးရွာရှိ စိုက်ပျိုးရေးခြံတခုထဲ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံခြံလုပ်သား အသက် ၂၂ နှစ်အရွယ် မောင်လျှံထက်အောင် အခင်းဖြစ်ရာ နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ပြောပါတယ်။

အဲဒီနောက် ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံခြံလုပ်သား ၆ ဦးကို ကျိုက်ထိုမြို့နယ်ဆေးရုံ ပို့ဆောင်စဉ် အသက် ၂၄ နှစ်အရွယ် စောနောင် ဟာ ဆေးရုံမှာပဲ ထပ်မံ သေဆုံးသွားခဲ့ပါတယ်။

လက်ရှိမှာတော့ လက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရရှိထားတဲ့ ဒေသခံတွေကို ကျိုက်ထိုမြို့နယ်နဲ့ သထုံခရိုင်ပြည်သူ့ဆေးရုံတွေကို ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်ကောင်စီတပ်က ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ မဲရုံလေးကျေးရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေထဲမှာ ပါဝင်ပြီး ကရင်လူမျိုးအများဆုံး နေထိုင်တဲ့ ကျေးရွာ တစ်ခု ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်နယ်မြေတွေ ဖြစ်တဲ့ ကျိုက်ထို၊သထုံ၊ဘားအံနဲ့ ဘီးလင်းမြို့နယ်တို့မှာတော့ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၇ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရှိထားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။DVB

ဘုတ်ပြင်းမြို့နယ် ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦး ပစ်သတ်ခံရ

နိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ မသေရွာအုပ်စု၊ ဝါးကျွန်းရွာတွင် ယမနေ့( မတ် ၂၇) ညပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က နေအိမ်အတွင်းဝင်ရောက်စီးနင်းကာ ပစ်သတ်ခဲ့ကြောင်း သိရသည်။

ကပ္ပလီပင်လယ်အနီးရှိ ဘုတ်ပြင်းနှင့် ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ခုပူးပေါင်းကာ အလစ်အငိုက်ဝင်ရောက်စီးနင်းစဉ် ပြည်သူ့စစ် ၈ ဦးအနက် ခေါင်းဆောင်ဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဦးမောင်မောင်နှင့် ၄၉ နှစ်အရွယ် ဒုခေါင်းဆောင် ဦးဌေးနိုင်တို့ကို ပစ်သတ်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

“တာဝန်ရှိတဲ့၊ ဆိုးဆိုးရွားရွား နာမည်ထွက်နေတဲ့၊ ပြည်သူက တိုင်ထားတယ့် လူနှစ်ယောက်ကိုပဲ ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ စည်းမျည်းစည်းကမ်းအရ ရှင်းလင်းလိုက်ခြင်းဖြစ်တယ်” ဟု ပြောသည်။

ကျန် ၆ ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ဝါးကျွန်းကျေးရွာအတွင်းမှ ထွက်ခွာရန်၊ စစ်ကောင်စီနှင့် ပူပေါင်းသည့် လုပ်ရပ်များကိုရပ်တန့်ရန်၊ လူထုကို မခြိမ်းခြောက်ရန်ပြောဆိုခဲ့သည်ဟု ၎င်းကဆိုသည်။ ထိုပြည်သူ့စစ်များထံမှ AK47 မောင်းပြန်ရိုင်ဖယ် ၄ လက်၊ M16 ၁ လက်၊ ကျည်ဘောက်၊ ကျည်ဆံနှင့် လက်ပစ်ဗုံးများ သိမ်းဆည်းရမိကြောင်း ၎င်းက ဆိုသည်။

ကောင်းသောင်းခရိုင်အတွင်းတည်ရှိသည့် ဘုတ်ပြင်းမြို့နယ်တွင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေလက်ထက်ကတည်းက ပြည် သူ့စစ်အဖွဲ့များအမာခံဖွဲ့စည်းပြီး လက်နက်များတပ်ဆင်ပေးခဲ့ရာ တစ်ကြော့ပြန်အာဏာသိမ်းသည့် စစ်ကောင်စီလက်ထက်အထိ လှုပ် ရှားမှုအားကောင်းနေသည်။

ထို့အပြင် စစ်ကောင်စီဖွဲ့စည်းထားသည့် ပျူစောထီးလက်နက်ကိုင်များလည်းရှိနေပြီး လူအင်အားစုကာ စစ်ပညာသင်ကြားမှုများလည်းတွေ့ရသည်ဟု ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ကလည်း ကော့သောင်းမြို့နယ်၊ မာရမ်းကျေးရွာမှ ပျူစောထီးအဖွဲ့ ဒုခေါင်းဆောင် ဦးဆန်းတင်ကို ကောင့်သောင်းမြို့ နယ် ပကဖက နေအိမ်အတွင်းဝင်ရောက်ပစ်သတ်ခဲ့ပြီး M16 သေနတ် နှစ်လက်နှစ်လက်သိမ်းဆည်းခဲ့သည်။

ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ ကော့သောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ပြီး ဒေသခံရာနှင့်ချီစစ်ရှောင်ခဲ့ရကြောင်း ကော့သောင်းမြို့နယ် ဒေသခံတစ်ဦးးက ပြောသည်။

ကော့သောင်းမြို့နယ် ဝိုင်ဒင်းရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ ယာယီစခန်းကို မတ်လ ၄ ရက်က စစ်ကောင်စီက တိုက်ခိုက်ခဲ့ရာ ကော့သောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဦးသက်နိုင် သေဆုံးသွားခဲ့သည်။

နိုင်ငံတစ်ဝန်း စစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်ရာတွင် တနင်္သာရီတိုင်းသည်လည်း အားကောင်းသည့် ဒေသတစ်ခုဖြစ်ပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်း ခရိုင်သုံးခုတွင် ဒေသခံကာကွယ်ရေးအဖွဲ့များ လှုပ်ရှားနေသည်။myamar now

စစ်ကောင်စီနှင့် အပစ်ရပ် ၇ ဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ဟာ ဒီနေ့ မတ် ၂၈ ရက်နေ့က နေပြည်တော်မှာ အလွတ်သဘောတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ အပစ်ရပ် ၇ ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီတွေ့ဆုံပွဲကို အပစ်ရပ် ၇ ဖွဲ့က  အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း(RCSS)၊ ဒုတိယခေါင်းဆောင်တွေဖြစ်တဲ့ စောမြရာဇာလင်း (ALP)၊ နိုင်အောင်မငေး (NMSP) အပါအဝင် အဖွဲ့ဝင် ၅ ဦးနဲ့ အထောက်အကူပြု ကိုယ်စားလှယ် ၅ ဦး၊ စုစုပေါင်း ၁၂ ဦး တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ဦးအဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့တာပါ။

တွေ့ဆုံပွဲမှာ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေး ညှိနှိုင်းရေးအဖွဲ့က သက်ဆိုင်သူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု အခင်းအကျင်းတရပ်ပေါ်ပေါက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်နဲ့ ဖက်ဒရယ်အခြေခံမူတွေ စတဲ့ အကြောင်းအရာတွေ တင်ပြဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်ကတော့ ဒီတွေ့ဆုံမှုဟာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကနဦး ကြိုးပမ်းမှု ဖြစ်ပြီး ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့ လုပ်ဆောင်တာလို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီနဲ့ အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ဟာ ဒုတိယနေ့အဖြစ် လာမယ့် မတ် ၂၉ ရက်နေ့မှာ ထပ်မံဆွေးနွေးသွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောဆွေးနွေးမယ့် အပစ်ရပ် EAOs ၇ ဖွဲ့ထဲမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ပါတယ်။

ဒီအပစ်ရပ် ၇ ဖွဲ့ဟာ စစ်ကောင်စီ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၃ ကြိမ်တိုင် တက်ရောက် ဆွေးနွေးထားတဲ့ တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့တွေ ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲ တကြိမ်မှ ဖြစ်ပွားထားခြင်း မရှိပါဘူး။DVB

ဒီမော့ဆိုမြို့နယ် ဒေါတမကြီးတွင်အထိနာသည့်စစ်တပ် အင်အားထပ်ဖြည့်

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင်  အထိနာသွားသော စစ်ကောင်စီတပ်က  တိုက်ပွဲဖြစ်သည့်  ဒေသတွင်  အင်အားဖြည့်တင်းကာ ကင်းထောက်လေယာဉ်များလည်း လာရောက် ထောက်လှမ်းနေသည်ဟု ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ (KMIC) ၏ ပြောရေးဆိုခွင့်ရှိသူ ခူးညေးရယ်က ပြောသည်။

မတ်လ ၂၀ မှ ၂၃ ရက်နေ့အထိ ဒေါတမကြီးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၉၀ ကျော် သေဆုံး၊ ၅၀ကျော် ဒဏ်ရာရကြောင်း က ရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က မတ် ၂၅ တွင်သတင်းထုတ်ပြန်သည်။ သိမ်းဆည်းရမိသည့် လက်နက်များ၏ မှတ်တမ်းဓာတ်ပုံလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

တိုက်ပွဲအပြီး ရွာမြောက်ဘက် မိုင် ၂၀ ခန့်အကွာ တနီးလာလဲကျေးရွာတွင် စစ်အင်အားဖြည့်ကာ ကင်းထောက်နေသည်ဟု ခူးညေးရယ်က မတ် လ ၂၆ ရက်တွင် Myanmar Now ကို ပြောသည်။

“(အင်အား) ဘယ်လောက်လဲတော့ မသိဘူး ရွာထဲမှာပဲ ရှိတုန်းဆိုတော့။ သူတို့က (တပ်ရင်း) ၃ ရင်း ၁ ဗျူဟာနဲ့ လှုပ်ရှားတော့ မြောက်ဘက်(တနီးလာလဲ)ကလည်း အနည်းဆုံး သုံးရင်းရှိမှာပဲ” ဟု ခူးညေးရယ်ကပြောသည်။

စစ်ကောင်စီတပ်သည် မတ်လ ၈ ရက်မှစ၍ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းသို့ ရှမ်းပြည်နယ် မိုင်းနောင်မြို့အခြေစိုက်အမှတ် ၂ စစ်ဆင်ရေးကွပ် ကဲမှုဌာနချုပ်လက်အောက်ရှိ ခလရ (၁၂)၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တို့မှ စစ်သည်အင်အား ၃၃၀ ခန့် စစ်ကြောင်းထိုး​နေခြင်းဖြစ်သည်။

ထို့နောက် မတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် တိုက်ပွဲများဖြစ်ကာ သေဆုံးမှု များပြားခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ကောင်စီတပ်သားများ ထိုတိုက်ပွဲဖြစ်သည့် နေရာအနီးတွင် ဆက်လက်လှုပ်ရှားနေဆဲဖြစ်သည်ဟုလည်း  အမည်မဖော်လိုသည့် KNDF ပြန်ကြားရေးတာဝန်ရှိသူ တစ်ဦးကပြောသည်။

“စစ်ကောင်စီစစ်ကြောင်းတွေကတော့ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာအနီးဝန်းကျင်မှာပဲ ရှိနေတုန်းပါခင်ဗျ။ သူတို့ကတော့ ဒီးမော့ဆို အရှေ့ခြမ်းကို အပြီးချေမှုန်းမယ့် ရည်မှန်းချက်ရှိပုံရပါတယ်” ဟု သူက ပြောသည်။

ယနေ့ မတ်လ ၂၈ ရက်တွင်မူ တိုက်ပွဲများဖြစ်ပွားခြင်းမရှိဟု မွန်းလွဲပိုင်း စုံစမ်းမေးမြန်းချက်အရ သိရသည်။

ခူးညေးရယ်၏ အဆိုအရ ဒီးမော့ဆို အရှေ့ဘက်ခြမ်းရှိ တနီးလာလဲ၊ ထီးသဲကလိုး၊ ဒေါလော်ခူ၊ ဒေါတဖျရွာသစ်၊ ဒေါကော့၊ ဒေါတမကြီး၊ ဒေါညေးခူ စသည့်ကျေးရွာများမှ လူဦးရေ ၇၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

လူထုတွေ စစ်ဘေးရှောင်ရတာ တော်တော်လေး ဒုက္ခရောက်နေပြီပေါ့။ အခုဆိုရင် ရေရှားပါးတဲ့ရာသီဖြစ်တယ်။ ဆေးဝါးတွေလိုမယ် ရိက္ခာလိုမယ် နေရာထိုင်ခင်းအတွက် အမိုးအကာတော့ အမြဲတမ်းလိုပါတယ်။ တစ်နေရာနဲ့တစ်နေရာဆက်ဆက်ရွှေ့နေရတော့ အခက်အခဲတော့ တော်တော်ဖြစ်တာပေါ့” ဟု ခူးညေးရယ်ကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့တွင် စစ်ဘေးရှောင် ၂၅၀၀၀၀ အထိ ရှိလာကြောင်းကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှ သိရသည်။

ဒီးမော့ဆို အရှေ့ခြမ်းအပြင် ရှားတော၊ ဘောလခဲနှင့် မယ်စဲ့မြို့နယ်တို့ရှိ ထိုင်းနယ်စပ်အနီးတွင်လည်း စစ်ကောင်စီရှေ့တန်းစခန်းများကို ရိက္ခာပို့သည့် စစ်ကြောင်းများ လှုပ်ရှားလျက်ရှိသည်။ ကယားပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင်လည်း ဖေဖော်ဝါရီ လကုန်ပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေသည်။

ဒေါတမကြီးတိုက်ပွဲနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။ အာဏာသိမ်းတပ်ခေါင်းဆောင်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ယင်းတို့အား ကူညီပံ့ပိုးပေးနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ပြတ်ပြတ်သားသား အရေးယူမည်ဟု မတ် လ ၂၇ ရက်တွင် ပြောသည်။

အာဏာသိမ်းတပ်က လက်တုံ့ပြန်ဖွယ်ရှိသည်ဟု  ခူးညေးရယ်ကပြောသည်။

“သူတို့ကလည်း အဲဒီဘက်ကို မဲပြီးထိုးလာတယ်ဆိုတာက စစ်ဘေးရှောင်တွေများတယ်၊ စစ်ဘေးရှောင်ရှိတဲ့နေရာမှာ ကျွန်တော်တို့ တော် လှန်ရေးအင်အားစုတွေ ရှိနိုင်တယ်ဆိုတဲ့ အနေအထားမှာ အဲဒီခွင်ကို သဲကြီးမဲကြီး ထိုးလာတော့ ကျွန်တော်တို့ဘက်ကလည်း ခုခံရမှာပဲပေါ့” ဟု ခူးညေးရယ်ကပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်တို့တွင် စစ်ဘေးရှောင် ၂၅၀,၀၀၀ အထိ ရှိလာကြောင်းကရင်နီလူ့အခွင့်အရေးအဖွဲ့ (KHRG) ထံမှ သိရသည်။

ဒီးမော့ဆို အရှေ့ခြမ်းတွင်သာမက ရှားတော၊ ဘောလခဲနှင့် မယ်စဲ့မြို့နယ်တို့ရှိ ထိုင်းနယ်စပ်နှင့် နီးစပ်သည့် နေရာများတွင်လည်း   စစ်ကောင်စီရှေ့တန်းစခန်းများကို ရိက္ခာပို့သည့် စစ်ကြောင်းများ လှုပ်ရှားလျက်ရှိသည်။

တိုက်ပွဲများမှာ ကယားပြည်နယ်နှင့် နယ်နိမိတ်ထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တွင်လည်း ဖေဖော် ဝါရီ လကုန်ပိုင်းမှစ၍ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။myanmar now

ကျိုက်ထို၊ ပုလောနှင့် ကလေးမြို့နယ်တို့၌ စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အရပ်သားများ သေဆုံး ဒဏ်ရာရ

မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ မတ် ၂၇ ရက် ည ၈ နာရီလောက်က စစ်ကောင်စီအခြေစိုက် ဘိုက္ကားတပ်စခန်း  တပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်လို့ အရပ်သား ၂ ယောက် သေဆုံးခဲ့သလို တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် မဲရုံးလေးနား ကျောက်ပုံရွှေလုပ်ကွက်မှာ လုပ်ကိုင်နေကြချိန်မှာ လက်နက်ကြီးကျည် ကျပေါက်ကွဲမှုကြောင့် ဒေသခံ ၆ ယောက် ထိမှန်ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကျန်တယောက်က စိုးရိမ်ရတယ်လို့ ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

ဘိုကားကျေးရွာမှ စောနောင် (၂၄ နှစ်)၊ ကွင်းကလေးကျေးရွာမှ လျှံထက်အောင် (၂၂ နှစ်) တို့ သေဆုံးပြီး  စိုးရိမ်ရအခြေအနေဒဏ်ရာရရှိတဲ့ ဦးဝင်းဌေးကိုတော့ သထုံဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီမှ ညတိုင်းနီးပါး လက်နက်ကြီးပစ်ခတ်နေမှုကြောင့်  မတ် ၂၀ ရက်နေ့ကလည်း ကရဝေးဆိပ် ရွာလယ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ၂ ဦး ပွဲချင်းပြီး သေဆုံးခဲ့ရသလို စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေး တိမ်း ရှောင်နေရပါတယ်။

စစ်ကောင်စီတပ်ဘက်က ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ မကြာခဏ တိုက်ခိုက်ခံရတာကြောင့် အထိနာ အကျအဆုံးများလာခဲ့တာကြောင့် လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံနေရပါတယ်။

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံ ၂ ယောက်ကို မတ် ၂၅ ရက်နေ့မှာ ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရ ပါတယ်။

နတ်အိမ်တောင်ရွားသားတွေဖြစ်တဲ့ အသက် ၄၂ နှစ်ရှိ ဦးတင်ဦး နဲ့ အသက် ၄၃ နှစ်ရှိ ကိုမျိုးမင်းသူတို့ ပစ်သတ်ခံခဲ့ရတာပါ။

ဒေသခံ တစဦးက “ကိုမျိုးမင်းသူဟာ ဆိုင်ကယ်နဲ့ ရွာထဲ ဝင်လာချိန် စစ်ကောင်စီတပ်သား တွေနဲ့ တိုးပြီး ပစ်သတ်ခံရတာပါ။ ကိုတင်းဦးက တော့ ဥယျာဉ်ထဲမှာ ပစ်သတ်ခံရတာပါ”လို့ ဆိုပါတယ်။

ပစ်သတ်ခံရတဲ့သူတွေဟာ သာမန်အရပ်သားတွေဖြစ်ကြပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်မှု မရှိဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ပုလောကုန်းကျေးရွာနားမှာ မတ် ၂၄ ရက်က စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားကြပြီး စစ်တပ်က ပုလောကုန်းကျေးရွာနားက နတ်အိမ်တောင်ရွာကိုလည်း မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ မတ် ၂၅ ရက်မှာလည်း ဆိုင်ကယ်မောင်းနှင်းလာတဲ့ ဒေသခံလူငယ် ၄ ယောက်ကို ကမ္မလိုင်းဂိတ်မှာ စစ်တပ်က သေ နတ် နဲ့ ပစ်ခတ်ခဲ့ရာ ၂ ယောက် သေဆုံးသွားတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ စစ်ကောင်စီလက်အောက်ခံ ကလေးမြို့တွင်းတပ်တွေကနေ မတ်လ ၂၇ ရက်က မြို့နယ်တဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ဟာ ကလေးနယ်အနောက်မြောက်ဘက်ဒေသ လက်ပံချောင်းကျေးရွာအတွင်းကို ၂ ကြိမ် ကျရောက်ပေါက်ကွဲပြီး ရွာအနီးတဝိုက်မှာ ၃ ကြိမ် ကျရောက်ပေါက်ကွဲခဲ့တာလို့ လက်ပံချောင်းရွာ ဒေသခံတဦးက ပြောပါတယ်။

“ရွာထဲမှာ ၂ ကြိမ်ကျတာ။ ပထမတကြိမ်က အမျိုးသမီးတဦး ခြေထောက်မှာ ထိမှန်ဒဏ်ရာရတာ။ ဒုတိယတကြိမ်ကတော့ C ရပ်ကွက်မှာ ကျတာ။ နေအိမ်ထိမှန်ပြီး နေအိမ်အနည်းငယ် ပျက်စီးသွားတယ်။ တရွာလုံးကတော့ ကြောက်လို့ အိမ်ထဲမှာပဲနေကြတာ။ အပြင်မထွက်ရဲကြဘူး။”

ကလေးမြို့ပြစစ်ဆင်ရေး Special Underground တပ်ဖွဲ့က မနက်ပိုင်းမှာ တောင်ဇလပ်ရပ်ကွက်ရှိ စသုံးလုံးရုံးကို တိုက်ခိုက်ခဲ့ပြီးနောက် ကလေးမြို့တွင်းမှာရှိတဲ့ စစ်တပ်တွေကနေ မြို့နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာပါ။

အဲ့ဒီနေ့ညနေပိုင်းမှာပဲ တောင်ဇလပ်ရပ်ကွက်ရှိ ဆည်မြောင်းရုံးမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးကို SUG အဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပါသေးတယ်။

မနှစ် ဒီဇင်ဘာလကလည်း စစ်ကောင်စီက ကလေးမြို့တွင်း စစ်တပ်ကနေ မြို့နယ်တဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်ပေါ် လက်နက်ကြီးကျရောက်ပြီး အဘွားအို ၂‌ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။DVB

« Older Entries